ဒေါသစိတ်ကိုကိုင်တွယ်ဖြေရှင်းခြင်း_အပိုင်း၁
ရေးသားသူ – Dr. Htein Linn Aung
ဒေါသထွက်တယ်ဆိုတာ ပုံမှန်စိတ်ခံစားချက် တစ်ခုပါပဲ။ ဒါပေမဲ့ ဒေါသကို မထိန်းနိုင်တဲ့အခါ အလုပ်မှာ ပြဿနာတက်တာ၊ ဆက်ဆံရေးအဆင်မပြေတာတွေဖြစ်ပြီး ဘဝတိုးတက်ရေးကို ထိခိုက်စေပါတယ်။
ဒါကြောင့် ဒီပို့စ်မှာ ဒေါသစိတ်အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးပါမယ်။
#ဒေါသစိတ်ရဲ့သဘောသဘာဝ
ဒေါသဆိုတာ သာမာန်စိတ်တိုတာကနေ အပြင်းအထန်ဒေါသပေါက်ကွဲတဲ့အထိ ဖြစ်တတ်တဲ့ စိတ်ခံစားချက်တခု ဖြစ်ပါတယ်။
သင့်လျော်တဲ့ ပမာဏလောက်ပဲ ဒေါသထွက်ရင် စိတ်တက်ကြွစေပြီး အကျိုးပြုပါတယ်။
ဥပမာ – အလုပ်မှာအခက်အခဲကြုံချိန် ဒေါသထွက်ပြီး မရရအောင် လုပ်မယ်ဆိုတာမျိုးပါ။
ဒေါသအမျိုးအစားတွေကိုတော့ မကျေနပ်မှုဒေါသ၊ မခံချင်တဲ့ ဒေါသ၊ မကြိုက်မနှစ်သက်တဲ့ ဒေါသ၊ အားငယ်မှုဒေါသ၊ ကြောက်ရွံ့မှုဒေါသ၊ ဖျက်ဆီးချင်တဲ့ဒေါသ၊ သူပြောတာကို နားထဲကန့်လန့်ဖြစ်နေတဲ့ဒေါသ စသဖြင့် Oxford ဆရာတော်ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
#ဒေါသကဘယ်လိုအရေးပါသလဲ ??
ဒေါသထွက်တာဟာ ဇာတိစိတ်ရဲ့ တုံ့ပြန်နည်းထဲက တစ်ခုလဲ ဖြစ်ပါတယ်။
သဘာဝအရ သတ္တဝါတွေမှာ ရှင်သန်နိုင်ဖို့အတွက်ဇာတိစိတ် (survival instinct) ဆိုတာရှိပါတယ်။
အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကြုံလာတဲ့အခါမှာ ဒီ instinct အရ ရင်ဆိုင်မလား ပြေးမလား (Fight or Flight reaction) ဆိုပြီး တုံ့ပြန်ကြပါတယ်။ ခြိမ်းခြောက်တဲ့အရာက ကိုယ်နိုင်မယ်ယူဆရင် တိုက်ခိုက်ပြီး မနိုင်ဘူးထင်ရင် လွတ်အောင်ပြေးပါတယ်။
အဲလို အလျင်အမြန်တုံ့ပြန်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေအောင် ခန္ဓာကိုယ်ကနေ Stress hormones (Adrenaline, Cortisol, norepinephrine) ဟော်မုန်းတွေထုတ်လိုက်ပါတယ်။ အဲအခါ နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေ မြန်တာ၊ ခြေလက်ကြွက်သားတွေတောင့်တင်းလာတာ၊ ချွေးထွက်လာတာတွေ၊ ဒေါသထွက် ရန်လိုလာတာတွေ ဖြစ်လာပါတယ်။
ဒါမှ တိုက်ခိုက်တာပဲ ဖြစ်ဖြစ် ပြေးတာပဲဖြစ်ဖြစ် ချက်ချင်း အင်တိုက်အားတိုက်လုပ်ဆောင်နိုင်မှာပါ။
ဒါကြောင့်လဲ Aggression က လူသားတွေ မျိုးမတုန်းစေတဲ့ အချက် ၁ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
သာမာန်ချိန်မှာ ပစ္စည်းလေးတာမသယ်နိုင်တဲ့ လူပိန်တယောက်က အိမ်မီးလောင်ချိန်မှာ သေတ္တာ ၂ လုံးထမ်းပြီးပြေးတာ မီးလဲငြိမ်းကော အဲသေတ္တာပြန်မသယ်နိုင်လို့ တခြားလူကူသယ်ခိုင်းရတယ်ဆိုတဲ့ ကြားဖူးတဲ့အဖြစ်ဟာ ဒီ instinct ကြောင့်ဖြစ်နိုင်ပါတယ်။
ဒီ instinct ရဲ့ ဆိုးတဲ့အချက်က အသက်အန္တရာယ်မရှိတဲ့ ဖိစီးမှုတွေကိုလဲ ခန္ဓာကိုယ်က ဒီလိုတုံ့ပြန်တတ်ပါတယ်။ e.g., ကားပိတ်တာ၊ အလုပ်ဖိစီးတာ၊ ဆက်ဆံရေးအဆင်မပြေဖြစ်တာ၊ မတရားလုပ်ခံရတယ် ယူဆတဲ့အခါ၊ စော်ကားတယ်လို့ ထင်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။
#ဘာတွေကြောင့်ဒေါသထွက်ကြသလဲ ??
ပြင်ပအခြေအနေတွေကြောင့် (e.g., လူ – အထက်လူကြီး/သူငယ်ချင်းတွေကို မကျေနပ်လို့၊ ဖြစ်ရပ်တွေ – အလျင်လိုချိန် ကားကျပ်လို့၊ စာကျက်မယ်လုပ်တုန်း မီးပျက်သွားလို့) နဲ့
ကိုယ်တိုင်ကြောင့် (e.g., ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို တနုံနုံတွေးမိလို့၊ အရင်က ခံပြင်းစရာ ကိစ္စတွေပြန်သတိရမိလို့) ဒေါသထွက်တတ်ကြပါတယ်။
#ဒေါသထွက်လာရင်ဘာတွေဖြစ်လာလဲ ??
ဒေါသထွက်လာတဲ့အခါမှာ ကိုယ်၊စိတ်၊အပြုအမူ ၃ ခုလုံးမှာ လက္ခဏာတွေ ပေါ်လာပါတယ်။
ခန္ဓာကိုယ်မှာဆိုရင်
- နှလုံးခုန်မြန်/အသက်ရှုမြန်တာ၊ ဇောချွေးပြန်လာတာ၊ မျက်မှောင်ကြုတ်လာတာ၊၊ အံကြိတ်မိ/ လက်သီးဆုပ်မိတာ၊ ကြွက်သားတောင့်တင်းတာ၊ ရင်ဘတ်တင်းကြပ်လာတာ၊ ဗိုက်နာ/ ခေါင်းကိုက်တာတွေ ဖြစ်လာတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာဆိုရင်
- အာရုံကောင်းကောင်းမစိုက်နိုင်တာ၊ စိတ်ရှုပ်/စိတ်တို/ စိတ်ဆတ်လာမယ်… လှောင်နေ…အရှက်ခွဲနေကြတယ်လို့ ခံစားရမယ်… တခြားသူတွေကို မကျေမနပ်ဖြစ်လာမယ်
အပြုအမူပိုင်းမှာ
- အော်ဟစ် ဆဲဆိုမယ်/ ကျိန်ဆဲမယ်၊
- ရိုက်နှက်တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာလုပ်လာမယ်…တခြားလူတွေကို ဂရုမစိုက်တော့ဘူး…
- ကိုယ့်ကိုကိုယ် နာအောင်လုပ်လာမယ်..
ဒါတွေခံစားရပီဆိုရင် ကိုယ်ဒေါသထွက်နေပြီဆိုတာကို သတိရပါ။ ဒီလို သိမှသာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
#ဒေါသကိုဘယ်လိုထုတ်ပြကြလဲ ??
သဘာဝအရ သတ္တဝါတွေဟာ ဒေါသကို ရန်လိုတာနဲ့ ထုတ်ပြကြပါတယ်။
ဒါပေမဲ့ လူတွေမှာ ဆင်ခြင်တုံံ့တရားရှိတာရယ်၊ တရားဥပဒေနဲ့ ယဉ်ကျေးမှုထုံးစံတွေက ကန့်သတ်ထားလို့ ဒေါသထွက်တိုင်း ရန်လိုပြလို့ မရပါဘူး။
ဒါကြောင့် လူတွေဟာ ဒေါသခံစားချက်တွေကို သိစိတ်နဲ့ မသိစိတ်ဖြစ်စဉ်တွေ သုံးပြီး ဖြေရှင်းရပါတယ်။
အဓိကဖြေရှင်းတဲ့ နည်းလမ်း ၃ မျိုးကတော့
ထုတ်ဖော်ပြသခြင်း
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိိနဲ့ ဒေါသထွက်နေကြောင်းကို ပြောပြတဲ့ နည်းလမ်းဖြစ်ပါတယ်။
- ဒီလိုမျိုးလုပ်နိုင်ဖို့အတွက် ကိုယ်ဖြစ်ချင်တာကို တခြားသူမထိခိုက်စေဘဲ ပြောတတ်ဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်လိုပါတယ်။
မျိုသိပ်ပစ်ခြင်း
- ဒေါသစိတ်ကို အာရုံလွဲတာ သို့ ဦးတည်ရာပြောင်း လိုက်တာမျိုးပါ။
- ဥပမာ – ဒေါသထွက်ချိန်မှာ ဒေါသထွက်စေတဲ့အရာတွေကို မတွေးတော့ဘဲ တခြားစိတ်ကြည်မဲ့အရာ တွေးလိုက်တာမျိုး။
- ဒီနည်းလမ်းက ဒေါသစိတ်ကို ကောင်းတဲ့အပြုအမူအဖြစ်ပြောင်းလိုက်တာဖြစ်ပေမဲ့ Defense Mechanisms ထဲက Repression နည်းလိုပဲ မျိုသိပ်လိုက်တာမို့လို့ တခြားပြဿနာတွေ ကြုံလာတတ်ပါတယ်။
- ဥပမာ – ကိုယ့်ကိုကိုယ် ဒေါသထွက်မိနေတာမျိုး၊ ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်တတ်လာတာမျိုး၊
စိတ်ကိုတည်ငြိမ်အေးချမ်းအောင်လုပ်ခြင်း
- ဒီနည်းက ဒေါသထွက်တဲ့ အပြုအမူတွေကို ထိန်းချုပ်ရုံသာမကဘဲ ခန္ဓာရဲ့ တုံ့ပြန်ပုံတွေကိုပါ ထိန်းချုပ်တဲ့ သဘောပါ။
- ကြွက်သားတောင့်တင်းတာတွေ လျော့အောင်လုပ်မယ်၊ အသက်ရှုတာမှန်အောင်လုပ်မယ်၊ စိတ်ကို ဖြေးဖြေးချင်း အေးချမ်းအောင် တဆင့်ခြင်းလုပ်ပြီး ဒေါသစိတ်ကို ပျောက်သွားစေတဲ့နည်းပါ။
#ဘာလို့တယောက်နဲ့တယောက်ဒေါသထွက်ပုံမတူကြတာလဲ ??
လွယ်လွယ်နဲ့ ဒေါသထွက်တတ်တဲ့ ဒေါသအိုးတွေရှိသလို စိတ်တိုစရာကိစ္စကို တနုံနုံတွေးပြီး ဒေါသထွက်နေ တတ်တဲ့ သူတွေလဲရှိပါတယ်။ တချို့ကျ ဒေါသထွက်ခဲပေမဲ့ ထွက်လိုက်တာနဲ့ ထိန်းမရအောင် ဒေါသပုန်ထတတ်ကြပါတယ်။
ဒါက မျိုးရိုးဗီဇနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအခြေအနေတွေပေါ်မူတည်ပြီး သည်းခံနိုင်စွမ်း မတူညီကြလို့ အခုလို ဖြစ်တာပါ။
ဥပမာ – တချို့ကလေးတွေမွေးထဲက ဒေါသထွက်လွယ်တာ၊ စိတ်တိုတတ်ပြီး ခနခန ငိုတတ်တာမျိုး၊
အဲလူတွေရဲ့ နောက်ခံမိသားစုအခြေအနေကိုကြည့်လိုက်ရင် အိမ်ထောင်ကွဲမိသားစု၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာမဆက်ဆံကြတဲ့ မိသားစုတွေက ဆင်းသက်လာတာ တွေ့ရပါတယ်။
များသောအားဖြင့် ဒေါသထွက်လွယ်တဲ့သူတွေဟာ ဘဝမှာ အောင်မြင်မှုကြီးကြီးမားမား မရတတ်သလို အစာမကြေတာ၊ အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ နှလုံးရောဂါတွေကို တခြားသူတွေထက် ပိုခံစားရတတ်ပါတယ်။
သူတပါးကို အမြဲနှိမ်တတ်တဲ့သူတွေ၊ အရာရာကိုဝေဖန်နေတဲ့သူတွေ၊ အဆိုးမြင်နေတဲ့သူတွေဟာ ပေါင်းသင်းဆက်ဆံရေးခက်တဲ့သူတွေဟာလဲ ဒေါသကို စနစ်တကျမဖော်ထုတ်တတ်တဲ့သူတွေလို့လဲ ဆိုပါတယ်။
ပုံမှန်မဟုတ်ဘဲ ရံဖန်ရံခါ ဒေါသသူပုန်ထ ပေါက်ကွဲတတ်နေရင်တော့ Intermitted Explosive Disorder လို့ခေါ်တဲ့ စိတ်ဝေဒနာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။
စိတ်တိုစရာကိစ္စကို တနုံနုံတွေးတတ်တာနဲ့ပတ်သတ်ပြီး Oxford ဆရာတော် ပြောထားတာလေး သိထားသင့်လို့ ပြန်မျှဝေပါဦးမယ်။
လူတစ်ယောက်ကို ဒေါသဖြစ်တယ်ဆိုပါစို့။ စိတ်ထဲ သူရုပ်ကျန်ခဲ့ပြီး ကျန်နေမှန်း ကိုယ်က မသိဘူး။ သူရုပ်ပုံ မကြာခဏ ပြန်ပေါ်လာတိုင်း ဒေါသထွက်မိတယ်။ ဒေါသထွက်တိုင်း ဆတိုးပွားလာတယ်။ ထမင်းစားနေ၊ အလုပ်လုပ်နေလဲ ဒီဒေါသစိတ်က background မှာရှိနေတယ်။
ကြာလာတော့ အစက လူမြင်မှ ဒေါသထွက်ပေမဲ့ နောက်ပိုင်းကျ ဒေါသထွက်ဖို့ လူမြင်စရာမလိုတော့ဘူး။ ဆွပေးစရာမလိုပဲ အလွယ်တကူ ဒေါသထွက်တတ် လာပြီး ကိုယ်ချစ်ခင်တဲ့ မိသားစုဝင်တွေကိုပါ မကျေနပ်စိတ်တွေ ဒေါသစိတ်တွေနဲ့ ဆက်ဆံလာတတ်မိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေါသစိတ်ကို သတိမထားမိရင် အရင်က ဒေါသမထွက်လွယ်တဲ့သူတောင် ကြာလာရင် ဒေါသကြီးတဲ့သူဖြစ်သွားနိုင်တာကို သတိပြုသင့်ပါတယ်။
#ဒေါသထွက်ချိန်မှာဒေါသစိတ်ကိုမထိန်းဘဲလွှတ်ထားသင့်သလား ??
ဒေါသစိတ်ကို မထိန်းချုပ်ဘဲ လွှတ်ထားလိုက်ရင် တဖြေးဖြေးလျော့သွားလိမ့်မယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာ အဲတာက ပိုဆွသလိုဖြစ်ပြီး ဒေါသပိုထွက်လာစေပါတယ်။
ဘဝတိုးတက်ဖို့အတွက် ဒေါသကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။
အပိုင်း -၂ မှာတော့ ဒေါသစိတ် ကိုင်တွယ်ဖြေရှင်းနည်းတွေကို ဖော်ပြပေးပါ့မယ်။
Source: www.apa.org / ကရုဏာနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးရေးနည်းလမ်း (Oxford ဆရာတော်)

Name | Dr.Htein Linn Aung |
---|---|
Degrees | M.B.B.S | M.Med.Sc (Mental Health) |
Biography | ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။ |
Topic |
သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Hepta Mental Health Clinic, Yangon |