ပိုမိုသတိပြုသင့်လာတဲ့ အသည်းအဆီဖုံးရောဂါကြောင်း တစ်စေ့တစ်စောင်း
ရေးသားသူ – Dr. Mie Mie Kyaw
သည်ဆောင်းပါးမှာ ဘာတွေဆွေးနွေးသွားမလဲ ? အရက်သောက်သူတွေ အသည်းအဆီဖုံးတတ်တာကိုသတိထားမိလေ့ရှိကြပါတယ်။
အခုဆောင်းပါးမှာတော့ အရက်ကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်မှာရှိတဲ့ metabolism တစ်ခုခုချွတ်ယွင်းပြီး ဖြစ်လာတဲ့ အသည်းအဆီဖုံးခြင်းအကြောင်း (NAFLD) ကိုအဓိကထားဆွေးနွေးသွားပါမယ်။
ဘာကြောင့်သတိပြုသင့်တာလဲ
အသည်းအဆီဖုံးတာကနေတစ်ဆင့်နောက်ပိုင်းမှာအသည်းဆဲလ်များယောင်ယမ်းပျက်စီးပြီး အနာရွတ်ထင်လာတယ်၊ အဲဒီကနေတစ်ဆင့် အသည်းခြောက်ကာ အသည်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ဆိုးဝါးတဲ့နောက်ဆက်တွဲတွေ ရှိလို့ပဲဖြစ်ပါတယ်။
ဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲ ? …. ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့
- (၁) ကိုယ်အလေးချိန်များခြင်း
- (၂)သွေးချိုဆီးချိုရောဂါနဲ့ တွဲဖြစ်ခြင်း
- (၃) အဆီများတဲ့အစားအစာ၊ အချို ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာအစားများခြင်း
- (၄) ကိုယ်လက်လှုပ်ရှားမှုနဲတဲ့ နေထိုင်မှုဘဝပုံစံရိြှခင်းတို့ကြောင့် NAFLD ခေါ်အသည်းအဆီဖုံးခြင်း
ဖြစ်စေတတ်ပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်တာများတယ်၊ လေ့လာမှုတွေအရ အသည်းအဆီဖုံးရောဂါသည်တွေရဲ့ ၂၀%ဟာ ပိုဆိုးတဲ့အခြေအနေကို ရောက်သွားတတ်ပါတယ်။
အဲဒီလိုဖြစ်လာရင်
- ဗိုက်မအီမသာဖြစ်လာမယ်
- ပင်ပန်းလွယ်မယ်
- အသည်းကအနည်းငယ်ကြီးလာပြီး ဆရာဝန်စမ်းသပ်တဲ့အချိန်မှာ သိနိုင်ပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ ? …… အသည်းအဆီဖုံးတာကတစ်ဆင့် အသည်းရောင်လာတဲ့အခါ
- အစားအသောက်ပျက်ခြင်း
- ပိန်လာခြင်း
- ဗိုက်နာခြင်း
- အားမရှိသလိုဖြစ်ခြင်း
- နုန်းလွယ်နွမ်းလွယ်ခြင်း
စတဲ့လက္ခဏာများကို ခံစားလာရပါတယ်။
ထို့အပြင် အသည်းရောင်ခြင်းအခြေအနေကနေပိုဆိုးလာပြီး အသည်းခြောက်ခြင်း ၊ အသည်းအလုပ်မလုပ်ခြင်းများဖြစ်လာရင်တော့
- ဗိုက်ရေဖျဉ်းစွဲခြင်း
- အသားဝါခြင်း
- အာရုံစူးစိုက်မှုအားနည်းခြင်း
- ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်သွေးယိုစိမ့်မှု
စတာတွေပါဖြစ်လာပါတယ်။
ရှေ့ကပြောခဲ့သလိုအသည်းအဆီဖုံးပြီးနောက်သေချာမကုသရင် အသည်းမှာ အသည်းခြောက်ပြီး အသည်းကင်ဆာထိဖြစ်သွားနိုင်တယ်၊ အဲဒီအပြင် multiorgan disease ဖြစ်တဲ့အတွက် သွေးကြောကျဉ်းရောဂါ၊ နှလုံးကျောက်ကပ်၊ pancreas ရောဂါတွေကိုဖြစ်စေတဲ့အပြင် အူမကြီးကင်ဆာအထိဆက်စပ်ပြီး ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုစစ်ဆေးလို့ရလဲ
(၁) Ultrasound ရိုက်ခြင်း
ဈေးနှုန်းအသင့်အတင့် အလွယ်တကူနဲ့ အသည်းအဆီဖုံးခြင်းရှိမရှိ အမြန်စစ်ဆေးနိုင်သောနည်း
(၂) Fibroscan
အသည်းအဆီဖုံးတဲ့ပမာဏကိုတိုင်းပြီး အသည်းခြောက်နှုန်းကိုပါ တစ်ပြိုင်နက်တိုင်းတာနိုင်သောနည်း
(၃) CT scan ဖတ်ခြင်း
အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း အသည်းခြောက်ခြင်းတွေအပြင် ဝမ်းဗိုက်တွင်းရှိ အသည်းနှင့်ဆက်စပ်နေသော အင်္ဂါအစိတ်အပိုင်းများကိုပါ စစ်ဆေးနိုင်သောနည်း
(၄) အသည်းတစ်ရှူးကို စစ်ဆေးခြင်း
(၅) အသည်းကိုတိုက်ရိုက်စစ်ဆေးခြင်းမဟုတ်ဘဲ သွေးစစ်ဆေးခြင်းမှတဆင့် ဆက်စပ်ပြီးသိနိုင်သည်များလဲ ရှိပါတယ်။
- Complete blood count – သွေးဆဲလ်များအားလုံးနဲ့ သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးခြင်း
- အသည်းEnzyme နဲ့ အသည်းလုပ်ဆောင်နိုင်အားကို စစ်ဆေးခြင်း ( AST, ALT,AST:ALT, GGT, ANA, Ferritin)
- သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း
- သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း
ကုသလို့ရလား ၊ ဘယ်လိုကုသမလဲ?
ကာကွယ်ခြင်းဟာကုသခြင်းထက်ကောင်းတယ်ဆိုတဲ့စကားအတိုင်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်ကြဉ်ဆင်ခြင်ခြင်းအားဖြင့် မဖြစ်အောင်ပိုမဆိုးအောင် ကာကွယ်ကုသလို့ရပါတယ်
ဒါဆိုရင် အသည်းအဆီဖုံးတာကိုဖြစ်စေတဲ့၊ အသည်းအဆီဖုံးတာနဲ့ဆက်စပ်တဲ့အခြေအနေတွေကို ရှာဖွေကုသရမှာပေါ့
- ဆီးချိုကြောင့်ဆို ဆီးချိုကိုသေချာစနစ်တကျထိန်းရမယ်
- သွေးထဲမှာ အဆီများတာနဲ့ဆက်စပ်မှုရှိရင် အဆီဓာတ်ကို လျှော့ချတဲ့ဆေးတွေပေးပြီး လျှော့ချရမယ်
- ကိုယ်အလေးချိန်က သာမန်ထက်မြင့်နေရင် ဝိတ်ချရမယ်၊ ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ကတော့ အဆီနဲ့အချိုကို လုံးဝရှောင်ရမယ်၊ fast food တွေကိုရှောင်ရမယ်၊ ဆန် ဂျုံနဲ့လုပ်တဲ့အစားအသောက်တွေကို လျှော့စားရမယ်၊အသီးအရွက်အသီးအနှံငါးကို ပိုစားရမယ်
ပြီးတော့ ဆေးလိပ်အရက်ကွမ်းကို ရှောင်ရမယ်
ကိုယ်လက်လှုပ်ရှား လုပ်ပေးရမယ်၊ဒါကိုလုပ်ပေးခြင်းဖြင့် အဆီတွေကို ချေဖျက်ပေးတယ် (ဥပမာ- အားကစားတစ်ခုခုလုပ်ခြင်း (သို့) တစ်နေ့ကိုနာရီဝက်နဲ့ တစ်ပတ်ကို ၅ ရက်လမ်းလျှောက်ပေးခြင်း)
**Weight ဘယ်လောက်ထိ လျှော့ရမလဲ**….. လေ့လာချက်တွေအရ
- ခန္ဓာကိုယ်အလေးချိန်ရဲ့ >5%ကိုလျှော့နိုင်ရင် အသညိးအဆီဖုံးတာကို သက်သာစေတယ်
- 7% ကိုလျှော့နိုင်ရင် အသည်းအဆီဖုံးခြင်းကြောင့် ဖြစ်လာတဲ့ အသည်းရောင်တာကို သက်သာစေပြီး
- 10% ကို လျှော့နိုင်ရင်တော့ အသည်းအနာရွတ်ဖြစ်ခြင်း
ကို သက်သာစေပါတယ်ရှင်
အားလုံးပဲ အသည်းအဆီဖုံးခြင်းကို သတိထားကာကွယ်ဆင်ခြင်ကုသနိုင်ကြပါစေ။

Name | Dr. Mie Mie Kyaw |
---|---|
Degrees | M.B.B.S (YGN) |
Biography | ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ် Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
|
Address | Parami General Hospital, Yangon |