စိတ်ကျခြင်းနဲ့ ရင်ဆိုင်ခြင်း
ရေးသားသူ – Dr. Hein Thu Wai
စိတ်ကျခြင်းကို အမြဲ စိတ်ညစ်၊ စိတ်အားငယ် အိပ်ရာပေါ်ပဲ ခွေနေတဲ့ စိတ်အခြေအနေလို့ အမှတ်မှားကြတယ်။ တကယ်တမ်းကျတော့ စိတ်ကျခြင်းနဲ့ ရင်ဆိုင်နေရတဲ့ အချိန် ဘေးပတ်ဝန်းကျင်က သိနိုင်ဖို့ ခဲယဉ်းပါတယ်။
နေ့စဉ်သွားလာ လှုပ်ရှားနေပေမယ့် စိတ်ညစ်ခြင်း၊ ပျော်ခြင်း ဘာတစ်ခုမှ မရှိ၊ အသက်ရှင်နေရတာဘာမှ အဓိပ္ပာယ်မရှိသလို ခံစားနေရတတ်ပါတယ်။ ဒါတွေကို ကျော်လွန် လွန်မြောက်ဖို့ဆို လုပ်သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။
စိတ်ကျခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ လုပ်သင့်တဲ့ အရာတွေက လုပ်ဖို့ အခက်ခဲဆုံး အရာတွေပါပဲ။ ခက်ခဲတယ်ဆိုတာ မဖြစ်နိုင်၊ မလုပ်နိုင်တာ မဟုတ်ပါဘူး။ စိတ်ကျခြင်းကနေ လွတ်မြောက်နိုင်ဖို့ နည်းနည်းတော့ အားစိုက်ထုတ်ဖို့လိုပါတယ်။
၁) အလေ့အကျင့်ဖြစ်အောင် လုပ်ပါ။
စိတ်ပါမှ ထ လုပ်တဲ့ ပုံမျိုးမဟုတ်ဘဲ နေ့စဉ်လုပ်နေကျ အလေ့အကျင့်ဖြစ်အောင် လုပ်သင့်ပါတယ်။ စိတ်ပါမှ လုပ်တယ်ဆိုတာ စိတ်ကျခြင်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်ဆို လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နေ့စ္စဒူဝ အလေ့အကျင့် လေ့ကျင့်တာက စိတ်ကျခြင်းကို တိုက်ထုတ်ပေးပါတယ်။
၂) ရည်မှန်းချက် ထားပါ။
အိမ်ကြီးကြီး ဝယ်ဖို့၊ ကားကောင်းကောင်းစီးဖို့ တွေလို ရည်မှန်းချက်မျိုးမဟုတ်ဘဲ ရည်မှန်းချက် အသေးစားလေးတွေ သတ်မှတ်ဖို့လိုပါတယ်။ စိတ်ကျခြင်းခံစားရတဲ့အခါ နေ့စဉ်ဆောင်တာတွေ ပျက်ကွက်ပါတယ်။ တစ်ရက်စာ တစ်ရက် ကိုယ်လုပ်နိုင်တဲ့ ရည်မှန်းချက် အသေးလေးတွေ ထားဖို့ပါ။ ဥပမာ – ဒီနေ့ အဝတ်လျှော်ဖို့၊ ဒီနေ့တော့ လိမ္မော်ရည်တစ်ခွက်သောက်မည်။
၃) လေ့ကျင့်ခန်း လုပ်ပါ။
စိတ်ကျခြင်းကို တွန်းလှန်ဖို့ နည်းပေါင်းစုံ စာပေါင်းစုံ ရှိလည်း လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းတာကတော့ အမြဲ ပါလေ့ရှိပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ Endorphines လို့ခေါ်တဲ့ ဟော်မုန်းဓာတ် ထွက်ပါတယ်။ အဲ့ဒီ ဟော်မုန်းဓာတ်က လူကို ပျော်ရွှင်အောင် တွန်းအားပေးပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ ဦးဏှောက်မှာ အကောင်းမြင်စိတ်တွေ ပေါ်လာအောင်လည်း ပံ့ပိုးပေးပါသေးတယ်။
ဒါဆို လေ့ကျင့်ခန်း ဘယ်လောက်လုပ်ရမလဲ။ Gym သွားရမှာလား? အဲ့ဒါတွေ မလိုပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက်လမ်းလျှောက်ပေးတာ လောက်နဲ့တင် စိတ်ကျခြင်းကိုရင်ဆိုင်ဖို့ လုံလောက်ပါတယ်။
၄) ကျန်းမာတဲ့ အစားအသောက်တွေ စားသုံးပါ။
တကယ်တော့ စိတ်ကျခြင်းကို သက်သာစေတဲ့ အစားအစာ မရှိပါဘူး။ စိတ်ဓာတ်ကျတဲ့အခါ ပိုစားတတ်ပါတယ်။ စားတဲ့အခါလည်း မိမိကြိုက်တဲ့ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အစာတွေရော သင့်တော်တာတွေရော သတိမထားတော့ပါဘူး။
အဲ့ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ ဂရုစိုက် ရပါမယ်။ နောက်ပြီး အိုမီဂါ-3 acid ပါတဲ့ အစားအစာတွေ (Salmon နဲ့ Tuna ငါးတွေ) နဲ့ Folic acid ကြွယ်ဝတဲ့ အစားအစာတွေ (ထောပတ်သီးတို့ ဟင်းနုနယ်ရွက်တို့) စားပေးခြင်းက စိတ်ကျခြင်းကို သက်သာစေပါတယ်။
၅) အိပ်ရေးဝဝ အိပ်ဖို့
စိတ်ကျခြင်းနဲ့ ရင်ဆိုင်ရရင် တော်ရုံ အိပ်မပျော်ပါဘူး။ အိပ်မပျော်တဲ့အခါ စိတ်ကျခြင်းက ပိုဆိုးနဲ့ ပတ်ချာလည် ဖြစ်နေတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် အချိန် တစ်ခု သတ်မှတ်ပြီး အိပ်ရာဝင်၊ စောစောထ ပြီး အိပ်ရေးဝ ဖို့ ကြိုးစားကြည့်ပါ။ အိပ်ရေးဝ တဲ့အခါ စိတ်ကျခြင်းလျော့နည်းပါတယ်။
၆) တစ်ခုခုကို တာဝန်ယူပြီး လုပ်ကိုင်ကြည့်ပါ။
စိတ်ဓာတ်ကျတဲ့အခါ ဘာကိုမှ မလုပ်ချင်တော့ဘဲ ရှောင်နေချင်တာတွေ ရပ်လိုက်ကြည့်ပါ။ အလုပ်မှာ ဖြစ်ဖြစ် အိမ်မှာ ဖြစ်ဖြစ် တစ်ခုခု ကို တာဝန်ယူပြီး ပြီးမြောက်တဲ့ အထိ လုပ်ကြည့်ပါ။
အလုပ်တစ်ခုပြီးရင် နောက်တစ်ခု ထပ်လုပ်ကြည့်ပါ။ အလုပ်များနေရင် စိတ်ဓာတ်ကျတာကိုပါ မေ့သွားပါလိမ့်မယ်။ တကယ်လို့ အလုပ်တာဝန်တွေ အိမ်တာဝန်တွေ မလုပ်ချင်ရင် ကုသိုလ်ဖြစ်လုပ်အားပေးတွေမှာလည်း ပါလို့ရပါသေးတယ်။
၇) ကိုယ်တွေးနေတာတွေ မှန်မမှန် ဆန်းစစ်ကြည့်ပါ။
ဒါဟာ တစ်ခါ တစ်လေ ခက်ခဲကောင်း ခက်ခဲပေမယ့် ကြိုးစားပြီး တွေးကြည့်သင့်ပါတယ်။ ကိုယ်တွေးနေတာတွေက တကယ်ရော ဟုတ်ရဲ့လား။ အဆိုးပဲ မြင်နေမိတာလား မေးခွန်းထုတ်ကြည့်ပါ။
ဥပမာ – လူတွေက ငါ့ကို မုန်းတယ်ဆိုပြီး တွေးနေရင် တကယ်မုန်းနေတာလား၊ ဘာကြောင့် မုန်းနေတာလဲ၊ ကိုယ့်ဘာသာ စိတ်ထင်နေတာလား ဒီလိုစမ်းစစ်ပါ။
၈) ဆေးသောက်မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။
တကယ်လို့ကိုယ်က ပုံမှန်ဆေးတွေအပြင် စိတ်ဓာတ်ကျနေလို့ ဆေးဝါးအကူအညီ လိုချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
၉) အသစ်အဆန်းတွေ လုပ်ကြည့်ပါ။
ကိုယ်မလုပ်ဘူးတာတွေ ကိုယ်မစားဘူးတာတွေ၊ အတွေ့အကြုံသစ်တွေကို စိတ်လှုပ်ရှားစရာကောင်းတာ က စိတ်ကျခြင်းကို မေ့လျော့စေပါလိမ့်မယ်။
၁၀) ပျော်အောင်နေပါ။
စိတ်ဓာတ်ကျနေတယ်ဆို ကိုယ့်ကိုယ် ကို ပျော်အောင်နေဖို့ အချိန်ပေးပါ။ “ဘယ်အရာ ကမှ မပြောဘူးဆိုရင်ရော” ဒါဆို စိတ်ဓာတ်ကျ နေတာပါပဲ။ အဲ့ဒီအတွက် ကြိုးစားပါ။
ပျော်လာတဲ့အထိ လုပ်ပါ။ ပျော်ဖို့ အတွက် အစီအစဉ်တွေ ဖန်တီးပါ။ ရုပ်ရှင်ကြည့်မယ်၊ သီချင်းတွေ နားထောင်မယ်။ ကြိုးစားရင်းနဲ့ ပျော်စရာ အရာတွေဟာ အရင်လို ပျော်စရာတွေ ပြန်ဖြစ်လာမှာပါ။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |