ကလေးသူငယ်များ နှင့် Allergic Reaction ( ဓာတ်မတည့်ခြင်းကြောင့် အရေပြားမှ တုန့်ပြန်မှု )
Allergic Reaction လို့ပြောရင် ကလေးရော လူကြီးပါ အသက်အန္တရာယ်စိုးရိမ် ရတဲ့ အခြေအနေအထိ ကြုံနိုင်ပါတယ်။ ဓာတ်မတည့်ခြင်းကြောင့် အရေပြား ယားယံခြင်းက ကလေးငယ်လေး တော်တော် များများမှာ တွေ့ရတတ်ပါတယ်။
ဖြစ်နိုင်တဲ့ အကြောင်းအရင်းက လည်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ဆိုတော့ Allergy ဖြစ်နိုင်တဲ့၊ စိုးရိမ်ရနိုင်တဲ့ အခြေအနေ လေးကို နည်းနည်း လေ့လာကြည့်ရအောင် နော်။
နှင်းခူ (Eczema)
ကလေးတော်တော် များများ မှာလည်း အတွေ့ရ အများဆုံး အရေပြား ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရင်းကလည်း မျိုးစုံဖြစ်နိုင်ပါတယ်။ တစ်ချို့ က မျိုးရိုးလိုက်တာမျိုးဖြစ်ပြီး၊ တစ်ချို့ကတော့ အရေပြားပေါ်မှာ မတည့်တဲ့ ဖုန်မှုန့် ၊ အိမ်မွေး တိရစ္ဆာန် ရဲ့ အမွှေးတွေ ၊ ချွေးအရမ်းထွက် ခြင်း ၊ စတဲ့ အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်တာ မျိုး ဖြစ်ပြီးတော့ အရေပြား ပေါ်မှာ အနီကွက်တွေစပေါ်လာမှာ ဖြစ်ပါတယ်။
အဲ့ကနေ ယားလို့ ကုတ်ရင်း ကုတ်ရင်းက နေ အသားခြောက်သွားပြီး ဖြစ်တဲ့ ရောဂါ တစ်မျိူးဖြစ်လို့ ကလေး က ခဏ ခဏ ကုတ်နေရင် သေချာ ဂရုစိုက်ဖို့လိုပါမယ်နော်။ ဖေဖေ မေမေတို့ကလည်း ကိုယ့် ကလေးကို နှင်းခူ ရောဂါ မဖြစ်အောင် အထူးဂရုစိုက် ဖို့ လိုအပ်ပြီး စိတ်ထဲ သံသယရှိရင် ကလေးအထူးကု ဆရာဝန် (သို့) အရေပြားဆရာဝန် နဲ့ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ် နော်။
အစားအသောက် (Food Allergy)
တစ်ချို့ ကလေးတွေက မတည့်တဲ့ အစားအသောက်တွေ ရှိတယ်ဆို တာ ဖေဖေ မေမေ တို့ အနေ နဲ့ လုံးဝပေါ့ဆလို့ မရပါဘူးနော်။ အထူးသဖြင့် ကလေးငယ်လေးတွေမှာ အသက်သေဆုံးရလောက်အောင် ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ရှိတတ်လို့ ဒါမျိုးက မျက်စိတောက်ထောက် ကြည့်ပြီး မတည့်တဲ့ အစားအသောက်တွေကို လုံး၀ မကျွေးမိဖို့ နဲ့ ကျောင်းနေရွယ် ကလေးတွေ အတွက် ကျောင်းက ဆရာ၊ ဆရာမ တွေကို မှာကြားထားဖို့ လိုပါတယ် နော်။
Food allergy တွေထဲမှာ အဆိုးဆုံးတွေကတော့ မြေပဲ (peanut) , နို့ (milk) , ပင်လယ်စာ (seafood) allergy တို့ဘဲ ဖြစ်ကြပါတယ်။ Allergy ဖြစ်ပြီ ဆိုရင်လည်း စားနေတဲ့ အစာကို ချက်ချင်းရပ်ဖို့နဲ့ နီးစပ်ရာ ဆေးခန်းကို သွားဖို့လိုပါတယ် နော်။
တစ်ကိုယ်ရည် သန့်ရှင်းမှု (Personal Hygyiene)
ကလေးတစ်ယောက်က တစ်ကိုယ်ရည် သန့်ရှင်းဖို့က အက္ခရာ ကျပါတယ်။ ကလေးတွေက များသောအားဖြင့် ဆော့ရတာ ကို ခုံမင်ပြီး တော့ လက် သည်းတွေကြားမှာ အညစ်အကြေးတွေ ဝင်နေတတ်ပါတယ်။ အဲ့ အညစ်အကြေးတွေကနေ အရေပြားယားယံ ခြင်းမျိုးကို ဖြစ်စေနိုင်ပါတယ်။
နောက်တစ်ခုက ကလေးတွေက အဆော့များတော့ ချွေးလည်း အရမ်းထွက်ကြပါတယ်။ အဲ့ ချွေးကနေ တစ်ဆင့် မြိတ်ဖု၊ ယားနာဖုလေးတွေ ထပ်ထွက်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ကလေးငယ်လေးတွေ Allergy တွေ မရအောင် တစ်နေ့ တစ်ခါရေပုံမှန်ချိုးပေးဖို့ လိုအပ်ပြီး လက်သည်းခြေသည်းကို လည်း အမြဲ ညှပ်ပေးနိုင်ဖို့လိုပါတယ်။
ယားနာ ဖု တွေက နေ အနီအစက် အပျောက်လေးတွေ ၊ အရည်ကြည်ဘုတွေ ထွက်လာပြီဆိုရင်တော့ ဆရာဝန် နဲ့ ပြသဖို့ကို အချိန်မဆွဲပါနဲ့နော်။