ကလေးတွေ အန်တယ်ဆိုတာမှာ အကြောင်းအရင်း အများကြီးရှိနိုင်ပါတယ်။
အစားများတာ၊ အစာမကြေတာ၊ စားလိုက်တဲ့ အစားအစာနဲ့ မတည့်တာ၊ မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် အစာအဆိပ်သင့်တာ စတာတွေကြောင့် အန်တတ်ပါတယ်။
ဒါ့အပြင် အသက်ရှုလမ်းကြောင်း ပိုးဝင်တာဖြစ်ဖြစ် ဆီးပိုးဝင်တာဖြစ်ဖြစ် အဖျားနဲ့တွဲပြီးတော့လဲ အန်တတ်ပါတယ်။
တစ်ခါတစ်လေ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်တာ၊ ဝမ်းပျက်တာ ဝမ်းကိုက်တာတွေကြောင့် အန်တာလဲ ရှိပါတယ်။
ကလေး အန်နေရင် မေမေ ဘာလုပ်ပေးရမလဲ?
- အန်တဲ့အခါ ရေဓာတ်ဆုံးရှုံးလို့ ကလေးကို အရည်များများ ပြန်တိုက်ပေးရပါမယ်။
- ဒါပေမယ့် အန်နေတဲ့အတွက် တစ်ခါတည်း အများကြီး မတိုက်ပါနဲ့။
- နည်းနည်းချင်းနဲ့ ခနခနတိုက်ပေးပါ။
- အရမ်းမာတဲ့ အစားအစာတွေ၊ ပျစ်တဲ့ စေးတဲ့ ကောက်ညှင်းလို အစားအစာတွေကျွေးရင် ပိုပြီး အန်လွယ်ပါတယ်။
- အဲဒါကြောင့် အဲဒီလို အစားအစာတွေ ရှောင်ပြီး ပျော့တဲ့ ကြေညက်လွယ်တဲ့ အစားအစာတွေ ရွေးကျွေးရပါမယ်။
- အရည်များများတိုက်ဖို့ကို မမေ့ပါနဲ့နော်။
အန်တာက ဘယ်အခါမှာ စိုးရိမ်ရလဲ?
ကလေးက ဆက်တိုက် ဆက်တိုက် အန်နေရင် ဘာအစာမှ ကျွေးလို့မရပဲ အန်နေတာဆိုရင် အဲဒီလို အခြေအနေတွေမှာ အရေးကြီးပါတယ်။
အန်တာတွေမှာ အစိမ်းရောင်ပါနေတာ၊ အဖျားကြီးပြီး အန်တာ၊ ဝမ်းချုပ် ဗိုက်ဖောင်းပြီး အန်နေတာ၊ ဒါမှမဟုတ် ဝမ်းအရမ်းသွားပြီး အန်နေတာတွေဆိုရင် စိုးရိမ်ရလို့ ဆရာဝန်နဲ့ ပြရပါမယ်နော်။