နေ့စဉ်အသုံးများတဲ့ အတ္တကာကွယ်မှုနည်းလမ်းများ (Ego Defense Mechanisms)
ရေးသားသူ – Dr. Htein Linn Aung
စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါ စိတ်ထိခိုက်မှုသက်သာစေဖို့အတွက် အသုံးများတဲ့ Defense Mechanisms တွေကို ဖော်ပြပါမယ်။ စိတ်ပညာအသုံးအနှုန်းများနဲ့ အချက်အလက်များက လက်လှမ်းမှီရာစာအုပ်တွေကနေ ယူသုံးထားတာဖြစ်ပါတယ်။
#၁_ငယ်မူပြန်ခြင်း (Regression)
ပြဿနာကြုံလာတဲ့အခါ ကလေးလို ပြုမူပြီး ရှောင်လွဲတာမျိုးဖြစ်သည်။
ဥပမာ- ကလေးကျောင်းစတက်တဲ့နေ့မှ အရင်ပျောက်ကွယ်ပြီးအကျင့်ဖြစ်တဲ့ လက်မစုပ်တဲ့ အကျင့်ပြန်ပေါ် လာတာမျိုး။
အလိုမကျတာကြုံရင် နုတ်ခမ်းစူတာ၊ ခြေဆောင့်တာ၊ နေမကောင်းဟန်ဆောင်တာ၊ စိတ်ကောက်တာမျိုးတွေနဲ့ “တို့ခေတ်တုန်းက”၊”ငါတို့ငယ်တုန်းက” စတဲ့ စကားတွေကလဲ ငယ်မူပြန်တဲ့ အသုံးစကားတွေ ဖြစ်ပါတယ်။
ဒီလိုရှောင်လွဲတာလွန်ကဲလာရင်တော့ တခြားသူပေါ် အလွန်အမင်း မှီခိုလာတာ၊ ဆုံးဖြတ်ချက် မချနိုင်လာတာ၊ အပြောင်းအလဲကိုကြောက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
#၂_ဆန့်ကျင်တုံံ့ပြန်ခြင်း (Reaction Formation)
လက်သင့်မခံနိုင်တဲ့အတွေးတွေ၊ ခံစားချက်တွေကြုံလာတဲ့အခါမှာ ဆန့်ကျင်ဘက်အပြုအမူတွေနဲ့ လွန်လွန်ကဲကဲ အစားထိုးတုံ့ပြန်ခြင်းနည်းလမ်း ဖြစ်ပါတယ်။
ဥပမာ – Dr.Freud ရဲ့အဆိုအရ လိင်တူချစ်ကြိုက်သူတွေကို ဝေဖန်ပြစ်တင်နေတဲ့ ယောကျာင်္းတွေကို ဆန်းစစ်ကြည့်တဲ့အခါ သူတို့ရဲ့အပုန်းစိတ်ကို လက်မခံလိုတဲ့အတွက် ဆန့်ကျင်ဘက်ဖြစ်တဲ့ လိင်တူကြိုက်သူတွေကို ဆန့်ကျင်သူဖြစ်လာတယ်လို့ ဆိုပါတယ်။
ကိုယ်မုန်းတဲ့ လူကို အရမ်းဖော်ရွေပြတာမျိုး လူကြောက်တတ်ပေမဲ့ ဟန်ကိုယ်ဖို့ရင်း လူတောထဲ မကြောက်သလိုသွားလာတာမျိုး အရက်စွဲနေတဲ့သူတစ်ယောက်က အရက်မကောင်းကြောင်းပြောတာမျိုး
#၃_စိတ်ထားဖော်ခြင်း (Projection)
ကိုယ့်စိတ်ထားကို သူတပါးစိတ်ထားဆိုပြီး တွေးလိုက်တဲ့နည်းဖြစ်ပါတယ်။
မိမိအပြစ်ကို တခြားသူအပြစ်လို့ လွဲချတာမျိုး၊ ကိုယ့်စိတ်ကူးဆန္ဒတွေကို တခြားသူစိတ်ကူးတွေဆိုပြီး ပြောတာမျိုးတွေ ဖြစ်ပါတယ်။
ဥပမာ- သူခိုးတယောက်က လူတိုင်းဟာ သူခိုးချည်းပါပဲ လို့ ပြောတာမျိုး ကျောင်းသားတစ်ယောက် စာမလုပ်လို့ စာမေးပွဲကျတဲ့အခါ ဆရာတွေအသင်အပြမကောင်းလို့ ကျတာလို့ အပြစ်တင်တာမျိုး။
ကိုယ်ကလူတစ်ယောက်ကို မျက်မုန်းကျိုးနေရင် အဲလူက ငါ့ကို အမြင်မကြည်လို့ ငါကလဲ မကြည်တာလို့ တွေးလိုက်တာမျိုး
အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ယောကျာင်္းက သူ့မိန်းမကို ဖောက်ပြန်နေပါတယ်လို့ စွပ်စွဲတာမျိုး
#၄_အကြောင်းကောင်းပြခြင်း/ ဆင်ခြေကန်တုံ့ပြန်ခြင်း (Rationalization)
မအောင်မြင်မှုတွေ၊ ကိုယ့်ရဲ့ စိတ်ထိခိုက်စရာလုပ်ရပ်တွေအတွက် ဆင်ခြေဆင်လက်နဲ့ အကြောင်း ကောင်းကောင်းပြပြီး တုံ့ပြန်တာမျိုးတွေပါ။
ဥပမာ – စားမေးပွဲနီးချိန် ရုပ်ရှင်ကြည့်ချင်တာကို ဦးနှောက်ဆေးဖို့ကြည့်ရမယ်ဆိုပြီး အကြောင်းပြတာမျိုး
အရက်စွဲနေသူတစ်ယောက်က လူမူရေးအရအရက်သောက်တာပါလို့ ဆင်ခြေပေးတာမျိုး
မစားရတဲ့ စပျစ်သီး ချဉ်တယ်လို့ ဆင်ခြေပေးတာမျိုး
#၅_လွှဲချခြင်း (Displacement or transference)
ကိုယ့်ရဲ့ဒေါသတွေ၊ ခံစားချက်တွေကို ကိုယ်နိုင်စားတဲ့သူတွေပေါ်ကို လွှဲချတာမျိုး ဖြစ်ပါတယ်။
ဥပမာ- အလုပ်မှာ အထက်လူကြီးက ဆူပူကြိမ်းမောင်းတာခံခဲ့ရတဲ့အခါ အိမ်ရောက်တဲ့အခါ မွေးထားတဲ့ခွေးကန်ပစ်တာ၊ ကလေးတွေကို အော်ငေါက်ဆူလိုက်တာမျိုး
#၆_မြင့်မြတ်အောင်လုပ်ခြင်း (Sublimation)
လက်မခံသင့်တဲ့ ခံစားမှုတွေ၊ မလုပ်သင့်တဲ့ ဆန္ဒတွေ၊ အပြုအမူတွေကို ပတ်ဝန်းကျင်က လက်ခံတဲ့ ကောင်းတဲ့ အပြုအမူနဲ့ အစားထိုးတာမျိုးကို မြင့်မြတ်အောင်လုပ်ခြင်းလို့ ခေါ်ပါတယ်။
ဥပမာ – ဒေါသကြီး ရန်လိုတတ်သူတစ်ဦးက လက်ဝှေ့အကျော်အမော်ဖြစ်လာတာမျိုး ၊ အိမ်ထောင်ရေးအဆင်မပြေသူတစ်ဦးက တရားအားထုတ်တာမျိုး၊
သူတစ်ပါးပေါ် လွှမ်းမိုးချုပ်ကိုင်လိုသူက ငွေကြေးလှူဒါန်းကိုယ်ကျိုးစွန့်ပြီး ပရဟိတခေါင်းဆောင် ဖြစ်အောင် လုပ်တာမျိုး
ဒီနည်းလမ်းက အကောင်းဆုံးနဲ့ အကျိုးအပြုဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
အောင်မြင်တဲ့ အားကစားသမားတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေဟာ ဒီနည်းလမ်းကို အသုံးပြုပြီး အောင်မြင်လာကြတယ်လို့လဲ ဆိုကြပါတယ်။
#၇_အစားထိုးခြင်း(Compensation)
ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက်တွေနဲ့ အစားထိုးလိုက်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။
ဥပမာ – ကျောင်းစာ အားနည်းတဲ့ကျောင်းသားတစ်ယောက်က အားကစားဘက်မှာ ထူးချွန်အောင်ကြိုးစားတာမျိုး၊ အသင်းအဖွဲ့တွေမှာ တက်တက်ကြွကြွလုပ်ဆောင်နေတာမျိုး၊
ရုပ်မလှပေမဲ့ သဘောအရမ်းကောင်းနေတာမျိုး
အစားထိုးအပြုအမူတွေက ကောင်းတဲ့အပြုအမူတွေ အစားထိုးတတ်သလို မကောင်းတဲ့ အပြုအမူ တွေနဲ့လဲ အစားထိုးတတ်ပါတယ်။
ဥပမာ- မိဘအာရုံစိုက်မှုမခံရတဲ့ ကလေးက အာရုံစိုက်မှုခံချင်လို့ ခဏခဏငိုတာမျိုး၊ လူအများအာရုံစိုက်မှုလိုချင်လို့ ထူးထူးခြားခြား ဝတ်ဆင်တာ၊ ထူးထူးဆန်းဆန်းပြုမူတာမျိုး
ဒီနည်းကို တချို့ Cele တွေမှာ တွေ့ရတတ်ပါတယ်။
#၈_ထပ်တူစွဲခြင်း (Identification)
ကိုယ်လုပ်ချင်တဲ့အရာတစ်ခု အောင်မြင်အောင် မလုပ်နိုင်တဲ့အခြေအနေကြုံလာရတဲ့အခါမှာ တခြားသူတွေရဲ့ အောင်မြင်မှုကို ကိုယ့်မှာဖြစ်နေသလို ညှိယူခံစားလိုက်တာမျိုးဖြစ်ပါတယ်။
ဥပမာ – မစွန့်စားရဲတဲ့သူတွေက Adventure ဝတ္တုတွေ၊ ဇာတ်ကားတွေမှာ ဇာတ်ကောင်နဲ့ ဝင်ရောက်ထပ်တူခံစားပြီး စိတ်ကျေနပ်မှု ရတာမျိုး၊
သားက အဖေကို အားကျပြီး အဖေနဲ့ထပ်တူကျအောင် ကြိုးစားတာမျိုး၊ လူစွမ်းကောင်းကိုးကွယ်တာမျိုးHero-worship ကလဲ ဒီလို နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
#၉_လဲလှယ်အစားထိုးခြင်း (Substitution)
မူလရည်မှန်းချက်တွေက အောင်မြင်ဖို့ ခက်ခဲတဲ့အခါ အရှုံးကိုရင်မဆိုင်နိုင်တာကြောင့် တခြားလွယ်ကူတဲ့ရည်မှန်းချက်တွေနဲ့ လဲလှယ်အစားထိုးလို်က်တာမျိုး ဖြစ်ပါတယ်။
ဥပမာ- ဆရာဝန်လုပ်ချင်တဲ့ ကျောင်းသားဟာ ငွေကြေးအခက်အခဲ သို့ အမှတ်မကောင်းတာကြောင့် သူနာပြုကျောင်းတက်လိုက်တာမျိုး
#၁၀_တိမ်မြှုပ်ပစ်ခြင်း / မျိုသိပ်တု့ံပြန်ခြင်း (Repression)
ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ၊ မကြိုက်တဲ့အတွေးတွေကို အတင်းကြိုးစား မေ့ဖျောက်ပစ်ခြင်း ဖြစ်ပါတယ်။ Selective Forgetting လို့လဲ သုံးတတ်ပါတယ်။
သိစိတ်ကနေ ကြိုးစားမေ့ဖျောက်လိုက်ပေမဲ့ လုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ မသိစိတ်ထဲ ရောက်သွားစေပါတယ်။ ကြာလာရင်တော့ တခြားနည်းလမ်းနဲ့ ပေါ်လာတတ်ပါတယ်။
Freud အဆိုအရ အိမ်မက်မက်ခြင်း၊ လျှာချော်ခြင်း (slips of the tongue)၊ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety)၊ အကြောက်လွန်ခြင်း (Phobia) စသဖြင့် ပေါ်လာတတ်ပါတယ်။
ဥပမာအနေနဲ့ ရှင်းပြထားတဲ့ Case လေး တစ်ခုကတော့ လူတစ်ယောက်ဟာ ဓါတ်လှေခါးစီးတဲ့အခါမှာ တံခါးပိတ်သွားတာနဲ့တစ်ပြိုင်နက် ဇောချွေးပြန်၊ ဒူးတဆတ်ဆတ်တုန်ပြီး အကြောက်လွန်ပြီး မေ့မြောသွားတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရလဲလို့ အဖြေရှာတဲ့အခါမှာ သူသုံးနှစ်သားဘဝက သေတ္တာထဲဝင်ကစားရင်း မတော်တဆ အံဖုံးပိတ်ကျပြီး မေ့မြောဖူးပါတယ်။
အဲအဖြစ်အပျက်ကို အသက်ကြီးလာတော့ မေ့သွားပြီး မသိစိတ်ထဲ ကိန်းအောင်းသွားပါတယ်။
နောက်တော့ မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် “အလုံပိတ်မှု” ကို အသေအလဲအကြောက်စွဲနေရခြင်း (Claustrophobia) ဖြစ်လာပါတယ်။
Slips of the tongue (Freudian Slips) ဆိုတာက ရုတ်တရက် အပြောမှားတာမျိုးကို မသိစိတ်ရဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ Dr.Freud က ဖော်ပြခဲ့တာပါ။
ဥပမာ – ကပွဲမှာ ယောကျာ်းလေးက လှပချောမောတဲ့ မိန်းခလေးကို ကခွင့်တောင်းတဲ့အခါ စကားမှားပြီး “ကျွန်တော် ခင်ဗျားကို လက်ထပ်နိုင်ပါသလား….အဲ…မှားလို့…တွဲကနိုင်ပါသလား ခင်ဗျာ” လို့ ပြောတာကို Dr.Freud က စကားမှားတယ်လို့ လက်မခံပါဘူး။
သူ့မသိစိတ်က လက်ထပ်ချင်တဲ့ ဆန္ဒကို လှစ်ဟင်းပြတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုခေတ် Psychologist တွေကတော့ ဒီအယူအဆကို လက်မခံကြပါဘူး။
#၈_ဘူးကွယ်ခြင်း (Denial)
စိတ်ထိခိုက်နာကျင်စေမဲ့ အဖြစ်မှန်တွေကို ခေါင်းမာစွာနဲ့ ငြင်းဆန်တာမျိုး ဖြစ်ပါတယ်။ ဒီနည်းသုံးတဲ့သူတွေဟာ တခါတလေ ပတ်ဝန်းကျင်ကို ကလန်ကဆန်လုပ်တတ်ပါတယ်။
ဥပမာ – အရွယ်ရလာလို့ ဆံပင်ဖြူလာတာကို အနက်ဆိုးတာမျိုး အဝေးမှာသေဆုံးသွားတဲ့ သားရဲ့မိခင်ဟာ သားသေဆုံးတာကို လက်မခံနိုင်ဘဲ သက်ရှိထင်ရှားရှိသလို ပြုမူနေထိုင်တာမျိုး
ကင်ဆာရောဂါရှိနေတာကို စသိလိုက်ရတဲ့ လူနာဟာ ကင်ဆာမဖြစ်နိုင်ဘူး၊ ဆရာဝန်စမ်းသပ်တာ မှားလို့ နေမယ်ဆိုပြီး တခြားဆရာဝန်နဲ့ ထပ်ပြီးပြသတာမျိုး
#၉_စိတ်ကွန့်မြူးခြင်း (Fantasy or Day-Dreaming )
ဘဝမှာ အရမ်းခက်ခဲတဲ့ ပြဿနာတွေ ကြုံလာရတဲ့အခါမှာ လက်တွေ့ဆန်ဆန်မဖြေရှင်းဘဲနဲ့ စိတ်ကူးယဉ်ပြီး ထွက်ပေါက်ရှာခြင်းမျိုးဖြစ်ပါတယ်။ စိတ်ကူးယဉ်လိုက်တဲ့အတွက် အခိုက်အတန့်လေး ပြဿနာကရှောင်လွဲသလိုဖြစ်ပြီး စိတ်ကျေနပ်မှုရစေပါတယ်။
ဥပမာ-ငွေကြေးအခက်အခဲကြုံတွေ့နေတဲ့သူတယောက်က သိန်းတစ်သောင်းဆု ပေါက်ရင်ဘာတွေလုပ်မယ်လို့ စိတ်ကူးယဉ်ပြီး စိတ်ကျေနပ်မှုရှာတဲ့ သဘောမျိုး ဖြစ်ပါတယ်။
လူတိုင်းမသိလိုက် မသိဘာသာနဲ့ အသုံးများတဲ့ နည်းလမ်းတစ်ခုလဲဖြစ်ပါတယ်။
အလွန်အကျွံသုံးမိရင်တော့ လက်တွေ့ဘဝနဲ့ ကင်းလွတ်ပြီး ဒုက္ခရောက်တတ်ပါတယ်။
#၁၀_စာနာမှုတောင်းခံခြင်း (Sympathism)
အခက်အခဲတွေ ကြုံလာရတဲ့အခါမှာ တခြားသူတွေကို အခက်အခဲဖွင့်ပြောပြီး စာနာမူတောင်းတာမျိုး ဖြစ်ပါတယ်။
အဲလိုစာနာမူရလိုက်တာနဲ့ ကိုယ့်ရဲ့အခက်အခဲတွေ၊ ဆုံးရှုံးမူတွေကို သက်သာလျော့ပါးစေပါတယ်။ လူစွမ်းလူစ မရှိသူအဖြစ် ကိုယ့်ကိုယ်ကို မြင်တာမျိုးကနေလဲ ရှောင်လွဲနိုင်သွားစေပါတယ်။
#၁၁_ရှောင်ဖယ်ခြင်း (Withdrawal)
ပြဿနာတစ်ခုကို မဖြေရှင်းနိုင်တဲ့အခါ အဲပြဿနာကို မသိကျိုးကျွန်ပြုလိုက်တာ၊ ရှောင်တာ၊ အသိစိတ်ကနေ မေ့လိုက်တာ စတဲ့နည်းတွေနဲ့ ကာကွယ်လိုက်တာမျိုးကို ခေါ်ပါတယ်။
ဥပမာ – ကျောင်းက အများနဲ့လုပ်ရတဲ့ကိစ္စတွေမှာ ပါဝင်ရမှာစိုးလို့ သူငယ်ချင်းမထားဘဲ နေတာမျိုး
ဘဝမှာ ဆုံးရှုံးမှုကြီးကြီးမားမားရင်ဆိုင်ရတဲ့အခါမှာ လက်ရှိဘဝကို မေ့သွားပြီး နေရာသစ်တစ်ခုမှာ နာမည်သစ်တစ်ခုနဲ့ လူသစ်တယောက်လိုနေတာမျိုး
ဒီနည်းလမ်းကို သုံးတာလွန်ကဲသွားရင် Avoidant Personality၊ Schizoid Personality စတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
#၁၂_အကြမ်းပတမ်းတုံ့ပြန်ခြင်း (Acting Out)
စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ ကြမ်းတမ်းတဲ့အပြုအမူတွေဖြစ်လာပြီး စိတ်မထိန်းနိုင်တော့ဘဲ စိတ်လိုက်မာန်ပါ တုံ့ပြန်တာမျိုး ဖြစ်ပါတယ်။
ဥပမာ – စနောက်ခံရလို့ ဒေါသထွက်လာတဲ့အခါ စတဲ့သူကို ထထိုးလိုက်တာမျိုး ၊ ဒီနည်းလမ်းကို သုံးတတ်တဲ့သူတွေဟာ အရက်စွဲ၊ မူးယစ်ဆေးဝါးစွဲတာတွေ ဖြစ်တတ်ပါတယ်။
#၁၃_ပိုင်းခြားဆင်ခြင်ပြီးတုံ့ပြန်ခြင်း (Intellectualization)
အခက်အခဲနဲ့ပတ်သတ်ပြီး စိတ်ဆင်းရဲမှုကို ရှောင်လိုတဲ့အတွက် အချက်အလက်တွေ၊ ယုတ္တိဗေဒတွေပေါ် အာရုံစိုက်ပြီး တုံ့ပြန်တဲ့သဘောပါ။ တနည်းအားဖြင့် မလိုလားတဲ့ ခံစားချက်ကို တွေးတောခြင်းနဲ့ ရှောင်လွှဲတဲ့ သဘောပါ။
များသောအားဖြင့် ဗန်းစကားတွေ၊ ရှုပ်ထွေးတဲ့ ပညာရပ်ဝေါဟာရတွေကို အသုံးပြုတတ်ကြပါတယ်။
ဥပမာ – ကင်ဆာလူနာတစ်ယောက်ဟာ ကင်ဆာရောဂါသည်တွေရဲ့ အသက်ရှင်နှုန်း၊ ဆေးတွေရဲ့ အကျိုးသက်ရောက်နှုန်းတွေ မေးမြန်းတာမျိုး
Cancer စကားလုံးမသုံးပဲ Carcinoma သုံးတာ၊ Fatal အစား Terminal လို့သုံးတာမျိုး
အကြွေးနွံနစ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ စာရင်းဇယားတွေ အများကြီးဆွဲပြီး အကြွေးကျေဖို့ ဘယ်လောက်ကြာကြာဆပ်ရမယ်၊ အတိုးကဘယ်လောက်ပေးရမယ်ဆိုပြီး တွက်ချက်နေတာမျိုး
ပြဿနာအကြီးအကျယ်ကြုံလာတဲ့အခါမှာ အခုလိုသွေးအေးအေးနဲ့ ရင်ဆိုင်နေတာဟာ ခံနိုင်ရည်ရှိတာထက် စိတ်ဖိစီးမှုတွေကို ကြိုးစားရှောင်နေတာလဲ ဖြစ်ပါတယ်။
အရင်ပို့စ်မှာ ပြောခဲ့သလိုပဲ ဒီနည်းလမ်းတွေကို သတိမပြုမိပေမဲ့ မိမိကိုယ်တိုင် အသုံးပြုဖူးတာကို တွေ့နိုင်ပါတယ်။
ဒါကြောင့် ဒီပို့စ်ကို ဖတ်မိပြီးတဲ့နောက်မှာ ကိုယ်ဘာနည်းလမ်းတွေ သုံးနေမိလဲ၊
အသုံးများနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ အသုံးလွန်နေရင် သတိထားလျော့ချပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ အခက်အခဲတွေကို ရင်ဆိုင်ပါလို့ အကြံပေးပါရစေ။
Source: www.simplypsychology.org / www.psychologydiscussion.net / ဆရာခင်မောင်သန်း (စိတ်ပညာ) ၏ စိတ်ဖောက်ပြန်မှု စံလွဲအပြုအမူများ / ဒေါက်တာကျော်စိန် ၏ စိတ်ပညာအထွေထွေဆောင်းပါးများ ပေါင်းချုပ်

Name | Dr.Htein Linn Aung |
---|---|
Degrees | M.B.B.S | M.Med.Sc (Mental Health) |
Biography | ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။ |
Topic |
သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Hepta Mental Health Clinic, Yangon |