ကျန်းမာခြင်း Vs စိတ်ကျန်းမာခြင်း Vs စိတ်ရောဂါ

ရေးသားသူ – Dr. Htein Linn Aung

ဒီပို့စ်မှာတော့ စိတ်ရောဂါတွေအကြောင်းမပြောခင် ကျန်းမာခြင်း (Health) စိတ်ကျန်းမာခြင်း (Mental Health) စိတ်ရောဂါ (Mental illness/disorder) တွေရဲ့ အဓိပ္ပါယ်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးပါ့မယ်။

#ကျန်းမာခြင်း(Health)
ရောဂါကင်းစင်ရုံမျှမကဘဲ ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာနဲ့ လူမူ့ဆက်ဆံရေး ကောင်းမွန်ပြည့်စုံနေတဲ့ အခြေအနေလို့ WHO က ဆိုပါတယ်။

စိတ်ကျန်းမာခြင်းမရှိရင် ကျန်းမာတယ်လို့ ပြောမရလောက်အောင် အရေးကြီးတယ်လို့လဲ ပြောထားပါတယ်။

#စိတ်ကျန်းမာခြင်း(Mental_Health)
စိတ်ကျန်းမာခြင်းဆိုတာဟာလဲ စိတ်ရောဂါမရှိတာထက် ပိုပါတယ်။

စိတ်ကျန်းမာခြင်းကိုတော့ အချက် ၄ ချက်နဲ့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။

  • ကိုယ့်အစွမ်းအစကိုယ် သိရမယ်
  • ဘဝမှာ ကြုံတွေ့ရလေ့ရှိတဲ့ သာမာန်စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်စွမ်း ရှိရမယ်
  • ထိထိရောက်ရောက် အလုပ်လုပ်နိုင်စွမ်းရှိရမယ်
  • ကိုယ့်အသိုင်းအဝိုင်းကို အကျိုးပြုနိုင်ရမယ်

ဒီ definition နဲ့ ချိန်ထိုးကြည့်ရင်တော့ မိမိအပါအဝင် ပတ်ဝန်းကျင်ကလူတွေမှာပါ။ တချို့အချိန်တွေမှာ စိတ်ကျန်းမာခြင်းအချက်အလက်နဲ့ မကိုက်ညီတာ တွေ့နိုင်ပါတယ်။ ဒီလို မကိုက်ညီရုံနဲ့ စိတ်ရောဂါဖြစ်နေပီလို့ မဆိုလိုပါဘူး။

ကိုယ်ခံအားနည်းတဲ့အခါမှာ နှာစေး၊ချောင်းဆိုးကြုံရသလို စိတ်ကျန်းမာရေးညံ့လာတဲ့ အခါမှာ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာလေးတွေရှိပါတယ်။ အဲတာတွေကို သတိထားပြီး ဆင်ခြင်လိုက်ရင် ပုံမှန်အခြေအနေ ပြန်ဖြစ်ပါတယ်။ သတိမပြုမိဘဲ နေလိုက်မိရင်တော့ စိတ်ရောဂါဖြစ်သွားနိုင်ပါတယ်။

#စိတ်ရောဂါ(Mental Illness/Disorder)
ယေဘုယျအားဖြင့် စိတ်ကျန်းမာရေးအခြေအနေကြောင့် လူတစ်ယောက်ရဲ့ စိတ်နေုစိတ်ထား၊ တွေးပုံခေါ်ပုံတွေ နဲ့ အပြုအမူတွေ ပုံမမှန်ဖြစ်လာပြီး လူမူရေး၊ အလုပ်အကိုင်နဲ့ တခြားကဏ္ဍတွေပါ ထိခိုက်လာပြီဆိုရင်တော့ စိတ်ရောဂါဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။

အတိအကျစိတ်ရောဂါအမည်တပ်ဖို့တော့ အချိန်ယူပြီး ရောဂါရာဇဝင်မေးမြန်းခြင်း (Psychiatric History Taking)၊ စိတ်အခြေအနေစစ်ဆေးခြင်း (Mental State Examination)၊ လိုအပ်ရင် Investigations နဲ့ Psychological Test တွေလုပ်ပါတယ်။

ပြီးမှ ရရှိတဲ့အချက်လက်တွေနဲ့ American Psychiatric Association က ထုတ်တဲ့ Diagnostic and Statistical Manual of Mental Disorders (DSM 5) (သို့) WHO ကထုတ်တဲ့ International Classification of Diseases, 11th revision (ICD – 11) ဆိုတဲ့ စာအုပ်ပါ ရောဂါအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ရောဂါအမည်တပ်ပါတယ်။ DSM 5 ကို ပိုအသုံးများပါတယ်။

#ကနဦးသတိပေးနေသောစိတ်ကျန်းမာရေးချို့တဲ့သောလက္ခဏာများ

  • အအိပ်/အစား နည်းလာ သို့ များလာတာ
  • ပုံမှန်လုပ်နေကျ အရာတွေမလုပ်မိတော့တာ
  • အားနည်းသလို ခံစားရတာ
  • ထုံထိုင်းသလိုလို သို့ ဘာမှအရေးမကြီးတော့သလို ခံစားရတာ
  • အကြောင်းမရှိဘဲ နာတာ ကိုက်တာတွေ ဖြစ်လာတာ
  • အကူညီမဲ့သလို မျှော်လင့်ချက်သလို ခံစားလာရတာ
  • ပုံမှန်ထက် ပိုပြီး ဆေးလိပ်သောက်၊ အရက်သောက် မိလာတာ၊မူးယစ်ဆေးသုံးစွဲမိလာတာ
  • ထူးထူးခြားခြား ခေါင်းရုှပ်၊ မေ့တတ်လာတာ၊ စိတ်ပျက်တာ၊ ဒေါသထွက်လွယ်လာတာ၊ စိုးရိမ်တတ်လာတာ သို့ ကြောက်တတ်လာတာ
  • မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တတ်လာတာ
  • ဆက်ဆံရေးထိခိုက်လောက်အောင် ဆိုးဆိုးဝါးဝါး စိတ်အပြောင်းအလဲ မြန်လာတာ
  • ခေါင်းထဲက မထုတ်နိုင်လောက်အောင် အတွေးတွေ ဆက်တိုက်တွေးမိနေတာ
  • တကယ်မရှိဘဲ အသံတွေကြားတတ်လာတာ၊ မဟုတ်တာတွေ ယုံကြည်လာတာ
  • ကိုယ့်ကိုကိုယ် ဒါမှမဟုတ် တခြားသူကို ထိခိုက်နာကြင်အောင် လုပ်ချင်လာတာ တွေ ဖြစ်တတ်ပါတယ်။

စိတ်ကျန်းမာရေးကောင်းမွန်နေဖို့အတွက် အကြံပြုထားတာတွေကတော့

  • လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး အကူအညီယူပါ
  • မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်လုပ်ပါ။ ခံစားရတာတွေ ရင်ဖွင့်ပါ။
  • အကောင်းမြင်စိတ်ထားပါ။
  • တက်တက်ကြွကြွနေပါ။
  • တခြားသူများကို ကူညီပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • စိတ်ပိုင်းဆိုင်ရာပြဿနာဖြေရှင်းနည်းတွေလေ့လာပါ။

Source : WHO / www.mentalhealth.gov

Name Dr.Htein Linn Aung
Degrees M.B.B.S | M.Med.Sc (Mental Health)
Biography ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။
Topic
  • အရက်နှင့် မူးယစ်ဆေးဝါးစွဲလန်းသည့် ပြဿနာများ
  • စိတ်ကျဝေဒနာများ၊ စိတ်ကြွစိတ်ကျ ဝေဒနာများ
  • စိုးရိမ်စိတ်လွန်ကဲသည့် ဝေဒနာများ
  • စိတ်ဖောက်ပြန်ခြင်းများ အစရှိသည့်စိတ်ရောဂါများအပြင်
  • အိမ်ထောင်ရေးဆိုင်ရာပြဿနာများ
  • ခံစားမှုပိုင်းဆိုင်ရာပြဿနာများနှင့်သောက်သုံးနေရသည့် စိတ်ပိုင်းဆိုင်ရာဆေးဝါးများအကြောင်း
  • သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Hepta Mental Health Clinic, Yangon
en_US