မိမိရင်သွေးလေးကရော ဒီထဲမှာပါနေလား?
ကောင်းမွန်စွာဂရုစိုက်မှုနှင့် မှန်ကန်သောအာဟာရကျွေးမွေးမှုတွေရောရှိရဲ့လား?
လူလောကထဲ ရောက်လာခါစ အရမ်းနုနှယ်လှတဲ့ရင်သွေးလေးတွေဟာ သူတို့ဘာဖြစ်နေလဲဆိုတာကိုမပြောတတ်ကြပါဘူး။ ဒီအတွက် ဖေဖေမေမေတို့ဟာ အစစအရာရာဂရုစိုက်ဖို့ကြိုစားကြရပါတယ်။ နေမကောင်းဖြစ်လာတော့မှမဟုတ်ဘဲ ကြိုတင်ကာကွယ်စောင့်ရှောက်မှု့တွေပြုလုပ်ကြရပါတယ်။
ဒီလို ဂရုစိုက်နေတဲ့ကြားက သားသားမီးမီးတို့ နေမကောင်း မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် မေမေဖေဖေတို့အဖို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရမှာအမှန်ပါပဲ။
မိမိရင်သွေးလေး အမြဲကျန်းမာရေးကောင်းနေအောင်၊ အာဟာရ ပြည့်ဝနေအောင်၊ အသက်အရွယ်ကြီးလာတဲ့အခါမှာ ဉာဏ်ရည်ထက်မြတ်အောင် စတဲ့အရာတွေကို အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်နေရတာက မိဘတိုင်းရဲ့ မေတ္တာပါပဲ။
အစစအရာရာကို ကိုယ်စွမ်းရှိသလောက်၊ ကိုယ်နားလည်သလောက် ကြိုးစားပြုစုစောင့်ရှောက်ပေမဲ့လည်း တစ်ခါတလေ ကိုယ်မသိတဲ့အမှားတွေကြောင့်၊ နီးစပ်ရာပြောနေတာတွေကိုနားယောင်ပြီးလုပ်မိလိုက်တာတွေကြောင့် ~ ရင်သွေးလေးအပေါ် အာဟာရနဲ့ဆိုင်တဲ့အပိုင်းတွေ၊ ဉာဏ်ရည်နဲ့ဆိုင်တဲ့အပိုင်းတွေ၊ အခြားကျန်းမာရေးနဲ့ဆိုင်တဲ့အပိုင်းတွေပေါ်မှာ ဘယ်လောက်သက်ရောက်မှု့ရှိသွားလဲမသိပါဘူး။
အကယ်၍ ဖေဖေ မေမေတို့သာ ကျန်းမာရေးအကြောင်းကို အထူးပြုနားလည်တတ်ကျွမ်းတဲ့ဆရာဝန်ရဲ့ အကြံပြုချက်တွေယူပြီး ပြုစုစောင့်ရှောက်မယ်ဆိုရင် ပိုပြီးထိရောက်တဲ့စောင့်ရှောက်မှု့ ဖြစ်လာမယ်လို့အကြံပြုတိုက်တွန်းလိုက်ပါရစေ။