နားပိုးဝင်၍ နားပြည်ယိုခြင်း
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
နားပြည်ယိုခြင်းဆိုသည်မှာ အလယ်နားအပိုင်းသို့ ပိုးဝင်ကာ နားအတွင်းတွင် ယောင်ရမ်းနာဖြစ်ကာ ပြည်အရည်များထွက်ကျလာခြင်းဖြစ်သည်။ လူကြီးများထက် ကလေးများတွင် ပိုမိုအတွေ့ရများတတ်သည်။ ကလေးအသက် ၆လနှင့် ၂နှစ်ကြားတွင် ကိုယ်ခံအားစနစ်လေးများ အားနည်းနေသေးသောကြောင့် နားပိုးဝင်ခြင်း ပိုဖြစ်တတ်သည်။
ထို့ပြင် နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးများတွင် ပုံမှန်ကလေးများနှင့်မတူ ကွဲပြားသော အရိုးတည်ဆောက်ပုံကြောင့် နားပိုးဝင်၍ နားပြည်ယိုခြင်းများ ၊ မိခင်နို့တိုက်သောကလေးများထက် လဲလျောင်း၍နို့ဘူးစို့သော ကလေးများတွင် နားပိုးဝင်ခြင်းက ပိုအဖြစ်များသည်ကို တွေ့ရသည်။
များသောအားဖြင့်နားပြည်ယိုခြင်းသည် အလိုအလျောက်ပြန်ကောင်းနိုင်သော သဘာဝရှိသည်။ ထို့ကြောင့်နားကိုက်လျှင် အကိုက်အခဲပျောက်ဆေးပေးခြင်း၊အကြားအာရုံချို့ယွင်းခြင်းရှိမရှိ သတိထား၍ စောင့်ကြည့်အနေအထားဖြင့် စောင့်ကြည့်နိုင်သည်။ ရံဖန်ရံခါတွင် နားအတွင်းသို့ အစက်ချသော ပိုးသတ်ဆေးများအသုံးပြုခြင်း၊ ပိုးဝင်ခြင်းလက္ခဏာပြင်ထန်ပါက ပိုးသတ်ဆေးများကို သောက်ဆေးအနေဖြင့်သော်လည်းကောင်း ထိုးဆေးအနေဖြင့်သော်လည်းကောင်း အသုံးပြုကြသည်။
နားပြည်ယို၍နားပိုးဝင်ခြင်း လက္ခဏာများမှာ သိသိသာသာ လျင်လျင်မြန်မြန်ပေါ်ပေါက်လာလေ့ရှိကြသည် အထူးသဖြင့်
- လဲလျောင်းအိပ်စက်သောအခါတွင် နားပိုကိုက်ခြင်း
- အိပ်လို့မရနိုင်အောင် နားကိုက်ခြင်း ဝေဒနာကို ခံစားရခြင်း
- အလွန်ငယ်ရွယ်၍ စကားမပြောနိုင်သေးသောကလေးများမူ အဆက်မပြတ် မရပ်မနား ငိုခြင်း
- ကြားနေကြအသံများအား သေသေချာချာသဲသဲကွဲကွဲမကြားနိုင်ခြင်း
- ကိုယ်ခန္ဓာအား ဟန်ချက်ညီအောင်ထိန်းနိုင်မှုမရှိခြင်း
- အဖျားသွေးသည် ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက်ပိုခြင်း
- နားထဲမှာ ပြည်သို့မဟုတ် သွေး သို့မဟုတ် အရည်ကြည်များ ယိုစီးကျလာခြင်း
- ခေါင်းကိုက်ခြင်း
အစရှိသော လက္ခဏာများကို ခံစားရလေ့ရှိသည်။
ထိုသို့နားပိုးဝင်၍ နားပြည်ယိုသော လက္ခဏာသည်
- တရက်ထက် ပိုကြာခြင်း
- အသက် ၆လအောက်ကလေးများတွင် ဖြစ်ခြင်း
- နားကိုက်ခြင်း ပိုမိုဆိုးဝါးလာခြင်း
အအေးမိ နှာစေး အသက်ရှုလမ်းကြောင်းပိုးဝင်ပြီး နောက်ပိုင်းတွင် ကလေးငယ်သည် ပိုမိုဂျီကျခြင်း သို့မဟုတ် မအိပ်နိုင်ခြင်း
နားထဲမှာ အရည်ကြည် သို့မဟုတ် ပြည်များစီးကျလာလျှင် ချက်ချင်း နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်သို့ အမြန်ပြသသင့်သည်။
နားပိုးဝင်၍ နားပြည်ယိုခြင်းကို သေချာစွာမကုသပါကမကြာခဏပိုးဝင်ခြင်းကြောင့် အကြားအာရုံ အပြီးချို့ယွင်းခြင်း၊ ကလေးများတွင် စကားပြောနှောင့်နှေးခြင်း ဖွံ့ဖြိုးမှုနောက်ကျခြင်း တို့အပြင် နားစည်ပြဲခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။
နားစည်ပြဲခဲ့ပါက ပုံမှန်အားဖြင့် ၂ရက်မှ ၃ရက်အတွင်းပြန်ကောင်းတတ်သော်လည်း ရံဖန်ရံခါတွင်မူ ခွဲစိတ်ခန်းသို့ဝင်ကာ ပြဲနေသော နားစည်ပြုပြင်ရခြင်းများအား လုပ်ဆောင်ရတတ်သည်။
နားပိုးဝင်ခြင်းကို ကာကွယ်ရန် တတ်နိုင်သမျှ အအေးမိဖျားနာခြင်းကို ရှောင်ကြဉ်ပါ လက်ကိုမကြာခဏဆေးကြောခြင်း နှာချေချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးကို အသုံးပြုခြင်း ၊ တတ်နိုင်သမျှ နို့စို့ကလေးများတွင် နို့ဘူးနို့မှုန့်ထက် မိခင်နို့စို့ခြင်းကို ပိုမိုအားပေးခြင်း ၊ နို့ဘူးစို့သော ကလေးများတွင် အတတ်နိုင်ဆုံး ရေညီလဲလျောင်းပုံစံဖြင့်မစိ့ုစေပဲ ၄၅ဒီဂရီထောင်လျက်အနေအထားဖြင့်နို့စို့စေခြင်း ၊ ရာသီတုပ်ကွေး နှင့် တခြားအမျိုးမျိုးသော ပိုးတို့ကို ကာကွယ်သောဆေးများသည် အတိုင်းအတာတခုအထိ နားပိုးဝင်၍ နားပြည်ယိုခြင်းကို ကာကွယ်မှုပေးနိုင်သောကြောင့် ကာကွယ်ဆေးများလက်လှမ်းမှီသရွေ့ထိုးပေးသင့်ပါသည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |