နို့တိုက်ကျွေးခြင်းနဲ့ ယုံမှားလေ့ရှိတဲ့ ပြောစကားများ
ရေးသားသူ – Dr. Hein Thu Wai
ကလေးမွေးကာစကနေ အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကတိုက်တွန်းထားပါတယ်။ အမေတွေအနေနဲ့ ကလေး မမွေးခင်အချိန်၊ မွေးတဲ့အချိန်၊ မွေးပြီးတဲ့အချိန် ဘေးပြောစကားတွေကို နားနဲ့ မဆန့်အောင်ကို ကြားရမှာပါပဲ။
ကလေးအတွက် ရှိသမျှ အကြံပေးချက်တွေ အကုန်ကို လိုက်နာပြီး မိမိကိုယ်ကို ဒုက္ခခံရလည်း လိုက်လုပ်တတ်ကြပါတယ်။ မိခင်နို့တိုက်ကျွေးတာနဲ့ ပက်သက်ပြီး ဘေးဘီ ပတ်ဝန်းကျင်က အကြံတချို့ ကို ယုံမှားတတ်ကြပါတယ်။
၁) ကလေးနို့တိုက်ရတာ လွယ်လွယ်လေး
မွေးကာစ ကလေးတွေ အနေနဲ့ နို့စို့ဖို့ မိခင်နို့ရှာတာ မွေးရာပါ တတ်ပြီးသားပါပဲ။ ဒါပေမယ့် ကလေးမိခင်အများစု အထူးသဖြင့် ပထမဆုံး တစ်ဦးမွေးတဲ့ မိခင်တွေဆို ကလေးလည်း သက်တောင့် သက်သာ အနေအထားရဖို့နဲ့ မိခင်လည်း သက်တောင့် သက်သာ အနေအထားနဲ့ ကလေးနို့တိုက်ဖို့ဆိုတာ အချိန်ပေးပြီး လေ့ကျင့်ရတတ်ပါတယ်။
၂) ကလေးနို့စို့တာပဲ။ နို့သီးခေါင်းကနာမှာပဲ။
သားသည်မိခင်တွေ ကလေးနို့တိုက်တာ စစခြင်းရက်ပိုင်း မှာတော့ နည်းနည်း ကသိကအောက် ဖြစ်ပေမယ့် အလေ့အကျင့်ရသွားရင် ကလေးလည်း အနေအထားမှန်မှန် နဲ့ မိခင်နို့ကို စို့တတ်သွားတဲ့အခါ နို့သီးခေါင်းနာတာ သက်သာသွားပါမယ်။ ဒီလိုမှ မဟုတ်ဘဲ ကလေးနို့စို့တိုင်း နာနေရင် ကလေးကို ဘယ်လိုအနေအထားနဲ့ နို့တိုက်မလဲဆိုတာ သားဖွားဆရာမတို့ သူနာပြုဆရာမတို့ဆီမှာ သင်ပါ။
၃) နို့မတိုက်ခင် နို့သီးခေါင်းကို မဖြစ်မနေ ဆေးသင့်တယ်။
ကလေးနို့တိုက်တဲ့အခါ နို့သီးခေါင်း ကို သန့်ရှင်းဖို့လိုပေမယ့် ကလေးမွေးပြီးပြီးချင်း မှာတော့ ကလေးကို နို့ဦးရည် တိုက်ရတဲ့အခါ နို့သီးခေါင်းကို မဆေးလည်းရပါတယ်။ နို့ဦးရည်မှာ ရောဂါကာကွယ်တဲ့ ပါရိုတင်းဓာတ်တို့ သက်စောင့်ဓာတ်တို့ အများအပြားပါ ပါတယ်။
၄) ကလေးမွေးပြီးတာနဲ့ မိခင်အနားရအောင် ကလေးနဲ့ သီးသန့်ထားသင့်တယ်။
တကယ်တော့ ကလေးမွေးပြီးသားနဲ့ မိခင်နဲ့ကလေး ခန္ဓာကိုယ်ငွေ့ ထိတွေ့ဖို့ အားပေးလေ့ရှိပါတယ်။ မွေးပြီးပြီးချင်း ကလေးကို မိခင်ရင်ခွင်ငွေ့ပေးတာ ကလေးနဲ့ မိခင်နဲ့ ပိုပြီး ရင်းနှီးစေတဲ့အပြင် မိခင်နို့ထွက်ဖို့ ပိုပြီး အားပေးပါသေးတယ်။
၅) ကလေးနို့တိုက်တဲ့အခါ အစာရှောင်ရမယ်။
တကယ်တော့ ကလေးနို့တိုက်နေတဲ့ အမေတွေအနေနဲ့ အစားအစာကို မျှမျှတတ အပြင် ပြည့်ပြည့်ဝဝ စားသောက်ဖို့ လိုပါတယ်။ ဒါမှသာ ကလေးမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေရမှာဖြစ်ပါတယ်။
၆) ကလေးကို ဖော်မြူလာနို့မှုန့်တိုက်မယ်ဆို မိခင်နို့မတိုက်ရဘူး။
ဒါကတော့ ကလေးနို့တိုက်တဲ့ အမေတွေ လုပ်စရာကိစ္စ ရံဖန်ရံခါ ရှိတဲ့အခါ ဖော်မြူလာနို့မှုန့် တခါတလေ တိုက်ပါတယ်။ ဒါပေမဲ့ နို့ထွက်အားကောင်းဖို့ကိုတော့ ကလေးက နို့များများစို့လေ၊ နို့ထွက်အားကောင်းလေပါပဲ။
၇) ကလေးအမေ အများစုက မိခင်နို့ထွက်တာ မလုံလောက်ဘူး။
များသောအားဖြင့် ကလေးအမေအားလုံးနီးပါးဟာ ကိုယ့်ကလေးအတွက် နို့ လုံလုံလောက်လောက်ထုတ် ပေးပါတယ်။
၈) မိခင်က နေမကောင်းဖြစ် နေရင် နို့မတိုက်ရဘူး။
တော်ရုံ ဖျားနာနေတာဆို နို့တိုက်တာ ရပ်စရာမလိုဘဲ ဆက်တိုက်နေလို့ရပါတယ်။ မိခင်ခန္ဓာကိုယ်က ကိုယ်ခံအားတွေ နို့ကတဆင့် ကလေးဆီ ရောက်ပြီး ရောဂါပိုးကို တိုက်ထုတ်ပေးပါတယ်။
၉) ကလေးနို့တိုက်နေရင် ဘာဆေးမှ သောက်လို့မရဘူး။
ဆေးလုံးဝ မသောက်ရဘူးဆိုတာ မဟုတ်ပေမယ့် ကလေးနို့တိုက်နေတာဆို ကိုယ်သောက်နေကျ ဆေးတွေကို ပြနေကျဆရာဝန်နဲ့ ပြပြီး ဆွေးနွေးဖို့လိုပါတယ်။ တချို့ဆေးတွေကို အစားထိုးပြောင်းတာ၊ အချိန် ညှိတာ စတာတွေ လုပ်ဖို့ လိုအပ်ရင်လိုအပ်ပါလိမ့်မယ်။
၁၀) နို့စို့ရတဲ့ ကလေးက ပိုချွဲလိမ့်မယ့်။
ဒါက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ချွဲတဲ့ ကလေးကတော့ ချွဲပါတယ်။ မိခင်နို့က အကောင်းဆုံး အာဟာရဖြစ်တဲ့အပြင် ဦးဏှောက်ဖွံ့ဖြိုးဖို့ပါ အထောက်အကူပေးပါတယ်။ ကလေးနို့တိုက်တဲ့ အခါ ထွေးပွေ့ထားရလို့ မိခင်နဲ့ ကလေးပိုပြီး ရင်းနှီးမှုရပါတယ်။
၁၁) နို့တိုက်တာ တစ်နှစ်ကျော်လာရင် နို့ဖြတ်ရခက်လိမ့်မယ်။
တစ်နှစ်ကျော်ရင် နို့ဖြတ်ရခက်မယ်လို့ အထောက်အထားမရှိပေမယ့် နှစ်နှစ်လောက် ကလေးကို နို့တိုက်ရင် မိခင်ရော ကလေးရော အကျိုးရှိတယ်လို့ အထောက်အထားတွေရှိပါတယ်။ ကလေး တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အခြေအနေတွေရှိတာကြောင့် ဘယ်အချိန် နို့ဖြတ်ရမလဲဆိုတာ ကလေးရော အမေရောပေါ် မူတည်ပါတယ်။
၁၂) ကလေးအမေတွေ လုပ်ငန်းခွင် ဝင်တော့မယ်ဆို နို့ဖြတ်ရတော့မယ်။
လုပ်ငန်းခွင် ဝင်တာနဲ့ ကလေးနို့တိုက်တာကို မဖြစ်မနေ ဖြတ်ရမယ်ဆိုတာ မရှိပါဘူး။ လုပ်ငန်းခွင် ဝင်လည်း ကလေးကို မိခင်နို့ ဆက်တိုက်တဲ့ ကလေးမေမေတွေလည်း အများအပြားပါ။ အဓိက မိမိ ရွေးချယ်မှုပါပဲ။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |