ကျန်းမာရေး အသိအမှား (၈)ချက်
ရေးသားသူ – Dr. Hein Thu Wai
တစ်နေ့ ရေ (၈) ခွက်
တကယ်တော့ တစ်နေ့ ရေ (၈) ခွက် ကိုယ်သောက်မိလား၊ မသောက်မိလား လိုက်ရေတွက်နေစရာ မလိုပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ရေငတ်တဲ့အချိန် ရေသောက်လိုက်တာ ခန္ဓာကိုယ်ရေဓာတ်လိုအပ်ချက်ကို ပြည့်မီစေပါတယ်။ အရည်ရွမ်းတဲ့အသီးတွေစားတာတို့၊ ဟင်းရည် စွပ်ပြုပ် စတာတွေ သောက်ပေးခြင်းဟာလည်း ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပါတယ်။
ကြက်ဥစားတာ လုံးဝမကောင်းဘူး
ကြက်ဥ စားတာဟာ မကောင်းဘူး၊ ကောင်းတယ်ဆိုပြီး သုတေသနပညာရှင်တွေ အမျိုးမျိုး ငြင်းခုံလေ့ ရှိပါတယ်။ ဒါပေမယ့် ကြက်ဥစားတာ လုံးဝမကောင်းဘူးဆိုတာတော့ မမှန်ပါဘူး။ တစ်နေ့ ကြက်ဥ တစ်လုံး၊ နှစ်လုံး စားရုံနဲ့ နှလုံးရောဂါမဖြစ်ပါဘူး။ ကြက်ဥအနှစ်က ကိုလက်စရောတွေပါပေမယ့် သာမန်သူတွေနေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေထဲမှာပါတဲ့ အဆီတွေလောက် မဆိုးသေးပါဘူး။ နောက်ပြီး ကြက်ဥမှာ အိုမီဂါ-3 လိုမျိုးအာဟာရတွေပါတဲ့အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ချပေးပါတယ်။
ဂျိုင်းချွေးနံ့ပျောက်စေတဲ့ အလှကုန်တွေက ရင်သားကင်ဆာဖြစ်စေတယ်
တချို့က ဂျိုင်းချွေးနံ့ပျောက်စေတဲ့ အလှကုန် (roll-on) တွေက အချိန်ကြာကြာ ဂျိုင်းအရေပြားနဲ့ ထိရာကနေ အရေပြားထဲ စိမ့်ဝင်မယ်။ အဲ့ဒီထဲက ဓာတုပစ္စည်းတွေက ရင်သားကင်ဆာကို ဖြစ်စေတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် National Cancer Institute အဖွဲ့အစည်းက ဒီလိုပစ္စည်းတွေကြောင့် ရင်သားကင်ဆာဖြစ်ပါတယ်လို့ အထောက်အထား ဆက်စပ်မှု မရှိကြောင်း ကြေညာထားပါတယ်။
အအေးမိရင် ဖျားလိမ့်မယ်
လူကြီးတွေအမြဲပြောတာ အပြင်ထွက်ရင် အနွေးထည်ဝတ် မဟုတ်လို့ အပြင်မှာ အေးရင်ဖျားလိမ့်မယ်။ ဒါပေမဲ့ တကယ်က ကျန်းမာနေတဲ့လူတစ်ယောက်ဟာ အပြင်မှာ ရာသီဥတု အအေး ခံရလည်း မဖျားပါဘူး။ ဖျားတယ်ဆိုတာ ဗိုင်းရစ်ပိုး ဒါမှမဟုတ် ဘတ်တီးရီးယားပိုး ဝင်မှ ခန္ဓာကိုယ်က ဖျားပါတယ်။
ဖြည့်စွက် အားဆေးအမြဲသောက်ပေးရမယ်
ဖြည့်စွက် အားဆေးတွေက ကြော်ငြာအားကောင်းကောင်းနဲ့ အားဆေးတွေသောက်အောင် ကြော်ငြာလေ့ ရှိပါတယ်။ နေ့တိုင်းသောက်ဖို့မလိုပါဘူး။ လူတိုင်းလည်း သောက်ရမယ်မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်က ညွှန်ကြားရင် သောက်ရပါမယ််။ ဥပမာ ကိုယ်ဝန်ဆောင်တွေကို Folic acid သောက်ဖို့ ညွှန်ကြားတာ မွေးတဲ့အခါ မွေးရာပါချို့ယွင်းတဲ့ရောဂါတွေ လျော့နည်းအောင်ပါ။ သာမန် ကျန်းမာတဲ့သူတွေအဖို့က စားသောက်နေတဲ့ထဲမှာ ပါတဲ့ အာဟာရတွေနဲ့ လုံလောက်ပါတယ်။
မနက်စာ စားတာ လူကိုပိန်စေတယ်
မနက်စာ စားရုံနဲ့ လူကို မပိန်စေပါဘူး။ အစားလျော့စားမှ လူက ပိန်မှာပါ။ မနက်စာ စားရင် ပိန်စေတယ်ဆိုတာ မနက်စာကို အသေအချာ စားပြီးတဲ့အခါ ဗိုက်ပြည့်ပြီး တခြား အစားအသောက်တွေ လျှောက်မစားဖြစ်တော့ဘူးပေါ့။
ချွဲ၊ သလိပ်တွေက စိမ်းဝါရောင်တွေဖြစ်ရင် ရောဂါပိုးဝင်တာ
ချွဲ၊သလိပ်တွေ က အစိမ်းရောင် အဝါရောင် တွေ ဖြစ်ရင် များသောအားဖြင့် ပိုးဝင်တာဖြစ်ပေမယ့် အဲ့ဒီလိုဖြစ်တိုင်း ပိုးဝင်တာသေချာတယ်ဆိုပြီး ပိုးသတ်ဆေးသောက်ရမှာ မဟုတ်ပါဘူး။
လက်ဆစ်ချိုးရင် လက်ဆစ်ကြီးလာမယ်/အဆစ်ရောင်ရောဂါရမယ်
လက်ဆစ်ချိုးရင် လက်ဆစ် ကြီးလာမယ်။ အဆစ်ရောင်ရောဂါရမယ်ဆိုတာ မမှန်ပါဘူး။ လက်ဆစ်ချိုးတဲ့အသံကို နားငြီးလို့ ခြောက်ပြောတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ဆစ်ချိုးလို့ အမြဲ ဒါမှမဟုတ် အရမ်းနာမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ပြပါ။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |