ခုလတ်တလော စိတ်ဝင်တစား မေးကြတာ အများဆုံးဆို ကာကွယ်ဆေး အကြောင်းပါပဲ။

ရာသီဥတု ပြောင်းလဲပြီး မိုးဥတု ရောက်ရှိလာတာနဲ့ ကလေးတွေ ဖျားနာကြတာ ရော၊ နိုင်ငံ တစ်ဝှမ်းကာကွယ်ဆေးထိုး/ဆေးတိုက်တဲ့ အစီအစဉ်တွေ COVID -19 ကြောင့် ရပ်တန့်ထားတာရော၊ သွေးလွန်တုတ်ကွေး ကာကွယ်ဆေး အကြောင်းရော တစ်မေးတည်း မေးနေကြတဲ့ ဖေဖေမေမေတို့ အတွက် ကာကွယ်ဆေး အကြောင်းလေး ပြောပြချင်ပါတယ်။

ကာကွယ်ဆေး ဆိုတော့ သူ့နာမည်အတိုင်းပဲ ရောဂါပိုးမဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ကြိုတင် ဆေးထိုးတာ/ဆေးတိုက်တာတွေ လုပ်တာကို ခေါ်ပါတယ်။ ကလေးငယ်တွေကို ကာကွယ်ဆေး ပေးခြင်းဟာ နှစ်စဉ် လူပေါင်း ၂ သန်းကနေ ၃ သန်း သေဆုံးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဆိုထားပါတယ်။

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းပါတယ်။ ကာကွယ်ဆေးပေးခြင်းအားဖြင့် အသက်အန္တရာယ် ပေးနိုင်တဲ့ ရောဂါပိုးတွေကနေ ကာကွယ်ပေးတဲ့အပြင် ရောဂါဖြစ်လာရင် ကုသရမယ့် ကျန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။

နိုင်ငံတော် ရဲ့ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးသောက်ခြင်းလုပ်ငန်းစဉ်

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလမှာ COVID-19 ကြောင့် ကာကွယ်ဆေးမထိုးလိုက်ရတဲ့ သားသားမီးမီးတွေလည်း အခုဆိုရင် နိုင်ငံတော်က ကာကွယ်ဆေးထိုး/ဆေးသောက် တဲ့ လုပ်ငန်းစဉ်တွေပြန်စနေပါပြီ။

သူ့အသက်အရွယ် အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို သက်ဆိုင်ရာ ဒေသန္တရမှာ သွားရောက်မေးမြန်းပြီး သားသားမီးမီးကို အသက်အန္တရာယ်ပေးတဲ့ ရောဂါပိုးတွေကနေ ကာကွယ်နိုင်ပါပြီ။

ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းစဉ်မှာ မွေးကင်းစ ကလေး ၊ ၂ လအရွယ်၊ ၄ လအရွယ်၊ ၆လအရွယ်၊ ၉ လအရွယ် နဲ့ ၁နှစ်ခွဲ အရွယ်တွေ အတွက် ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒါ့အပြင် သမီးလေးတွေအတွက် ၉နှစ်အရွယ်မှာ ပထမအကြိမ်၊ ၁၀နှစ်အရွယ်မှာ ဒုတိယအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတွေပါ ထိုးပေးနေပါတယ်။

သွေးလွန်တုတ်ကွေးကာကွယ်ဆေး

သွေးလွန်တုတ်ကွေးကာကွယ်ဆေးကို စမ်းသပ်ရှာဖွေနေတာ နှစ်ပေါင်း အတော်ကြာပါပြီ။ အဓိက အခက်အခဲက သွေးလွန်တုတ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရစ်ပိုး အမျိုးအစား ၄ မျိုး( 4 Serotypes) ရှိပြီး ၄ မျိုးလုံး ကာကွယ် တဲ့ ကာကွယ်ဆေးကို ဖော်ထုတ်ရလို့ပါပဲ။

သွေးလွန်တုတ်ကွေး ဖြစ်တဲ့အခါ Serotype တစ်မျိုးမျိုးကြောင့်ဖြစ်ပြီး ပြန်ကောင်းသွားတဲ့အခါ ခန္ဓာကိုယ်က ခုခံအား (antibody) ထွက်လာပါတယ်။ အဲ့ဒီ ထွက်လာတဲ့ ခုခံအား ဟာ အဲဒီ Serotype တစ်မျိုးထဲအတွက်တော့ တစ်သက်လုံး ကာကွယ်ပေးပါတယ်။

Lifelong immunity ရတယ်ခေါ်ပါတယ်။ ဒါပေမယ့် တခြား Serotype ၃မျိုးထဲက တစ်မျိုးမျိုးဖြစ်လာရင် မကာကွယ်ပေးပါဘူး။ မကာကွယ်ပေးတဲ့အပြင် ပိုဆိုးသွားတတ်ပါတယ်။ Antibody-dependent enhancement of Dengue infection လို့ခေါ်ပါတယ်။

သွေးလွန်တုတ်ကွေး ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ဖို့ ကမ္ဘာအနှံ့မှာ စမ်းသပ်နေကြပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ သွေးလွန်တုတ်ကွေး ကာကွယ်ဆေး မရှိပါဘူး။ သွေးလွန်တုတ်ကွေး ပျောက်တယ်ဆိုတဲ့ ဆေးလည်းမရှိပါဘူး။ ဆေးမရှိသလို သွေးလွန်တုတ်ကွေးပျောက်ပါတယ်ဆိုတဲ့ အရွက်၊ သစ်ဥသစ်ဖုလည်း မရှိသေးပါဘူး။

သွေးလွန်တုတ်ကွေး အကောင်းဆုံးကာကွယ်နည်းက ခြင်မကိုက်အောင်နဲ့ ခြင်မပေါက်ဖွားအောင်လုပ်ဆောင်ဖို့ပါပဲ။

သွေးလွန်တုတ်ကွေး အကောင်းဆုံးကုသနည်းက အချိန်မီ သိရှိပြီး ဆေးရုံဆေးခန်းမှာ ပြသဖို့ပါပဲ။

ရာသီတုတ်ကွေးကာကွယ်ဆေး (Flu vaccine)

Flu vaccine နဲ့ ပက်သက်ရင် အရည်အသွေး (quality) က အရေးကြီးပါတယ်။ ဆေးအာနိသင် မပျက်ဖို့အတွက် အအေးတောက်လျောက် မပြတ်ရပါဘူး။ Cold chain နဲ့ သယ်တာ ပို့တာ သိမ်းတာတွေလုပ်ရပါတယ်။

သတ်မှတ်ထားတဲ့ အပူချိန် ၂ ကနေ ၈ ဒီဂရီဆဲစီယပ် အတွင်း ပဲ ထားရပါတယ်။ ခဲလို့လည်းမရ ပူလို့လည်းမရပါဘူး။ သတ်မှတ်ထားတဲ့ အပူချိန်မှာ မထိန်းသိမ်းနိုင်ရင် ဆေးအာနိသင်မရပါဘူး။ ဒါ့ကြောင့် တရားဝင် တင်သွင်းတဲ့ ဆေးသာ ဆေးအာနိသင် မပျက်ကြောင်း စိတ်ချရပါတယ်။

တရားမဝင် လမ်းကြောင်းကနေ ဝင်တဲ့ဈေးသက်သာတဲ့ တုတ်ကွေးကာကွယ် ဆေးတွေလည်းရှိပါတယ်။ Flu vaccine နဲ့ ပက်သက်ရင်တော့ တရားဝင်တင်သွင်းတဲ့ စိတ်ချရတဲ့ဆေးကိုသာ သုံးစေချင်ပါတယ်။

နောက်တစ်ခုက တုတ်ကွေးကာကွယ်ဆေးဆိုတာ ဆရာဝန် ညွှန်ကြားချက် နဲ့မှထိုးရမယ့်ဆေးဝါး ပါ။ ပြင်ပမှာ အလွယ်တကူ ဝယ်ပြီး ထိုးရမယ့်ဆေးမျိုး မဟုတ်ပါဘူး။ တုတ်ကွေး ကာကွယ်ဆေးကို တစ်နှစ် တစ်ခါ ထိုးဖို့ အကြံပေးကြပါတယ်။

တုတ်ကွေးရာသီ မတိုင်ခင် ၂ ပတ်ကနေ ၄ ပတ် မတိုင်ခင်မှာ ထိုးသင့်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် တုတ်ကွေးအတွက် ခုခံအား (antibody) ထွက်ဖို့ ၂ ပတ် ကြာတဲ့အတွက်ပါ။

Flu vaccine ဆိုတာ ရာသီတုတ်ကွေးကို ကာကွယ်ပေးတာဖြစ်ပြီး COVID တို့ သွေးလွန်တုတ်ကွေးတို့ကို ကာကွယ်ပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီတုတ်ကွေး မဖြစ်ရင် ကိုယ်ခံအား မကျတဲ့ အတွက် ကောင်းပါတယ်။ ထိုးသင့်ပါတယ်။

ရာသီတုတ်ကွေး ကာကွယ်ဆေးကို အသက် ၆လ အထက် မည်သူမဆိုထိုးနိုင်ပါတယ်။ ဖေဖေမေမေတို့ပါ ထိုးလို့ရပါတယ်။ မထိုးခင်ဆရာဝန်နဲ့အရင်တိုင်ပင်ဆွေးနွေးပါ။

ဒါကြောင့်တုတ်ကွေးကာကွယ်ဆေးထိုးမယ်ဆို အသင့်တော်ဆုံး ကတော့ ဆေးရုံဆေးခန်း မှာ ဆရာဝန်နဲ့ပြပြီး ထိုးထာပါပဲ။

en_US