မိခင်နို့ရည်ကို ဗူးနဲ့တိုက်ချင်တယ်ဆိုတဲ့ မေမေတွေ အတွက် ဘယ်လို နို့ဗူးကို ရွေးချယ်ဝယ်ယူရမလဲ..
ဘယ်လို အမျိုးအစားတွေရှိလဲဆိုတာ ပြောပြပေးချင်ပါတယ်။
နို့ဗူးဝယ်ယူတဲ့ အခါမှာ ပုလင်း နဲ့ နို့သီးခေါင်း (bottle and nipple) တွေကို ကြည့်ရပါတယ်။
ပုလင်း (Bottle) ရွေးချယ်ခြင်း
- ပုလင်းတွေမှာ ပုံမှန်အားဖြင့် ဖန်ပုလင်း၊ ပလတ်စတစ်ပုလင်းတွေ ရှိတတ်ပါတယ်။
- ဖန်ပုလင်းကတော့ ပိုမာပြီး လေးတဲ့အပြင် ကွဲအက်လွယ်တဲ့အတွက် ကလေးကိုယ်တိုင် ကိုင်သောက်စေမှာဆိုရင် သတိထားဖို့လိုပါတယ်။
- ပလတ်စတစ်ပုလင်းဆိုရင်တော့ BPA Free ဖြစ်တာကို သေချာမေးပြီး ဝယ်ယူဖို့လိုပါတယ်။
နို့သီးခေါင်း (Nipple) ရွေးချယ်ခြင်း
- ရာဘာနဲ့ ပြုလုပ်ထားတဲ့ နို့သီးခေါင်းတွေက ပျော့အိပါတယ်။ ဒါပေမယ့် နို့နံ့စွဲ ပြီး ကြာရှည် မခံပါဘူး။
- ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ နို့သီးခေါင်းဆိုရင်တော့ နည်းနည်းပိုမာပေမယ့် ဆေးရတာ ပိုလွယ်သလို ၁နှစ်လောက်အထိ ကြာရှည်ခံပါတယ်။
- ဘယ်လို နို့သီးခေါင်း အမျိုးအစားပဲဖြစ်ဖြစ် hole size ကို ရွေးချယ်ဖို့လိုပါတယ်။ နို့သီးခေါင်းမှာ အဓိကအရေးကြီးတာက အပေါက်ဝ အကျယ် (hole size) ပါ။
- များများစို့နိုင်တဲ့ ကလေးအတွက် Hole size သေးလွန်းရင် ကလေးက အားနဲ့စို့ရပြီး လေများများမြိုချမိနိုင်ပါတယ်။
- Hole size ကြီးလွန်းရင်လည်း ကလေးသောက်နိုင်တာထက် ပိုပြီးထွက်နေတာကြောင့် သီးနိုင်ပါတယ်။
- မွေးခါစကနေ ကလေးအသက် ၆ လအထိဆို နို့သီးခေါင်း အပေါက် အသေးဆုံး size 1 ရွေးချယ်လို့ရပါတယ်။ ကလေးအသက် ဒီထက်ပိုကြီးလာရင်တော့ Size 2, 3, 4 တွေ အသုံးပြုနိုင်ပါပြီ။
ဆေးကြောခြင်းနဲ့ အသစ်လဲလှယ်ခြင်း
- Bottle နှင့် nipple များကို ပထမဆုံးအကြိမ် အသုံးမပြုခင်မှာ ရေနွေး ဆပ်ပြာရည်တို့နဲ့ သန့်ရှင်းအောင် ဆေးကြောရပါမယ်။
- အသုံးပြု ပြီးတိုင်းလည်း ပြန်လည်ဆေးကြောပေးဖို့ လိုပါတယ်။
- ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း ရှိမရှိ နေ့စဉ်စစ်ဆေးပါ။ လိုအပ်ရင် အသစ်လဲပေးပါ။
- ကလေးအသက်ကြီးလာရင် nipple ကိုလည်း size အသေးကနေ အကြီးကို ပြောင်းလဲပေးဖို့လိုပါတယ်။
အခုလို နို့ဗူးရွေးချယ်ရာမှာ ဘယ်အမျိုးအစားက အကောင်းဆုံးဆိုတာထက် ကလေးနှစ်သက်တဲ့ အမျိုးအစားဖြစ်ဖို့က ပိုအရေးကြီးပါတယ်။
ကလေးတစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ပုံစံမတူလို့ပါ။
ဒါကြောင့် လိုအပ်ရင် တစ်ခုထပ်ပိုပြီး စမ်းသပ် အသုံးပြုပေးပါ။ ဗူးပေါ်မှာလည်း အသက်နဲ့ အညွှန်းပါတာကို တစ်ချက်ကြည့်ပြီး ရွေးချယ်ဝယ်ယူပါနော်။
ဒီလောက်ဆိုရင် သားသားမီးမီးအတွက် နို့ဗူးဝယ်ဖို့လိုနေတဲ့ မေမေတွေ ဘယ်လိုရွေးချယ်ဝယ်ရမလဲ သိလောက်ပါပြီနော်။