ငါးရိုးစူးခြင်း

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

လည်ချောင်းတွင် ငါးရိုးစူးခြင်းကို မကြုံဖူးသော သူသည်အလွန်ရှားသည်။ ငါးရိုးသည် လည်ချောင်းအတွင်းနံရံရှိ ကြွက်သားပျော့များကို စိုက်မိနေသည့်အခါ ခုလုခုလုဖြင့် အတော်ပင်နေရခက်သည်ကို ကြုံရတတ်သည်။

ငါးရိုးစူးသောအခါ များသောအားဖြင့် ချောင်းဟန့်သလို ဟပ်ထုတ်၍ဖြစ်စေ ငါးရိုးသည် အစာအိမ်ထဲသို့ ကျသွား၍ဖြစ်စေ ခဏတဖြုတ်အတွင်းပင်ပြန်၍ သက်သာသွားတတ်သည်။ ငါးရိုးစူးသော လူနာများတွင် ငါးပြေမအရိုးစူးလျှင် ထုတ်ရအခက်ဆုံးပင်ဖြစ်သည်။ ငါးပြေမအရိုးသည် တခြား ငါးရိုးများနှင့်ယှဉ်လျှင် ပို၍မြဲမြံစွာ လည်ချောင်းအတွင်း နံရံ၌စိုက်နေတတ်သည်။

များသောအားဖြင့် ငါးရိုးစူးလျှင် ထမင်းဆုပ်မြိုခြင်းရေသောက်ခြင်းတို့ ပြုလုပ်လေ့ရှိကြသည်။ ထို့ပြင် အချဉ်ဓာတ်ပါသော သံပရာရည်ချဉ်ချဉ်လေးကို လည်ချောင်းအတွင်းသို့ဖြေးညှင်းစွာမြိုချခြင်းဖြင့် ငါးရိုးလေးသည် ဖြေးဖြေးချင်းပျော်ဆင်းသွားကာ သက်သာသွားတတ်သည်။ ကြက်ဥအစိမ်းကိုဖောက်သောက်ခြင်း၊ သံလွင်ဆီ တဇွန်းမြိုချခြင်း တို့ဖြင့်လည်း သက်သာနိုင်ပါသည်။

သို့သော် ရံဖန်ရံခါတွင် အလွန်ကြီးသော ငါးရိုး သို့မဟုတ် ငါးရိုးသည် ကန့်လန့် အနေအထားနှင့် လည်ချောင်းအတွင်းသို့ စိုက်နေပါက ပျော်ဆင်းသွားဖို့ မလွယ်ကူပါ။ ထိုအခါ လည်ချောင်းအတွင်းကြည့်ကိရိယာလေးဖြင့် ကြည့်ကာ လည်ချောင်းအတွင်းမည်သည့်နေရာတွင် စိုက်နေသည်အပေါ် မူတည်၍ ဆေးရုံတွင် လိုအပ်သလို မေ့ဆေးထုံဆေးပေးကာ ထုတ်ရသောအခိုက် အတန့်များလည်းရှိသည်။

ငါးရိုးစူးခြင်းသည် နောက်ဆက်တွဲဆိုးကျိုးအနေနှင့် လည်ချောင်းအတွင်းနံရံသားရောင်ရမ်းကာ အစာမစားနိုင်ခြင်း ၊ အစာမြိုရခက်ခဲခြင်းတို့အပြင်လည်ချောင်းအတွင်းမှ သွေးထွက်ခြင်း ပြည်တည်နာဖြစ်ခြင်းတို့အထိပါ ဖြစ်ပွားနိုင်သောကြောင့် ဂရုစိုက်ရန်လိုအပ်ပါသည်။

ငါးရိုးစူးလျှင် မိမိဘာသာထုတ်ရန် မကြိုးစားပါနှင့် အထက်ဖော်ပြပါ အိမ်တွင်းနည်းလမ်းများကို ကြိုးစားကြည့်ပါ မသက်သာပါက နီးစပ်ရာဆေးခန်း သို့မဟုတ် နားနှာခေါင်းလည်ချောင်းဆရာဝန်သို့ အမြန်သွားရောက် တိုင်ပင်သင့်ပါသည်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
en_US