မေမေတို့ရဲ့ ကလေးလေးတွေ ဖွံ့ဖြိုးမှုနှုန်းက ပုံမှန်ထက် နှေးတယ်လို့ ခံစားမိနေလား?
ပုံမှန်ကငယ်လေးတစ်ယောက်က ၃ နှစ်အရွယ်ထဲကို ဝင်လာပြီဆိုရင် သူ့အနေနဲ့ သိသာတဲ့ ဖွံ့ဖြိုးမှုတွေကို စပြီး တွေ့ရမှာဘဲဖြစ်ပါတယ်။ အဲ့ဒါကဘာတွေလဲဆိုတော့ လမ်းကို ပိုပြီး စနစ်တကျ လျှောက်တတ်လာမယ်။
ကလေးငယ်လေးတွေ အရမ်းဆော့တာကို အမြင်ရဆုံး အချိန်လည်းဖြစ်မယ်။ အသေးစိတ်ကို မှတ်တတ်လာမယ်။ ပုံဆွဲတာမျိုးတွေ ၊ ဖေဖေ မေမေ ဖိုးဖိုးဖွားဖွား တွေ ကျောင်းက ဆရာ ၊ ဆရာမတွေကို မှတ်ထားတတ်တဲ့ အရွယ်ဖြစ်နေပြီ။ စကားပြောတာ မှာလည်း မပီကလာ ပီကလာ ကနေ စကားများလာမယ်။
မေးခွန်းတွေ အရမ်းမေးတဲ့ အချိန်လည်း ဖြစ်လို့ ဖေဖေ မေမေတို့ကလည်း သေသေချာချာ ရှင်းပြ ပြီးတော့ သူတို့လေးကို တစ်ခါတည်း သင်ပေးနိုင်ဖို့လည်း လိုပါတယ်။
ဒီလို အချိန်လေးတွေမှာ ဖေဖေ မေမေတို့ကို မှာချင်တာက သားသားမီးမီးတို့က အရာရာကို စူးစမ်းလေ့လာနေတဲ့ အချိန်ဖြစ်တဲ့အတွက် သူတို့ကို ကိုယ်ပိုင်လုပ်ရမယ့် အလုပ်လေးတွေကို အသေးစိတ် စပြီး သင်ပေးနိုင်ဖို့လိုပါမယ်။
ဘာတွေလည်းဆိုတော့ အင်္ကျီဝတ်တာတွေ၊ သွားတိုက်တာမျိုးတွေ၊ ထမင်းကို ကိုယ့်ဘာသာ စားတာတွေကို အကျင့်လုပ်ပေးပြီးသင်ပေးရပါမယ်။ ဒီလို သင်ပေးတာက လည်း သားသားမီးမီးလေးတွေရဲ့ လက်လှုပ်ရှားမှုအခြေအနေကို ပုံမှန် ဟုတ်မဟုတ်လည်း ဆန်းစစ်ပေးလို့ရပါတယ်။
ကလေးတိုင်းကတော့ ဖွံ့ဖြိုးမှုပုံစံ ချင်းတော့ မတူကြပါဘူး။ တစ်ချို့က စကားပြောနှေးတာ၊ တစ်ချို့က အရမ်းဆော့ကစားနေတာမျိုးကို တွေ့ရနိုင်ပါတယ်။ ဒီလို ကိစ္စမျိုးတွေ မှာ အရမ်းကြီးတော့ စိုးရိမ်စရာမရှိပါဘူး။
ဒါပေမယ့် အခြေခံ တူညီရမယ့် အချက်တွေပေါ်မှာ လိုက်ပြီး မတူညီတာမျိုးဖြစ်နေတတ်ရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်နော်။