ကလေးများ သွားပေါက်နောက်ကျခြင်း
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်
အတွေ့အကြုံမရှိသေးတဲ့ ဖေဖေ မေမေတွေအတွက်တော့ ကိုယ့်ရဲ့ ရင်ထွေးလေးတွေ သွားပေါက်နောက်ကျနေရင်လည်း စိတ်ပူတတ်ကြပါတယ် ။
ကလေးတွေရဲ့ ပုံမှန်သွားပေါက်ချိန်ကို သေသေချာချာသိလို့ စိတ်ပူကြတာထက် ကိုယ့်ကလေး သူများကလေးတွေကို ယှဉ်ကြည့်ပြီး စိတ်ပူကြတာများပါတယ် ။ ဘယ်သူ့ကလေးကတော့ဖြင့် သွားဘယ်နှစ်ချောင်း ထွက်နေပြီ ငါတို့ကလေးက မထွက်သေးဘူး စသဖြင့်ပေါ့ ။
ဒါကြောင့် စိတ်ပူတတ်တဲ့ မိဘတွေအတွက် ကလေးတွေ သွားပေါက်နောက်ကျရတဲ့ အကြောင်းကိုပြောကြရအောင် ။
ကလေးရဲ့ အသက် (၁၈) လ အထိ သွားတစ်ချောင်းမှ မပေါက်သေးဘူးဆိုရင်တော့ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ကလေးကိုပြဖို့ လိုအပ်ပါမယ် ။
တချို့ ကလေးတွေအတွက် ပထမဆုံး သွားပေါက်ဖို့ အသက် (၄) လကနေ (၁၅) လ အတွင်းဟာ ပုံမှန်အချိန်ပါပဲ ။
ကလေးတော်တော်များများကတော့ ယေဘုယျအားဖြင့် ဒီလို အစဉ်လိုက် သွားပေါက်ကြပါတယ် ။
– အသက် (၁၁) လ မှာ သွား (၄) ချောင်း
– အသက် (၁၅) လ မှာ သွား (၈) ချောင်း
– အသက် (၁၉) လ မှာ သွား (၁၂) ချောင်း
– အသက် (၂၃) လ မှာ သွား (၁၆) ချောင်း
– အသက် (၂၇) လ မှာ သွား (၂၀) ချောင်း
ဒါပေမယ့် ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် သွားပေါက်တဲ့အချိန် တူမှာ မဟုတ်ပါဘူး ။ ကလေးတွေ စမွေးလာကတည်းက သူတို့မေးရိုးတွေထဲမှာ မပေါက်သေးတဲ့ သွားတွေလာပြီးဖြစ်ပါတယ် ။
ယေဘုယျအားဖြင့် ကလေးအသက် (၆) လ မှာ သွားစပေါက်ပါတယ် ။
ပထမဆုံး အောက်ရှေ့သွား (၂) ထွက်လာမှာဖြစ်ပါတယ် ။ မရှေးမနှောင်းမှာပဲ အပေါ်ရှေ့သွား (၄) ချောင်း ထွက်လာပါမယ် ။ ပြီးရင် အောက်ရှေ့သွား (၂) ချောင်း ထပ်ထွက်လာပါလိမ့်မယ် ။ ပြီးတော့ တစ်ချောင်းပြီး တစ်ချောင်းထွက်လာလိုက်တာ ကလေးအသက် (၃) နှစ်ခန့်မှာ ကလေးသွား အချောင်း (၂၀) စုံမှာ ဖြစ်ပါတယ် ။
ကလေးတွေ သွားပေါက်နောက်ကျတာဟာ အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ် ။
(၁) ကလေးတွေ သွားပေါက်နောက်ကျခြင်းဟာ မျိုးရိုးကြောင့်လည်းဖြစ်နိုင်ပါတယ်တဲ့ ။ ကလေးရဲ့ မေမေ သို့မဟုတ် ဖေဖေ ငယ်ငယ်က သွားပေါက်တာ နောက်ကျရင် ကလေးတွေမှာလည်း သွားပေါက်နောက်ကျနိုင်ပါတယ် ။
(၂) လမစေ့ပဲ မွေးတဲ့ကလေးတွေမှာလည်း သွားပေါက်တာ နောက်ကျတတ်ပါတယ် ။
(၃) မွေးတုန်းက ပေါင်ချိန်မပြည့်တဲ့ ကလေးတွေမှာလည်း သွားပေါက်နောက်ကျနိုင်ပါတယ် ။
(၄) အာဟာရပြည့်ဝစွာမရတဲ့ ကလေးတွေမှာလည်း သွားပေါက်နောက်ကျနိုင်ပါတယ် ။
(၅) ကာယ၊ ဉာဏ်ဏ ဖွံ့ဖြိုးမွုနောက်ကျတဲ့ ကလေးတွေ (Handicapped) မှာလည်း သွားပေါက်နောက်ကျတတ်ပါတယ် ။
သွားနှင့်ခံတွင်းကျန်းမာရေးရူ့ထောင့်က ကြည့်ရင် ကလေးတွေ သွားပေါက်နောက်ကျခြင်းဟာ ကလေးတွေအတွက် အန္တရယ်မရှိပါဘူး ။
သွားပေါက်တာနောက်ကျတဲ့ ကလေးတချို့တွေကတော့ သွားတွေ မညီမညာဖြစ်နိုင်ချေတော့ ရာခိုင်နွုန်းအနည်းငယ်ရှိတယ်လို့ လေ့လာသူတွေရေးထားတာ ဖတ်ရပါတယ် ။
ဒါကြောင့် ကလေးတွေ သွားပေါက်နောက်ကျတာဟာ စိုးရိမ်ဖို့မကောင်းပေမယ့် မိဘတွေ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ် ။
စိုးရိမ်နေတုန်းဆိုရင်တော့ ကလေးကို သွားဆေးခန်းခေါ်သွားပြီး သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးပေးပါဗျ ။
ကလေးတွေရဲ့ လူကြီးသွားတွေကတော့ ကလေးအသက် (၆) နှစ်မှာ စထွက်လာမှာ ဖြစ်ပါတယ် ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

Name | ဒေါက်တာမျိုးမြင့်အောင် |
---|---|
Degrees | B.D.S (MDY) |
Biography |
၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။ မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။ လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။ |
Topic |
|
Address |
|