ကျောက်ကပ်တလုံးတည်းဖြင့်နေထိုင်ခြင်း
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)
ယနေ့ပြောပြပေးမဲ့ အကြောင်းအရာကတော့ ကျောက်ကပ် တလုံးတည်းရှိသူတွေဟာ နှစ်လုံး ရှိသူတွေ ကဲ့သို့ ကျန်းမာစွာနေထိုင်နိုင်မလား။လူ့သက်တမ်း အဆုံး ထိ နေသွားန်ုင်ပါ့မလား အစရှိတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျောက်ကပ်ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတခုဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေ ကတော့ ကိုယ်ခန္ဓာ အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း အက်စစ်နှင့် အယ်ကာလီဓာတ် ညီမျှအောင်ပြုလုပ်ပေးခြင်း၊ ဆားနှင့် ပိုတက်စီယမ်ဓာတ် ထိန်းညှိပေးခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။
ပုံမှန်လူတစ်ယောက်မှာ ကျောက်ကပ်တစုံ (၂လုံး) ရှိပြီး ကျောရိုးအောက် ခါး ဘေးတစ်ဖက် တချက်စီတွင်ရှိပါတယ်။
ကျောက်ကပ် တလုံးထဲ ရှိရတဲ့ အခြေ အနေများမှာ-
- မွေးရာပါ တစ်လုံးထဲ ရှိခြင်း
- မွေးပြီးနောက်ပိုင်း ကျောက်ကပ် တလုံးရှုံ့ သွားခြင်း
- ကျောက်ကပ် တစ်ဖက် လုံးဝ အလုပ်မလုပ်ခြင်း
- ရောဂါ အခြေအနေကြောင့်သော်လည်းကောင်း ထိခိုက်ဒဏ်ရာရ၍သော်လည်းကောင်း ကျောက်ကပ်တလုံးထုတ်လိုက်ရခြင်း
- ကျောက်ကပ် လို အပ်နေသူကို တစ်လုံး လှူ လိုက်ခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ကျောက်ကပ်တလုံးထဲနဲ့ မွေးဖွားလာသူတွေဟာ ပုံမှန်လူတွေလိုပဲနေနိုင်ပါ့မလား။
ယေဘူယျအားဖြင့် ကျောက်ကပ်တလုံးထဲနဲ့ နေထိုင်လာသူတွေဟာ 25နှစ်လောက်ကြာတဲ့အခါ ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာတွေကို အနည်းငယ်ထိခိုက်နိုင်ပါတယ်။ဒါပေမဲ့ လုံးဝပျက်သွားနိုင်တာမျိုး မဟုတ်တဲ့အတွက် အရမ်းကြီးစိတ်ပူနေစရာမလိုပါဘူး။
လူ့သက်တမ်းအပြည့်တော့နေနိုင်ပါတယ်။တခုသတိထားရမှာက ကျောက်ကပ်တလုံးထဲရှိသူတွေဟာ သွေးတိုးရောဂါဖြစ်နှုန်းပိုများပါတယ်။
မိမိမှာ ရှိတဲ့ ကျောက်ကပ်တလုံးဟာ ကျောက်ကပ်အစားထိုးပြီး ရလာတာဆိုရင်ရော ပုံမှန်ကျောက်ကပ်လိုလုပ်ဆောင်နိုင်ပါ့မလား။
လုပ်ဆောင်နိုင်ပါတယ်။ အစားထိုးကျောက်ကပ်တွေဟာလဲ သေချာ စစ်ဆေးပြီးမှ အစားထိုးတာ ဖြစ်တဲ့ အတွက် ပုံမှန် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။
ကျောက်ကပ်တလုံးထဲ ရှိတဲ့သူဟာ ဆရာဝန်နဲ့ပုံမှန်ပြဖို့လိူသလား။
ကျောက်ကပ်တလုံးထဲ ရှိတဲ့ အတွက် ပုံမှန်ထက်တော့ ပို ဂရုစိုက်ပေးဖို့လိုပါတယ်။ဒါ့ကြောင့် တနှစ်တခါလောက်တော့ ကျန်းမာရေး စစ်ဆေးတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။
ကျောက်ကပ်တလုံးထဲ ရှိသူတွေဟာ ပြင်းထန်တဲ့ အားကစားမျိုး လုပ်လို့ရလား။
ပုံမှန် အားကစားမျိုးတော့ လုပ်လို့ရပါတယ်။သိူ့သော် ကျောက်ကပ် ထိခိုက်မှုမရှိအောင် ခါးမှာ အကာကွယ် ပါတဲ့ ခါးပတ်မျိူး ပတ်ထားသင့်ပါတယ်။
ကျောက်ကပ်တလုံးထဲ ရှိသူတွေဟာ အစားအစာ သီးသန့်ရှောင်စရာမျိုးလို လား။
မွေးရပါ ကျောက်ကပ်တလုံးထဲ ရှိသူတွေကတော့ အစားအသောက် သီးသန့်ရှောင်စရာမလိုပါဘူး။ သို့သော် ရောဂါ အခြေအနေတခုကြောင့် ကျောက်ကပ် အစားထိုးထားရတာမျိုးဆိုရင်တော့ အစားအသောက်ကို ကန့်သတ်ရတာမျိုးရှိပါတယ်။
ဘယ်လို တွေစားသုံးသင့်လဲ ဆိုတာကို အာဟာရ ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Reference: National kidney foundation

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |