မိုးရာသီ ဝင်လာပြီဆိုတာနဲ့ မိုးနဲ့ အတူ အများဆုံးစိုးရိမ်ကြတဲ့ သွေးလွန်တုတ်ကွေး အန္တရာယ်ကလည်း ပေါများလာပါပြီ။

သွေးလွန်တုတ်ကွေးရောဂါဟာ ခြင်ကနေတဆင့် ကူးစက်တာဖြစ်တဲ့အတွက် ခြင်ပေါများတဲ့ မိုးရာသီမှာ အဖြစ်အများဆုံးပါ။ ဒါပေမယ့် တစ်နှစ်ပတ်လုံးကြိုကြားကြိုကြား ရှိနေတတ်ပါတယ်။ သွေးလွန်တုတ်ကွေးရောဂါဟာ အသက်အရွယ်မရွေး၊ ကလေးလူကြီး၊ ကျားမ မရွေးဖြစ်နိုင်ပြီး အသက် ၁၅ နှစ်အထက် လူကြီးတွေမှာ သေဆုံးမှုနှုန်း ပိုမြင့်ပါတယ်။

အဖျာကြီးလို့ မှိန်းနေရင်၊ ကိုယ်လက်ကိုက်ပြီး၊ မစားချင်မသောက်ချင်ဖြစ်ရင် ဘယ်ရာသီပဲဖြစ်ဖြစ် သွေးလွန်တုတ်ကွေးအန္တရာယ်ကို သတိထားရပါမယ်။

သွေးလွန်တုတ်ကွေးဟာ ဗိုင်းရစ်ပိုးကြောင့် ဖြစ်တဲ့အတွက် ရောဂါသဘော သဘာဝအတိုင်း တစ်ကိုယ်လုံး ရောဂါလက္ခဏာပြနိုင်ပါတယ်။ ချောင်းဆိုးနှာစေးလောက်ပဲ ဖြစ်နိုင်သလို ဝမ်းလျှော သတိမေ့တဲ့အထိ ဖြစ်နိုင်ပါတယ်။

သွေးလွန်တုတ်ကွေး ကို စောစောသိနိုင်ဖို့ လိုပါတယ်။ ဒါမှသာ စနစ်တကျစောင့်ကြည့်ကုသနိုင်မှာပါ။

  • သွေးလွန်တုတ်ကွေးရောဂါမှာ ဖျားပြီး (၃)ရက် ကနေ (၅)ရက် အတွင်း သွေးလန့်ခြင်း (Shock) ဖြစ်တတ်ပါတယ်။ သွေးလွန်တုတ်ကွေးမှာ ထူးခြားတဲ့အချက်က သွေးလန့်ခြင်းဖြစ်ချင်ရင် အဖျားကျသွားပါတယ်။
  • ကလေးက ခေါင်းမထောင်ဘူး၊ မဆော့ဘူး၊ အန်တာတို့ မူးလဲတာတို့ ဖြစ်တတ်ပါတယ်။ ပုံမှန်ဆို ကလေးက အဖျားကျသွားရင် လန်းလန်းဆန်းဆန်းဖြစ်ရမှာပါ။ သွေးလန့်ခြင်းဖြစ်ရင် အဖျားကျပေမယ့် ကလေးက မလန်းဘူးဖြစ်နေပါမယ်။
  • အဖျားကျသွားပြီဆိုပြီး မိဘအများစုက စိတ်အေးသွားပြီး ပေါ့သွားတတ်ပါတယ်။ ဒါသတိထားရမယ့်အချက်ပါ သွေးလွန်တုတ်ကွေးမှာ သွေးလန့်ခြင်းဖြစ်ရင် အဖျားကျတတ်ပါတယ်။

သွေးလွန်တုတ်ကွေးကို စောစောသိခြင်းက ကလေး သွေးလန့်ခြင်း ဖြစ်နိုင်တာကို ကြိုတင်ခန့်မှန်းပြီး ကုသလို့ရပါတယ်။ သွေးလန့်ခြင်းဖြစ်ရင်လည်း သွေးလန့်တဲ့အချိန်ကို တိုနိုင်သမျှ တိုအောင် စနစ်တကျ ကုသရပါတယ်။

သွေးလန့်ခြင်းဖြစ်ရင် ခန္ဓာကိုယ်မှာ သွေးယိုမှု ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ်ရှိပါတယ်။

သွေးလွန်တုတ်ကွေးလို့ သံသယ ရှိတဲ့လူနာ ဒါမှမဟုတ် သေချာတဲ့လူနာတွေ-

  • ဗိုက်အောင့် ဗိုက်နာခြင်း ဒါမှမဟုတ် ဗိုက်ကို လက်နဲ့ဖိလို့နာခြင်း
  • ခဏခဏ အန်ခြင်း
  • ဝမ်းဗိုက် အဆုတ်တို့မှာ ရေစုခြင်း
  • ကော်ဖီရောင်လို အရောင်ညစ်ညစ် အန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
  • နှုံးခွေခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
  • အသည်း 2cm ထက်ပိုကြီးခြင်း
  • PCV တက်ခြင်း ဒါမှမဟုတ် Platelet ကျခြင်း

စတဲ့ အချက်တစ်ခုခုရှိရင် အန္တရာယ်လက္ခဏာရှိတယ်လို့ သတ်မှတ်ပြီး ဆေးရုံတက်ကုသဖို့ လိုအပ်ပါတယ်။ တချို့အချက်တွေက ကျန်းမာရေးဝန်ထမ်းတွေ ဓာတ်ခွဲခန်း စမ်းသပ်ချက်ကနေ ရရှိပါမယ်။

ဆေးရုံတက်ကုသဖို့ လိုအပ်တဲ့သူများ
အထက် ဖော်ပြပါ အန္တရာယ်လက္ခဏာရှိတဲ့လူနာတွေ

  • ပြင်းထန် သွေးလွန်တုတ်ကွေးဖြစ်တဲလူနာတွေ
  • ၁နှစ်အောက် ကလေးလူနာတွေ
  • အခြားရောဂါရှိတဲ့လူနာတွေ (ဥပမာ -သွေးချို၊ မွေးရာပါသွေးအားနည်းရောဂါ)
  • အချိန်မရွေးသွေးလန့်တဲ့ အန္တရာယ်ဝင်နိုင်တဲ့အတွက် အချို့ သွားလာရေးခက်ခဲတဲ့ ဒေသတွေ၊ ဆေးရုံနဲ့ အလှမ်းဝေးတဲ့ ဒေသတွေမှာ နေတဲ့လူနာတွေ

သွေးလွန်တုတ်ကွေး ရောဂါဟာ ခြင်ကိုက်ရာကနေ တဆင့် ကူးစက်တာဖြစ်တဲ့အတွက် ခြင်မကိုက်အောင်နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တကယ်လို့ တစ်ခုခုကြောင့် ဖျားနာလာရင်လည်း သွေးလွန်တုတ်ကွေး အန္တရာယ်ကို အမြဲ သတိထားပြီး စောင့်ကြည့်နေရပါမယ်။

အသက်အန္တရာယ် မဆုံးရှုံးဖို့ စောစောသိပြီး ထိထိရောက်ရောက် ကာကွယ် ကုသခြင်းဟာ သွေးလွန်တုပ်ကွေးရောဂါအတွက် အထိက သော့ချက်ပဲဖြစ်ပါတယ်

en_US