ဆေးဝါးတွေနဲ့ ပတ်သက်ပြီး အထင်မှားနေတဲ့အချက် (၆)ချက်

ရေးသားသူ – Dr. Hein Thu Wai

(၁) သဘာဝကုထုံးဟာ အကောင်းဆုံး
“သဘာဝ” ဆိုတဲ့ စကားလုံးကို လူအတော်များများက အမှတ်မှားနေကြတာရှိပါတယ်။ “သဘာဝ” လို့ ခေါင်းစဉ်တပ်ထားတာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် မျက်စိစုံမှိတ် ယုံလိုက်လေ့ရှိပါတယ်။

ဘာကြောင့်လဲ?? ဘာလို့လဲ???
“သဘာဝ”ဆိုရင် ဘေးထွက်ဆိုးကျိုးမရှိဘူး၊ “သဘာဝကုထုံး ဟာ အကောင်းဆုံး” ဆိုပြီး အရိုးစွဲ မှတ်ထင်ထာကြလို့ပါပဲ။ တကယ်တမ်း ကျွန်တော်တို့ ပုံမှန်သောက်သုံးနေတဲ့ ဆေးဝါးတွေဆိုတာ “သဘာဝ”က က ရတဲ့ အရွက်၊ အသီး၊ စတာတွေကို သောက်ရ လွယ်ကူပြီး ဆေးပမဏာ သေချာတွက်ချက်လို့ရအောင် ထုတ်ထားတဲ့ ဆေးလုံး၊ ဆေးတောင့်လေးတွေပါပဲ။

ဒီလို ဓာတ်ခွဲခန်းမှာ သေချာ စနစ်တကျ ဓာတ်ခွဲပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကြောင့်သာ ရောဂါအများအပြား သက်သာပျောက်ကင်းကြတာပါ။ ဒါ့ကြောင့် “သဘာဝ ကုထုံးသာ အကောင်းဆုံး” ဆိုတာ လွဲနေတဲ့ အယူအဆ တစ်ခုပါပဲ။

(၂) ရောဂါဖြစ်ရင် ပိုးသတ်ဆေးသောက်ကိုသောက်ရမယ်
တစ်ခုခု နေမကောင်းဖြစ်ရင် ဆေးခန်း၊ဆေးရုံပြပြီး ပိုးသတ်ဆေးသောက်ကို သောက်ရမယ်လို့ အစွဲရှိတဲ့သူတွေရှိပါတယ်။ တခါတစ်ရံ ဘာဆေးမှ မပေးဘဲ ရောဂါအခြေအနေကို စောင့်ကြည့်ရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ ဒါမှမဟုတ်လည်း ဆေးပေးဖို့ မလိုတဲ့ အခြေအနေတွေရှိပါတယ်။

တစ်ခါက လည်ချောင်းနာလို့ လာပြတဲ့လူနာတစ်ယောက်ကိုတွေ့ဘူးပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးတဲ့အခါ ရောဂါပိုးဝင်တာမရှိဘဲ သာမန် လည်ချောင်းနာတယ်ဆိုတာကို တွေ့ရပါတယ်။ အဲ့ဒီအခါ အိမ်မှာ အနားယူပြီး ရေများများသောက်ဖို့နဲ့ သက်သာအောင် ဆေးအချို့ပေးလိုက်ပါတယ်။ အဲ့ဒီအခါ “ပိုးသတ်ဆေး မပါဘူးလား” လို့ မေးခွန်းထုတ်ပါတယ်။ လူနာအနေနဲ့က ပိုးသတ်ဆေး သောက်ချင်တဲ့ပုံကို ပြနေပါတယ်။

အဲ့ဒီအခါ ယခု ရောဂါလက္ခဏက ရောဂါပိုးဝင်တာမဟုတ်တဲ့အတွက် ပိုးသတ်ဆေးပေးဖို့ မလိုကြောင်း၊ ပိုးသတ်ဆေးကို မလိုအပ်ဘဲသောက်ရင် နောက်ပိုင်း ဆေးက မတိုးတော့ဘဲ ပိုးသတ်ဆေး အပြင်းတွေ သောက်ရမှဖြစ်တဲ့အကြောင်းတွေ ရှင်းပြရတော့ပါတယ်။ နောက်တစ်ပတ်လောက်အကြာ လူနာရက်ချိန်းပြန်လာ ပြတဲ့အခါ လည်ချောင်းနာတာ ပျောက်ကင်းသွားပါပြီ။

(၃) ကြော်ငြာတဲ့ ဆေးတွေက ပိုအာနိသင်ရှိတယ်
လူအတော်များများက စွဲထင်နေတာ ကြော်ငြာတဲ့ ဆေးက ပိုအာနိသင်ရှိတယ်၊ ပို ထိရောက်တယ်လို့ တွေးထင်တတ်ကြပါတယ်။ FDA က အသိအမှတ်ပြုထားတဲ့ ဆေးဆိုရင် အကျိုးအာနိသင်၊ အရည်အသွေး တွေ မကွာခြားတတ်ကြပါဘူး။ များသောအားဖြင့် ဆေးရဲ့ ဓာတုနာမည်တူရင် အကျိုးအာနိသင် တူတူပါပဲ။

(၄) ဓာတုဆေးဝါးတွေကြောင့် ရောဂါပိုဆိုးတယ်
နာတာရှည် ဆီးချို၊သွေးချို ဝေဒနာရှင်တွေ သွေးတိုး၊ နှလုံး ဝေဒနာရှင်တွေ ဆို ဆေးကို နှစ်ရှည်စွဲသောက်ရပါတယ်။ နောက်ပိုင်းမှာ ကျောက်ကပ်ထိတာတို့၊ အသည်းထိတာတို့ ဆိုပြီး ပြောဆိုကြတာတွေရှိပါတယ်။ ဆေး သောက်တာ နှစ်ချို့လို့ ကြာလို့ ဆေးရဲ့ အာနိသင်ကြောင့်ဆိုပြီး တွေးထင်တတ်ပါတယ်။

တကယ်တမ်းက နာတာရှည် ဆီးချို၊သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ ရှိတဲ့သူတွေဟာ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ဆေးကို အတိုးအလျှော့ သောက်ရပါတယ်။ ဒါပေမယ့် မိမိ သဘောနဲ့ ဆေးကို စိတ်ကြိုက်သောက်ပြီး ရောဂါကို ထိန်းချုပ်မှု အားနည်းပါတယ်။

အဲ့ဒီအခါ ဆီးချို၊သွေးချို၊ သွေးတိုး၊ နှလုံး ရောဂါတို့ရဲ့ နောက်ဆက်တွဲ ရောဂါတွေ ဝင်ပြီး ကျောက်ကပ်ပျက်စီးတာ၊ အသည်းထိခိုက်တာတို့ ဖြစ်လာရပါတယ်။

ဒါကြောင့် ဆေးဝါးတွေကို နှစ်ရှည်သောက်လို့ ရောဂါကပိုဆိုးတာမဟုတ်ဘဲ များသောအားဖြင့် ရောဂါကို ထိန်းချုပ်ဖို့ ပျက်ကွက်တာကြောင့် နောက်ဆက်တွဲ ရောဂါတွေဝင်လာရတာဖြစ်ပါတယ်။

(၅) ဆေးတွေ တစ်ခုနဲ့ တစ်ခုက ပမာဏတူတူပဲ
လူနာကို ဆေးသောက်ဖို့ ညွှန်းတဲ့အခါ ဒီဆေးကိုတော့ “တစ်နေ့ နှစ်လုံး” ဟိုဆေးကတော့ “တစ်နေ့ သုံးလုံး” စသဖြင့် ညွှန်းရလေ့ရှိပါတယ်။ အဲ့ဒီအခါ လူနာက ဆေးတွေက တစ်ခုနဲ့ တစ်ခု ပမာဏတူတူပဲ ထင်မှတ်လေ့ရှိပါတယ်။

ဥပမာ Aဆေးက ၁၀ မီလီဂရစ် ရှိသလို Bဆေးကလည်း ၁၀ မီလီဂရစ်၊ တူတူပဲ ထင်ကြပါတယ်။ အဲ့ဒီအခါ နဂို ဝယ်ဖို့ ညွှန်းလိုက်တဲ့ ဆေးမရှိလို့ အလားတူဆေးကို ဝယ်တဲ့အခါ ပါဝင်တဲ့ ပမာဏ (ဥပမာ မီလီဂရမ်) မစစ်ဘဲ တူတူဘဲဆိုပြီး ဝယ်သောက်ကြတာမျိုးရှိပါတယ်။

(၆) ဆေးတွေကို ကြိတ်ခြင်း၊ တစ်ခြမ်းခြမ်းခြင်း
ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် ကြိတ်ပြီး အချိုရည်နဲ့ ရောသောက်တာတို့၊ တစ်ခြမ်းခြမ်းပြီး သောက်တာတို့ မလုပ်သင့်ပါဘူး။ အချို့ဆေးဝါးတွေက နဂိုမူရင်းညွှန်းတဲ့အတိုင်းသောက်မှသာ ဆေးရဲ့ အာနိသင်ကို ရတာဖြစ်ပါတယ်။

နောက်ပြီး မိမိသဘောနဲ့ တစ်ခြမ်းခြမ်းပြီး သောက်ရင် ဆေးရဲ့ အာနိသင် တစ်ဝက်ရမယ်လို့ တွေးထင်နေတတ်ပါတယ်။ တကယ်က မဟုတ်ပါဘူး။ ဆေးကို နဂိုမူရင်းအတိုင်းမဟုတ်ဘဲ ကြိတ် / ခြမ်းပြီးသောက်လို့ ရမရကို ညွှန်းကြားတဲ့ ဆရာဝန်ကို မေးမြန်းရပါမယ်။

Name Dr. Hein Thu Wai
Degrees M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO)
Biography
Topic
  • အဖြစ်များသော ကျန်းမာရေးပြသာနာများအကြောင်း
Address 126, Sint Oh Dan Street, Latha, Yangon
en_US