ကိုယ်ဝန်သည်များနှင့် ကိုဗစ်ရောဂါများအကြောင်း

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)

ကိုရိုနာ ဗိုင်းရပ်စ်(SARS covid -19) ရောဂါဟာ ယခုအခါ ကမ္ဘာတဝှမ်း အလျင်အမြန် ကူးစက်ပြန့်ပွါးလျက်ရှိပြီး သေဆုံးသူလဲ များပြားလျက်ရှိပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ ဒုတိယလှိုင်း အဖြစ်တင်စားခေါ်ဝေါ်ကြတဲ့ ပြည်တွင်းကူးစက်မှုဖြစ်ပေါ်လျက်ရှိပြီး သေဆုံးသူတွေလဲ ရှိလာပါတယ်။

ဒါ့ကြောင့် ယခုကာလမှာ ကိုယ်ဝန်ဆောင် မေမေလောင်းတွေ အနေနဲ့ သိထားသင့်သည့် အကြောင်းအရာများ၊ဆောင်ရန်၊ရှောင်ရန်များကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေ အဓိက သိထားရမဲ့ အချက်တွေက ဘာတွေလဲ။
Covid-19 ကိုယ်ဝန်သည်တွေမှာ ဖြစ်ရင် စိုးရိမ်ရလား။ အသက်သေဆုံးသည်ထိဖြစ်နိုင်လား။
Covid -19 ဗိုင်းရပ်စ်ဟာ ရောဂါအသစ်ဖြစ်တာကြောင့် လေ့လာတွေ့ရှိချက်တွေဟာ ယခုလက်ရှိစမ်းသပ်စစ်ဆေးဆဲကာလအတွင်း ရရှိတဲ့ အချက်တွေမို့ အတိအကျပြောဖို့ခက်နေပါသေးတယ်။

သို့သော် ယေဘူယျအားဖြင့် ကိုယ်ဝန်သည်မေမေလောင်းတွေဟာ သာမာန် ဖျားတာ၊တုပ်ကွေးမိတာတောင် အထူးသတိထားရမဲ့ လူတွေမို့ covid -19 ရောဂါ အတွက်လဲ အတူတူပါပဲ။အလယ်အလတ်စိုးရိမ်ရတဲ့ အဆင့် (moderate risk )ထဲမှာပါဝင်ပါတယ်။ ယနေ့ အချိန်ထိတွေ့ရှိချက်တွေအရတော့ ရောဂါဖြစ်တဲ့ ကိုယ်ဝန်ဆောင်မေမေ ၄၂၇ ယောက်မှာ အများစုက ရိုးရိုးလူနာဆောင်မှာပဲ ကုသမှုခံယူရပြီး ၁၀ ယောက်လောက်ကသာ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်ပါတယ်။

ထို ၁၀ယောပ်ထဲမှ ၅ယောက်က သေဆုံးသွားပါတယ်။ ဆေးသုတေသနပြုပညာရှင်တွေအနေနဲ့ ထို ၅ယောက်ဟာ covid -19 ကြောင့် သေဆုံးတာလား။ တခြားအကြောင်းအရာကြောင့်လားဆိုတာ ဆက်လက်ရှာဖွေနေတုန်းဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တခု အရတော့ရောဂါဆိုးဝါးတဲ့ကိုယ်ဝန်သည်တွေဟာ ကိုယ်ဝန် ၂၈ပတ်နှင့် နောက်ပိုင်း ကိုယ်ဝန်ဆောင်မေမေတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန် ၂၈ ပတ်နှင့် အထက် မေမေလောင်ူတွေ အနေနဲ့ အထူးဂရုစိုက်ဖို့ လို အပ်ပါတယ်။ ဒါ့အပြင် အသက် ၃၅ နှစ် အထက် ကိုယ်ဝန်ဆောင်တွေ၊အဝလွန်သူ၊ဆီးချိုရောဂါ အခံရှိသူ၊တခြားနာတာရှည်ရောဂါ အခံ ရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အထူးဂရုပြုရမှာဖြစ်ပါတယ်။

Covid -19 positive ကိုယ်ဝန်ဆောင်မေမေတွေ မွေးတဲ့ ခလေးမှာရော ပိုးတွေ့ရှိနိုင်လား။
ယနေ့ထိ လေ့လာတွေ့ရှိချက်တွေ အရ Covid -19 ပိုးက အမေ ကနေ ခလေးကို ကူးစက်တာ ရှိပေမဲ့ နည်းတာကို တွေ့ရှိရပါတယ်။ဒါ့အပြင် ပိုးရှိတဲ့ မေမေတွေရဲ့ ခလေးတွေက နေ့မစေ့ လမစေ့ မွေးတာ တွေရှိတာက်ု တွေ့ရတတ်ပါတယ်။

ဒါပေမဲ့ ဒါဟာ တကယ် ပဲ covid -19 ကြောင့်လား။တခြား အကြောင်းကြောင့်လားဆိုတာ ဆက်လက် ရှာဖွေနေကြတုန်းဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ covid -19 ရောဂါက ကာကွယ်ကြမလဲ။

  • ကိုယ်ဝန်ဆောင်အားဆေးများပုံမှန်သောက်ပါ။
  • Social distancing လုပ်ပါ။
  • အပြင်သွားပြီးတိုင်း ပစ္စည်းတခုခုကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။
  • အိမ်မှာလူဝင်လူထွက် ကန့်သတ်ထားပါ။
  • လူရှင်းတဲ့ နေရာ မှာ ဖြစ်စေ မိမိအိမ်အတွက်းမှာ ဖြစ်စေ သွေးလည်ပတ်မှုကောင်းစေရန် လမ်းလျှောက်ပါ။
  • ရေများများသောက်ပါ။
  • ကိုယ်ဝန်ပုံမှန်အပ်ပါ။အကယ်၍ သွားလာရန် အခက်အခဲ ရှိပါက မိမ်ပြနေကျ ဆရာဝန် နှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး မေးမြန်းပါ။

Covid -19 ရောဂါလက္ခဏာများခံစားရပါက ဘယ်လိုပြုလုပ်သင့်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ မိမိမှာ

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • ကိုယ်လက် ကိုက်ခဲခြင်း
  • နှာရည်ယိုခြင်း
  • အနံ့ အရသာ ပျောက်ခြင်းများ

ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ ကိုဆက်သွယ်ပြီး လိုက်နာဆောင်ရွက်ရပါမယ်။

Covid -19 ကာလမှာ ကိုယ်ဝန်သည်မေမေတွေ စိတ်ဓာတ်မကျအောင် ဘယ်လိုလုပ်ရမလဲ။
ကိုယ်ဝန်ဆောင်မေမေတွေ ဟာကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်ဓာတ်ကျခြင်း( antenal depression ) ပုံမှန်ဖြစ်ပေါ်လေ့ရှိပါတယ်။

ပုံမှန်ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့

  • ကိုယ့်ကိုကို မျှော်လင့်ချက်မရှိသလိုခံစားရခြင်း
  • ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုမရှိခြင်း
  • နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း
  • အစားအသောက်ပျက်ခြင်း

တို့ ဖြစ်တတ်ပါတယ်။

ယခုလို ကာလမှာစီးပွါးရေး၊ကျန်းမာရေးကြောင့်မေမေလောင်းတွေရဲ့ စိတ်ဓာတ်ကျရောဂါဟာ ပိုဆိုးလာတတ်ပါတယ်။ ဒါတွေကကာကွယ်နိုင်အောင်
1) အကောင်းမြင်ဝါဒထားပါ။(တကမ္ဘာလုံးဖြစ်နေသည့်အတွက် လူတိုင်း ဒီလိုပဲ ဆိုတဲ့ စိတ်သွင်းထားပါ)

2) စိတ်ထဲ တခုခုဖြစ်ပါက မိမိ ခင်ပွန်း သို့မဟုတ် အိမ်သားတစ်ယောက်ယောက် ကို ဖွင့်ပြောပြပါ။

3) စိတ်ညစ်ညူးစေမဲ့ သတင်းတွေ စာတွေ ဖတ်ခြင်း ရှောင်ပြီး ရီစရာ ဟာသ များ၊ ရုပ်ရှင်များကြည့်ပါ။

လူတိုင်း ယခုကပ်ဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။

Reference: rcog.org.uk

 

Name ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
en_US