ဆီးချိုရောဂါအကြောင်း
ရေးသားသူ – Dr. Hein Thu Wai
တစ်ရက်က အဖေ့ သူငယ်ချင်းဦးလေးတစ်ယောက်ဆီ အလည်သွားဖြစ်တယ်။ သူကလည်း ခေတ်ပညာတတ် တစ်ယောက်ပါပဲ။ ရောက်လို့ စကားစပ်မိရင်း ဆီးချိုအကြောင်းလေးရောက်သွားတယ်။ အဲ့မှာ ဦးလေးက ပြောတယ်။ သူဆီးချိုပျောက်သွားပြီတဲ့။
ဘယ်လိုပျောက်လဲဆိုတော့ ဘာအရွက်လဲမပြောတတ်ပါဘူး။ ခြံထဲမှာ စိုက်ပျိုးထားတဲ့ အပင်ပုပုလေးက အရွက်ကိုယူပြီးရေနဲ့ ဆေးပြီးပြတယ်။ အဲ့ဒီ ဦးလေးက မနက်အိပ်ရာထရင် တစ်ရွက်စားတယ်တဲ့။ ဆီးချိုတိုင်းကြည့်တာ မရှိဘူး ဆိုပြီး အားရဝမ်းသာပြောပြတယ်။
ပြန်စဉ်းစားရရင် ဆီးချိုကို ထိန်းနိုင်တာတော့ ဝမ်းသာစရာပါပဲ။ ကျွန်တော့် အထင် အရွက်မှာ ဆီးချိုကျစေတဲ့ ဓာတ် ပါကောင်းပါမယ်။ ဒါကြောင့်လည်း ထိန်းနေနိုင်တာပေါ့။ ဒါပေမယ့် မကောင်းတဲ့အချက်တွေ ကိုယ့်မျက်စိရှေ့မှာ မြင်နေရတော့ ရှင်းပြဖြစ်တယ်။
ဆီးချိုကတော့ ပျောက်တယ်ဆိုပြီး လူတွေ အတွေးမှားနေကြတာတွေရှိတယ်။ ဆီးချို၊ သွေးချိုရောဂါ ဆိုတာ ရာသက်ပန် Lifestyle ကို ထိန်းကြောင်းပြီး အသက်ထက်ဆုံးနေထိုင်သွားရတဲ့ရောဂါမျိုးပါ။ ဆေးသောက်လို့ ပုံမှန် သွေးတွင်း Glucose Level ပုံမှန် အတိုင်း လနဲ့ချီ၊ နှစ်နဲ့ချီ ကြာလာတဲ့အခါ ဆီးချိုပျောက်ပြီ ဆိုပြီ တရားသေ တွတ်တတ်ကြပါတယ်။
လူတစ်ယောက်ခန္ဓာကိုယ်မှာ ဝင်လာတဲ့ Glucose တွေကို သွေးတွင်းကနေ ဆဲလ်တွေအတွင်း စုပ်ယူနိုင်ဖို့ လိုပါတယ်။ ဒီလို ဇီဝကမ္မဖြစ်စဉ် ယိုယွင်းတဲ့အခါ သွေးထဲမှာ Glucose လို့ခေါ်တဲ့ သကြားဓာတ်တွေ စုပုံလာပါတယ်။ အဲ့ဒီအခါ ဆီးချို၊သွေးချို ဆိုပြီး ဖြစ်လာပါတယ်။ ဒါကို ကုသဖို့ဆိုရင် ဆီးချို၊သွေးချိုနဲ့ ပက်သက်ပြီးနည်းနည်းတော့ ရှင်းပြမှဖြစ်မယ်။
အဲ့တော့ဆီးချိုအကြောင်းပြောမယ်ဆို ဆီးချိုက ပုံစံ ၂ မျိုးရှိပါတယ်။
Type (1) ဆီးချို ပုံစံကတော့ autoimmune ပြသနာကြောင့်ဖြစ်ပြီး သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့ insulin ကို ခန္ဓာကိုယ်က မထုတ်ပေးနိုင်တဲ့အခါ သွေးတွင်း သကြားဓာတ် မြင့်တက်စေပါတယ်။ ဆီးချိုလူနာ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမှာ တွေ့ရတတ်ပြီး အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။
Type (2) ဆီးချိုပုံစံက အတွေ့များရပြီး အသက် ၄၀ ကျော်တွေမှာ ဖြစ်တာ ပိုတွေ့ရပါတယ်။ ခန္ဓာကိုယ်က insulin ကို မတုံ့ပြန်တော့ဘဲ နေတဲ့အခါ သွေးတွင်း သကြားဓာတ် စုပုံလာပြီး ဆီးချို၊ သွေးချိုဖြစ်လာပါတယ်။
အပေါ်မှာ ပြောထားတဲ့ နာတာရှည်ဆီးချို၊သွေးချို၂ မျိုးအပြင် Prediabetes နဲ့ Gestational Diabetes ဆိုပြီး ရှိပါသေးတယ်။
Prediabetes ကတော့ သွေးတွင်းဆီးချိုဓာတ်မြင့်နေပေမယ့် ဆီးချို၊ သွေးချိုရောဂါလို့ သတ်မှတ်ရလောက်တဲ့ အဆင့်မရှိတဲ့ ပုံစံပါ။
Gestational Diabetes ကတော့ ကိုယ််ဝန်ဆောင်ချိန် သွေးတွင်း သကြားဓာတ်မြင့်တာ ဖြစ်ပြီး ကလေးမွေးဖွားပြီးရင် ပျောက်သွားပါတယ်။
Type (1) ဆီးချို အမျိုးအစားကတော့ ခန္ဓာကိုယ်က Insulin ကို မထုတ်ပေးနိုင်တဲ့အတွက် ပြင်ပ Insulin ကိုရယူခြင်းဖြင့် ကုသရပါတယ်။
Type (2) ဆီးချို အမျိုးအစားကိုတော့ သောက်ဆေး၊ ထိုးဆေးတွေ အပြင် Insulin နဲ့ပါ တွဲပြီး ကုသပုံ ကုသနည်းအမျိုးမျိုး ရှိပါတယ်။
အပေါ်မှာ ပြောတာလေ ပြန်ဆက်ရရင် အဖေ့ သူငယ်ချင်းဖြစ်တဲ့ ဦးလေးက သူနေ့တိုင်းစားနေတဲ့ အရွက်မှာ သွေးချိုကျတဲ့ဓာတ် ပါကောင်း ပါ ပါလိမ့်မယ်။
ဒါပေမယ် တကယ်စနစ်တကျ နဲ့ သွေးချိုကို ထိန်းထားတာမဟုတ်တဲ့အတွက် နောက်ဆက်တွဲ ဆိုကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့
- နှလုံးရောဂါ၊ လေဖြတ်ခြင်း
- အာရုံကြောထိခိုက်ခြင်း
- မျက်စိအမြင်ထိခိုက်ခြင်း နဲ့ မျက်လုံးကွယ်ခြင်း
- အကြားအာရုံထိခိုက်ခြင်း
- ခြေလက် အနာများ ပိုးဝင်ပြီး လွယ်လွယ်နဲ့ အနာမကျက်ခြင်း
- အရေပြားရောဂါ
- စိတ်ကျရောဂါ
- ဦးဏှောက်ထိခိုက်ခြင်း
စတာတွေဖြစ်နိုင်ပါတယ်။
သွေးချို၊ဆီးချိုရောဂါကို အသံတိတ် လူသတ်သမားလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
သွေးချို၊ဆီးချို ရောဂါ ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် အသက်ဆုံးပါးသွားကြတဲ့ အထိ အန္တရာယ်များပါတယ်။ စနစ်တကျနဲ့ သွေးချို၊ ဆီးချိုကို ပုံမှန် စစ်ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။
အဖေ့ရဲ့ သူငယ်ချင်း ဦးလေးလို ဆေးမြီးတိုအရွက်တွေနဲ့ သွေးချို၊ ဆီးချို ထိန်းပြီး ပျောက်သွားပြီလို့ အယူအဆလွဲနေတာ အန္တရာယ် အရမ်းများပါတယ်။
သွေးချို၊ဆီးချို ကို ထိန်းဖို့ နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |