ကလေးသူငယ်များအတွက် ကာကွယ်ဆေးထိုးပေးခြင်း၏အကျိုးကျေးဇူးများ
မိခင်၊ဖခင်တို့သည် ကလေးများကိုကာကွယ်ဆေးထိုးခြင်းနှင့် ပက်သက်ပြီး စိုးရိမ်ကြလေ့ရှိပါသည်။
ကလေးသူငယ်များကို မွေးကင်းစ အရွယ်မှစ၍ ၂လ, ၄လ, ၆လ, ၉လ နှင့် ၁၈လ စသည်အသီးသီး သူ့သတ်မှတ်ချိန်နှင့် ကာကွယ်ဆေးထိုးပေးကြပါသည်။ အချို့သော မိဘများအနေနှင့် ဘေးလူ အရပ်စကားတွေ နားယောင်ပြီးကာကွယ်ဆေးထိုးပေးခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူး များကို သတိမေ့ခြင်းများ ဖြစ်တတ် ပါသည်။
အချို့ကလေးသူငယ်တွေမှာ ကာကွယ်ဆေးထိုးပြီးကာစမှာကိုယ်ပူတာ၊အဖုအပိန့်အနည်းငယ်ဖြစ်ပွားခြင်း များ ရှိတတ်ပါသည်။ ကာကွယ်ဆေးထိုးပေးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများနှင့်ယှဉ်ပါက စိုးရိမ်စရာမလိုသော အခြေအနေများပဲဖြစ်ပါသည်။
ကလေးများအတွက်မိဘတို့လုပ်ပေးနိုင်သောအကောင်းတကာ့အကောင်းဆုံးလုပ်ရပ်မှာကာကွယ်ဆေးထိုး ပေးခြင်း ဖြစ်ပါသည်။
၁။ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါများကို အလွယ်တကူကာကွယ်ပေးနိုင်သည်။
ဆေးပညာတိုးတက်လာသည်နှင့်အမျှယခင်က ကလေးသူငယ်များစွာကိုသေစေနိုင်သော ရောဂါများနှင့် ကလေးသူငယ်များကို အန္တရာယ်ဖြစ်စေသော ရောဂါများကို ကာကွယ်ဆေးထိုးပေးရုံနှင့် ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် အချို့သောရောဂါများသည် ကာကွယ်ဆေးများ၏အကျိုးကျေးဇူးကြောင့် မရှိသလောက်ပျောက်ကွယ်ကုန်ပြီဖြစ်သည်။
ဥပမာ – ကျောက်ရောဂါ၊ ပိုလီယိုရောဂါ
ကာကွယ်ဆေးများသည် စိတ်ချရပါသည်။
ကာကွယ်ဆေးများသည် ကလေးများကို ထိုးပေးသည့်အဆင့်မရောက်ခင်ကပင် တတ်ကျွမ်းနားလည်သော ဆေးပညာရှင်များ၊ ဆေးဝါးပညာရှင်နှင့် သိပ္ပံပညာရှင်များ၏အဆင့်ဆင့်အထပ်ထပ် စစ်ဆေးစမ်းသပ်ပြီးမှ ရလာသော ဆေးဝါးများဖြစ်သည်။ ထိုကြောင့် ကာကွယ်ဆေးများနှင့် မတည့်ခြင်း၊ ကာကွယ်ဆေးကြောင့် ကလေးများ အန္တရာယ်ဖြစ်ခြင်းများသည် မရှိသလောက်ပင်ဖြစ်သည်။
၂။ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကိုယ်တိုင်မကဘဲ ဘေးအနီးပတ်ဝန်းကျင်ကိုပါ ရောဂါကာကွယ်ပေးနိုင် ပါသည်။
ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကိုယ်တိုင်ရောဂါကိုကာကွယ်ပြီးသားဖြစ်သည့်အပြင် အနီးဝန်းကျင်မှ ကာကွယ်ဆေးထိုး၍မရသော ကလေးများ(ဥပမာ – အသက်ငယ်လွန်းခြင်း၊ Leukemia ကဲ့သို့ ကိုယ်ခံအားနည်း ရောဂါများရှိခြင်း) ကိုပါ ရောဂါကာကွယ်ပေးသော အကျိုးကျေးဇူးရှိသည်။
၃။ ကာကွယ်ဆေးသည် မိသားစု၏အချိန်ကုန် ငွေကြေးကုန်ကျမှုများကိုပါကာကွယ်ပေးသည်။
အချို့ရောဂါများသည် ကလေးများကို နာတာရှည်ဝေဒနာသည်များအဖြစ် ဖြစ်စေသောအခါ မိသားစုအနေဖြင့် အချိန်ကုန် ငွေကုန်ခြင်းများဖြစ်ပေါ်စေသည်။ ကာကွယ်နိုင်သောရောဂါများကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါ မဖြစ်အောင် တားဆီးခြင်းသည် မိသားစုများစွာ၏ အချိန်နှင့် ငွေကြေး ကုန်ကျမှုများကို ကာကွယ်ပေးပါသေးသည်။
၄။ ကာကွယ်ဆေးသည် အနာဂါတ်မျိုးဆက်သစ်များကို ကာကွယ်ပေးပါသေးသည်။
ကာကွယ်ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေးမှရရှိသည့် အကျိုးကျေးဇူးများကြောင့် ယခင်မျိုးဆက်များ ခံစားခဲ့ရသော အလွန်အန္တရာယ်ကြီးသည့် ရောဂါများ၊ နာတာရှည်ရောဂါများကို လက်ရှိမျိုးဆက်တို့ ခံစားရန်မလိုအပ်တော့ပေ။ ထို့အတူပင် နောက်မျိုးဆက်များအနေနှင့် ယခုလက်ရှိမျိုးဆက်တို့ကြုံတွေ့ရသော ရောဂါများကို ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။
ဥပမာ – ကျောက်ရောဂါကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် ကျောက်ရောဂါအမြစ်ပြစ်ပျောက်ဆုံးသွားခြင်းဖြင့် နောက်မျိုးဆက်တွေအနေဖြင့် ကျောက်ရောဂါမကြုံတွေ့ရတော့ခြင်း။