ဆီးချိုရောဂါသည်မိခင်၏ ကိုယ်ဝန်ဆောင်ဘဝ
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (MBBS)
ဆီးချိုဆိုတာ သွေးထဲမှာ အချိုဓာတ်သကြားဓာတ်တွေလိုအပ်တာထက်များနေတာကိုခေါ်ပါတယ်။ စားလိုက်တဲ့အစားအစာ(ထမင်း, ပေါင်မုန့် )ကနေ Glucose ဆိုတဲ့ သကြားဓာတ်အချိုဓာတ် ထွက်လာပါတယ်။
အဲ့လိုထွက်လာတဲ့အခါ မုန့်ချိုအိတ်လို့ခေါ်တဲ့ pancreas ကနေ အင်ဆူလင်ဆိုတဲ့ဟော်မုန်းကို ထုတ်ပေးပြီး သကြားဓာတ်ကို ခန္ဓာကိုယ်မှာလိုအပ်တဲ့စွမ်းအင် အဖြစ်ပြောင်းလဲအောင်ကူညီပေးပါတယ်။
ဆီးချို ၂မျိုးရှိပါတယ် type 1 နှင့် type 2 လို့ခေါ်ပါတယ်။
Type 1 – မုန့်ချိုအိတ်ကနေ အင်ဆူလင် လုံးဝမထွက်တဲ့ရောဂါပါ။
Type 2- မုန့်ချိုအိတ်ကနေ အင်ဆူလင်လုံလုံလောက်လောက် မထုတ်ပေးနိုင်တာပါ (သို့) ခန္ဓာကိုယ် က ဆဲလ်တွေက အင်ဆူလင်ကို မတုံ့ပြန်နိုင်တော့တဲ့ရောဂါပါ။
နောက်ဆုံးတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ဆီးချိုပါ ကိုယ်ဝန်ဆောင်ချိန်သွေးထဲမှာအချိုဓာတ်တွေများလာပြီး ကလေးမွေးပြီးရင် ပြန်ကောင်းသွားတာပါ။
ဒီဆောင်းပါးမှာတော့ ဆီးချိုရောဂါသည် မိခင်တွေရဲ့ကိုယ်ဝန်ဆောင်ဘဝကိုပြောမှာဖြစ်ပါတယ်။ ဆီးချိုရောဂါသည်ဖြစ်လို့လည်း သိပ် စိတ်ပူစရာတော့ မရှိပါဘူး ကျန်းမာတဲ့ကလေးမွေးနိုင်ပါတယ်။
သို့ပေမယ့် ဆီးချိုရောဂါရှိတဲ့အတွက်
- အရွယ်အစားကြီးတဲ့ကလေးမွေးနိုင်လို့ မီးဖွားရခက်တတ်ပါတယ်။
- သားပျက်သားလျောဖြစ်နိုင်ပါတယ်။
- ကလေးက ပုံမှန်အတိုင်းမဖွံ့ဖြိုးပဲ ခန္ဓာကိုယ် အစိတ်အပိုင်းချို့ယွင်းချက်တွေရှိနိုင်ပါတယ်။
- ကလေးမှာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေရှိတတ်ပါတယ်။
- မွေးပြီးရင် အသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာတွေရှိတတ်လို့ ဆေးရုံမှာမွေးဖွားသင့်ပါတယ်။
ကလေးရော မိခင်ပါ ကျန်းမာဖို့ အတွက် ဆီးချိုကို ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိထဲက ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး သေချာပုံမှန်ဖြစ်အောင်ထိန်းထားသင့်ပါတယ်။ folic acid ဖောလစ်အက်စစ်ကိုလည်း နေ့စဉ်မှန်မှန် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။
ဆေးသောက်နေကျလူဆိုရင်
- ဆေးတွေလည်းပုံမှန် သောက်ပေးရပါမယ်။
- သွေးထဲက အချိုဓာတ်ကို အိမ်မှာ လက်ထိပ်ဖောက်စစ်တဲ့ကိရိယာနဲ့ဖြစ်စေ ဆေးခန်းသွားရဲ့ဖြစ်စေ အချိန်မှန်မှန်စစ်ဆေးရပါမယ် ။
- တစ်ချိန်ထဲမှာပဲ သွေးချိုဓာတ် အရမ်းမနည်းအောင်လည်းဂရုပြုရမှာဖြစ်ပါတယ်။
- မျက်လုံးကိုလည်း စစ်ဆေးရပါမယ်။ ဆီးချိုကြောင့်နောက်ဆက်တွဲအနေနဲ့ကိုယ်ဝန်ဆောင်ချိန်မှာပိုဆိုးတတ်လို့ပါ။
ကလေးကို ဆေးရုံမှာပဲမွေးသင့်ပါတယ်
မိခင်ရဲ့သွေးထဲမှာအချိုဓာတ်များနေရင် ကလေးဆီကို အချင်းကနေ အချိုဓာတ်တွေတိုက်ရိုက်ရောက်လို့ ကလေးက အင်ဆူလင်ဓာတ်ကို ပိုမိုထုတ်ရတဲ့အတွက် ခန္ဓာကိုယ် အရွယ် အစားကြီးပြီး မွေးတတ်ပါတယ် အဲ့လိုအချိန်မှာဆို မိခင်က ကလေးကို မွေးရတာ အခက်အခဲရှိနိုင်တာမို့ ဆေးရုံမှာ မွေးခြင်းက စိတ်အချရဆုံးဖြစ်ပါတယ်။
ကလေးကိုမွေးပြီးတာနဲ့ချက်ချင်းနို့တိုက်ပေးရပါမယ် ၊ ကလေးသွေးထဲက အချိုဓာတ် ပုံမှန်ဖြစ်နေဖို့ပါ။
ကလေးမီးဖွားပြီးရင်လည်း ဆရာဝန်နဲ့ ပြန်လည်ပြသပြီး ဆီးချိုဆေးတွေပုံမှန်သောက်လို့ ရမရ မေးရပါမယ် ဆေးအတိုးအလျှော့ လုပ်ပေးဖို့ပါ။
ဆီးချိုရောဂါသည်တွေအတွက် အရေးကြီးတဲ့အချက် က အစားအသောက် ကိုသေချာ ဂရုစိုက်စားသုံးရမည့်အပြင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ဆေးသောက်ဖို့လိုရင်ဆေးပုံမှန်သောက်သုံးခြင်းဖြင့်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |