ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း
ကလေးငယ်လေးတွေကို ဘာကျွေးကြမလဲဆိုတာ သားသားမီးမီတို့ရဲ့မိဘတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို မေမေတွေ တော်တော် စဉ်းစားရတဲ့ အလုပ်တစ်ခုပါ။ ကလေးငယ်လေးတွေ အာဟာရပြည့်ဖို့ ကျန်းမာဖို့ အစားအစာ ဟာ အရေးကြီးမှန်း သိကြပါတယ်။
မှန်ကန်တဲ့ အစားအစာဟာ ကလေးတွေရဲ့
- စွမ်းအင်လိုအပ်ချက်ကို မျှတစေတယ်
- ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတယ်
- ခန္ဓာကိုယ်အလေးချိန်ကို မှန်ကန်စေတယ်
- စိတ်ပိုင်းဆိုင်ရာလည်း ပိုကျန်းမာစေပါတယ်။
အစားအစာကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး ကလေးတွေကို စားသုံးစေတာ တော်ရုံရောဂါ ဖျားနားတာတွေကို ကာကွယ်ပေးပါသေးတယ်။
ကလေးအသက် ၆လ အထိကတော့ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးပါနော်။ ရေတောင်မတိုက်ရပါဘူး။
အသက် ၆လ ကျော်ပြီး ဖြည့်စွက်စာ ကျွေးတော့မယ်ဆိုရင် ဒီ Tips လေးတွေ ထပ်စဉ်းစားပြီး အစားအစာကို ရွေးချယ်ကြည့်ပါ။
တစ်နေ့တာရဲ့အစ မနက်စာကနေ စပြင်ဆင်ရပါမယ်။ မနက်စာကို အသားဓာတ်(protein) များများပါတဲ့ အစားတွေကို စကျွေးပါ။ Protein များများပါတဲ့ အစာဟာ အဆာခံနိုင်သလို အားလည်းပြည့်စေပါတယ်။
နေ့လယ်စာတို့ ညစာတို့က အဓိကအစားအစာဖြစ်ကြောင်း ကလေးငယ်တွေသိပါစေ။ အချိန်မှန်မှန် နဲ့ သေချာ ထိုင်စားခိုင်းပါ။ နေ့လယ်စာ ညစာ စားချိန်တို့ နီးလာပြီးဆို တခြား သရေစာ ကျွေးတာတွေမလုပ်ပါနဲ့တော့။ ကလေးက ပြည့်အင်ပြီး မစားနိုင်တာတွေဖြစ်လို့ပါ။
ဈေးဝယ်ထွက်တဲ့အခါ ကလေးတွေကိုပါ ခေါ်ပြီး ဘယ်ဟာတွေက ပိုစားသင့်တယ်။ ဘယ်ဟာတွေကတော့ဖြင့် နည်းနည်းပဲ စားရမယ် ဈေးဝယ်ထွက်ရင်း တစ်ခါတည်း သင်ပေးပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြပြီး စားတဲ့အကျင့်ကို ကျင့်ယူပေးပါ။
ဥပမာ – ဆိုဒါအချိုရည်တွေ အစား ရေများများသောက်ဖို့တို့၊ မလိုင်ပြည့် နွားနို့အစား မလိုင်အဆီနည်းတဲ့ နွားနို့ စတာတွေ လေ့ကျင့်ပေးပါ။
အချို၊ အငန်၊ အဆီ စားသုံးတာတွေ ကန့်သတ်ထားပါ။ ငယ်ငယ်လေးကတည်းက သင်ကြားပေးမှ အရွယ်ရောက်လာတဲ့အခါ အချို၊ အငန်၊ အဆီ စားသုံးတာ ကျန်းမာရေးနဲ့ အညီ သုံးတတ်လာမှာ။ အချို၊ အငန်၊ အဆီတို့ကို ငယ်ငယ်ကတည်းက အများကြီးစားရင် မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
အသီးအနှံတွေများများစားဖို့ တိုက်တွန်းရပါမယ်။ အသီးအနှံတွေ များများကျွေးဖို့ဆို ပထမဆုံးအနေနဲ့ သရေစာ အချိုတွေ ကျွေးတာ လျော့ဖို့ပါပဲ။ အိမ်မှာ သရေစာ သကြားလုံး အချိုမှုန့်တို့ အစား သစ်သီးတွေ ထားပေးခြင်းက ကလေးငယ်တွေ ဗိုက်ဆာတဲ့အခါ အသီးအနှံတွေ များများစားစေမှာဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေရဲ့ ရှေ့ဆောင်စံပြအနေနဲ့ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်ဖို့လည်းလိုအပ်ပါတယ်။
ကလေးတွေ ကို ငယ်တဲ့ အရွယ်ကတည်းက အစားအစာမျိုးစုံကို စမ်းကျွေးကြည့်သင့်ပါတယ်။ ဒါသူကြိုက်တယ် ထင်လို့ ဒါတစ်မျိုးတည်း ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ စုံအောင်ကျွေးပါ။
အတင်းလည်း မကျွေးပါနဲ့။ ကလေးတွေ ဗိုက်ဝရင် တော်ပါပြီ။ ထမင်းပန်းကန် အပြောင်ရှင်းမှ ကျေနပ် တာမျိုးတွေ မဖြစ်ပါစေနဲ့။ ဒါပေမယ့်လည်း ကလေးက တကယ်ဗိုက်ဝတာလား ဂျီတိုက်တာလားတော့ပြန်စဉ်းစားရမယ်ပေါ့နော်။
TV ကြည့်ရင်း ရုပ်ရှင်ကြည့်ရင်း အစားစားတာ၊ ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ ကလေးငယ်တွေက စားတာထက် Screen ပေါ်ကို အာရုံပိုရောက်သွားပါမယ်။ပြီးတော့ သရေစာတွေကျွေးတဲ့အခါ သေချာ ပန်းကန်လေးနဲ့ ထည့်တာ၊ နေရာ သတ်သတ်မှတ်မှတ် ထိုင်ပြီး စားခိုင်းတာလုပ်ပါ။ ဒီတိုင်းအထုပ်က ဖောက်၊ တွေ့ရာနေရာစားနေရင် ကလေးက အကျင့်ပျက်သွားပါမယ်။