ကိုယ်ဝန်ဆောင်ချိန် သွေးတွင်းအချိုဓာတ်များခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (MBBS)
ကိုယ်ဝန်ဆောင်ချိန်အတွင်းသွေးထဲတွင်အချိုဓာတ်များခြင်း ကဖြစ်လေ့ရှိပါတယ် ။ ကလေးမွေးပြီးရင် သက်သာသွားလေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က သွေးထဲက အချိုဓာတ်ကိုထိန်းပေးဖို့အတွက် အင်ဆူလင်ဓာတ်ကို ပုံမှန်ထက်လိုအပ်တဲ့အခါ ထုတ် မပေးနိုင်ရင် သွေးထဲမှာအချိုဓာတ်တွေများလေ့ရှိပါတယ်။ သေချာစွာစောစီးသတိထားမိပြီး ပုံမှန်ထိန်းသိမ်းနိုင်ဖို့လိုအပ်ပါတယ်။
ပိုဖြစ်နိုင်ခြေများတဲ့ မိခင်များကတော့
- Body Mass Index (BMI) ခန္ဓာကိုယ် ဖွံ့ဖြိုး မှုကိန်းအညွှန်း ၃၀ ထက်များနေရင်
- ၁၀ပေါင်နှင့်အထက် ကလေး ကို မွေးခဲ့ဖူးရင်
- အရင်ကိုယ်ဝန်တုန်းက သွေးထဲမှာ အချိုဓာတ်တွေများဖူးရင်
- မိဘ (သို့) မောင်နှမတွေမှာ ဆီးချို ရောဂါရှိရင်
ပိုဖြစ်နိုင်ပါတယ်။
လက္ခဏာတွေကတော့
ပုံမှန်တော့ လက္ခဏာဆိုပြီးပြလေ့မရှိပါဘူး။ ပုံမှန်ရက်ချိန်းတွေမှာ စစ်ဆေးရင်းနဲ့သတိပြုမိလေ့ရှိပါတယ် ။
သွေးထဲမှာအချိုဓာတ်များနေတဲ့အခါ
- ရေအရမ်းငတ်ခြင်း
- ပါးစပ်အာခေါင်ခြောက်ခြင်း
- ဆီးပုံမှန်ထက်ခဏခဏသွားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
တို့ဖြစ်တတ်ပါတယ် ။
ကိုယ်ဝန်ဆောင်နေတဲ့မိခင်တို့အတွက်တော့ဒီလို လက္ခဏာမျိုးက ပုံမှန်လည်းဖြစ်လေ့ရှိတာမို့ အထွေအထူးတော့ခံစားရမှာမဟုတ်ပါဘူး။ မိခင်အများစုက ပုံမှန်လျှောလျှောလျှူလျှု မွေးလို့ ကလေးလည်းကျန်းမာပါတယ်။
သို့သော်လည်း
- ကလေးဟာပုံမှန်ထက်ကြီးနေရင် မွေးရတာခက်ခဲနိုင်ပြီး ခွဲမွေးရတာတို့ဖြစ်နိုင်ပါတယ်။
- ရေမွှာရေတွေများနေရင် ကလေးကိုစောမွေးစေနိုင်ပါတယ်။
- လမစေ့ပဲမွေးခြင်း ကိုယ်ဝန် အပတ်၃၇ပတ်မတိုင်ခင်မွေးနိုင်ပါတယ်။
- ကိုယ်ဝန်ဆိပ်တက်ခြင်း ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းတို့ဖြစ်နိုင်ပါတယ်။
- ကလေးက သွေးထဲမှာအချိုဓာတ်နည်းနေတာတို့။
- အရေပြားနဲ့မျက်လုံးတွေမှာ အသားဝါတာမျိုးဖြစ်ရင် ဆေးရုံမှာကုသရပါမယ်။
- ကလေးအသက်မပါခြင်း (အလွန်ရှားပါတယ် )
တို့လည်းဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးထဲမှာအချိုဓာတ်များနေရင် နောင်အခါ ဆီးချိုရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ကိုယ်ဝန်ရက်ချိန်းတိုင်း သားဖွားမီးယပ်ဆရာဝန်ကသေချာစစ်ဆေးပြီး လက်ထိပ်ကသွေးဖောက်လို့ သွေးထဲမှာ အချိုဓာတ်များနေရင် OGTT လို့ခေါ်တဲ့ သွေးထဲကအချိုဓာတ်ကို သေချာပြန်စစ်ပေးပါတယ် ။
ဘယ်လိုစစ်တာလည်းဆိုတော့
တစ်ညလုံး ည၁၀နာရီ နောက်ပိုင်း ရေကလွဲရင် ဘာမှ စားလို့သောက်လို့ မရတော့ပါဘူး။ မနက်ရောက်ရင် သွေးဖောက်စစ်ပြီး သကြားရည် တိုက်ပါတယ်။ ပြီးရင် ၂နာရီ စောင့်ပြီး နောက်ထပ်တစ်ခါ သွေးထပ်ဖောက်စစ်ပြီး သွေးထဲမှာ အချိုဓာတ်တက်မတက် တိုင်းပါတယ် ။
သွေးထဲမှာအချိုဓာတ်တွေများနေတယ်ဆိုရင် ကျန်းမာတဲ့ကိုယ်ဝန်ဆောင်ဘဝရအောင် ကျန်းမာရေးတဲ့ညီညွှတ်တဲ့အစားအသောက် ၊ ကိုယ်လက်လေ့ကျင့်ခန်း ၊ သွေးထဲက အချိုဓာတ်ကို လက်ထိပ်မှာ ဖောက်တိုင်းတဲ့ကိရိယာနဲ့အချိန်မှန်မှန်တိုင်းခြင်းဖြင့်ထိန်းသိမ်းနိုင်ပါတယ် ။
အဲ့လိုထိန်းလို့မှ မရရင် ဆရာဝန်က ဆေးပေးလို့ ပုံမှန်သောက်ရပါမယ်။ အရေးကြီးတာတစ်ခုက သွေးထဲကအချိုဓာတ်က နည်းလည်းမနည်း များလည်းများလို့မရပါဘူး နည်းရင်လည်းအန္တရာယ်ရှိပါတယ် များရင်လည်းအန္တရာယ်ရှိပါတယ်။
ရုတ်တရက် ဆီးချို အရမ်းကျသွားရင် မူးခနဲဖြစ်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရလို့ သကြားလုံးလေး တစ်လုံးလောက်ဆောင်ထားသင့်ပါတယ် ။ အဲ့လိုအချိန်တွေမှာဆို အချိုရည်လေး သောက်ပြီး အချိုဓာတ်ပြန်တက်အောင်လုပ်ရပါတယ်။
ကလေးမွေးပြီးသွားရင် သွေးထဲက အချိုဓာတ်တွေနည်းသွားနိုင်ပေမယ့် နောက်တစ်ခါကိုယ်ဝန်ဆောင်ရင် ဒီလိုမျိုးထပ်ဖြစ်နိုင်ခြေရှိလို့ ကိုယ်ဝန်ထပ်မယူခင် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |