ဖျားတယ် ဆိုတာ
ရေးသားသူ – Dr. Hein Thu Wai
ဖျားကြတယ်ဆိုတာ ခန္ဓာကိုယ်မှာ တစ်ခုခု မူမမှန်တာ ဖြစ်နေပြီးလို့ အချက်ပေးတာပါပဲ။
အသက်ကြီးတဲ့ သူတွေ အများစုက ဖျားတယ်၊ နာတယ်ဆိုရင် ရိုးရိုး သာမန် ရာသီ တုပ်ကွေး ဖြစ်တာများလို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ကလေးတွေမှာ ကိုယ်အပူချိန်တက်လာပြီဆိုတာ စိုးရိမ်ရတဲ့ ရောဂါတွေ ရှိတတ်ပါတယ်။
ဖျားတယ်ဆိုရင် ဖျားတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကိုယ်ပူတာအပြင်
- ချွေးထွက်တာ
- ချမ်းပြီး တုန်တာ
- ခေါင်းကိုက်
- ခြေလက်ကိုက်နာကျင်
- အစားအသောက်ပျက်
- ဂဏာမငြိမ်ခြင်း
- ရေဓာတ်ချို့တဲ့ခြင်း
- လူတကိုယ်လုံးအားမရှိခြင်း
စတဲ့ လက္ခဏာတွေပါ ရှိတတ်ပါတယ်။
အသက် ၅ နှစ်အောက် ကလေးတွေမှာ အရမ်းဖျားရင် တက်တဲ့ လက္ခဏ ပါပြတတ်ပါတယ်။
ကိုယ်အပူချိန်တိုင်းခြင်း
ပုံမှန် ကိုယ်အပူချိန်က 98.6’F (37’C) ရှိပါတယ်။ ကွာလည်း နည်းနည်းလောက်ပါပဲ။ ကိုယ်အပူချိန် တိုင်းတဲ့အခါ သာမိုမီတာ( ပြဒါးတိုင်)ကို ပါးစောင်းထဲထည့်တိုင်းတာ၊ စအိုထဲ ထည့်တိုင်းတာ၊ နဲ့ ချိုင်းကြား၊ ပေါင်ကြား စတဲ့ နေရာတွေမှာ ညှပ်ပြီး တစ်မိနစ်ခန့်ထားပြီး တိုင်းကြပါတယ်။
နည်းပညာသုံး သာမိုမီတာတွေကတော့ နဖူးကို တိုင်းတာ နဲ့ နားထဲ ထည့်တိုင်းတာတို့ လုပ်ကြပါတယ်။ ကိုယ်အပူချိန်ကို တိုင်းတာတဲ့ နည်းလမ်းတွေထဲမှာ ပါးစပ်ထဲထည့်တိုင်းတာနဲ့ စအိုထဲ ထည့်တိုင်းတာ အတိကျဆုံးဖြစ်ပြီး နဖူးနဲ့ နားကို တိုင်းတာက လွယ်ကူပေမယ့် တိကျမှု အနည်းဆုံးပါ။
ဘာကြောင့် ကိုယ်ပူတာလဲ?
ဦးဏှောက်မှာ Hippothalamus ဆိုတဲ့ အပိုင်းရှိပါတယ်။ အဲ့ဒီအပိုင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတဲ့ ဌာနအနေနဲ့ အလုပ်လုပ်ပါတယ်။
ကိုယ်ပူရတဲ့ အကြောင်းရင်းတွေက
- ဗိုင်းရစ်(စ်)ပိုးကူးစက်ခံရခြင်း
- ဘတ်တီရီယားပိုးကူးစက်ခံရခြင်း
- အပူရှပ်ခြင်း
- ရောဂါကြောင့် (ဥပမာ Rheumatoid arthristis)
- ကင်ဆာအချို့
- ဆေးဝါးအချို့
- ကာကွယ်ဆေး
ဆေးခန်းထိုင်ရင်း အတွေ့များတာ တစ်ခုက ဆေးထိုးလိုက်မှ အဖျားက ပျောက်တာ။ ဖျားရင် ဆေးထိုးကို ထိုးရမယ်။ ဆေးမထိုးရင် အဖျားမပျောက်ဘူး စသဖြင့် အရိုးစွဲနေတဲ့သူတော်တော်များပါတယ်။
ဖျားရင် ဆေးထိုးတဲ့အခါ ထိုးပါတယ််။ ဆေးထိုးတယ်ဆိုတာ လူ့ခန္ဓာကိုယ်ကို အပူချိန်ကျပြီး သက်သာအောင် လုပ်ခြင်း နည်းလမ်းတစ်ခုပါ။ ဖျားလို့ ဆေးထိုးကို ထိုးရမယ်လို့ မရှိပါဘူး။
တကယ်လို့ ကိုယ်ဖျားနာရခြင်း အကြောင်းက ရာသီတုပ်ကွေးကြောင့်ဆိုရင်၊ သူများကို မကူးစက်အောင် ကာကွယ်ဖို့နဲ့ အစားအအိပ်မှန်ဖို့ကို ပိုဂရုစိုက်သင့်ပါတယ်။ ဆေးထိုးဖို့ကိုပဲ အာရုံရောက်နေတာ မမှန်ပါဘူး။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |