မြန်မာ့အယူအဆနှင့် မျိုးဆက်ပွားကျန်းမာရေး
____________________________________
မြန်မာဆိုတာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အင်မတန် သိမ်မွေ့သော အင်မတန် ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းဟု မြန်မာတို့ဘာသာ မှတ်ယူထားကြသည်။
“ဗိုင်းကောင်း ကျောက်ဖိ” “ပုဝါတစ်ကမ်း လက်တစ်လှမ်း”စသော ဆိုးရိုးဆန်ဆန် အဆုံးအမတွေက မြန်မာတို့၏ အရှက်အကြောက်တရားကို မီးမောင်းထိုးပြလျှက်ရှိသည်။
အမှန်ပင် သိမ်မွေ့နူးညံ့သော မြန်မာလေးများမှာ မြန်မာ့အသိုင်းအဝိုင်းတွင်မရှားပေ။ သို့သော် ပုထုဇဉ် လူသားမှန်လျှင် ရှောင်လွှဲမရသည်မှာ ချစ်ကြခင်ကြ ကြင်နာကြရင်း မိသားစုဘဝတည်ဆောက်ကြခြင်းပင်ဖြစ်သည်။
မိသားစုဘဝတည်ဆောက်ခြင်း အနုပညာ (Family Planning) သည် ပျော်ရွှင်ကျန်းမာသော မိသားစုဖြစ်လာရန်အတွက် အင်မတန်မှ အရေးပါလေသည်။
ထို မိသားစုတည်ဆောက်ခြင်း အနုပညာကို မိသားစု တည်ဆောက်မည့်သူတိုင်း၊ မိသားစု တည်ဆောက်ရာတွင် ပါဝင်အကြံပေးလိုသူတိုင်း၊ ကျန်းမာရေးကိုထိန်းသိမ်းမျှဝေချင်သူတိုင်း သိထားသင့်ပေသည်။
မိသားစုတည်ဆောက်ခြင်းကို လေ့လာသောအခါ မြန်မာလူမျိုးအတော်များများ လက်တွန့်တတ်သော အမျိုးသားနှင့် အမျိုးသမီးကြား အတွင်းရေးကိစ္စများပါ ပါဝင်နေတတ်သည်။
ထို့အပြင် အမျိုးသားများနှင့်ဆိုင်ရာ မျိုးဆက်ပွားအကြောင်းအရာ၊ အမျိုးသမီးနှင့်ဆိုင်ရာ မျိုးဆက်ပွားအကြောင်းအရာများကိုလည်း ဆယ်ကျော်သက်အရွယ်မှစကာ အဆင့်ဆင့် သိထား နားလည်ထားမှသာ မိသားစုတည်ဆောက်ခြင်းအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သလို၊ မိမိဘဝ မိမိချစ်သူဘဝ မိမိအပေါင်းအသင်းဘဝကို ဖေးမ ကာကွယ်ပေးနိုင်ကြမည်။
သို့သော်ငှားလည်း “မျိုးဆက်ပွား”ဟူသောအသံကို ကြားလိုက်သည်နှင့် လူကြားထဲပြောရမှာရှက်သလိုလို ရွံ့သလိုလိုဖြစ်ကြသည်က မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာလို ဖြစ်နေသည်။
မိဘကလည်း သားသမီးကို ပေးမသိစေလိုသဖြင့် တခါတလေ အယူအဆအလွဲများကိုသာ ပြောပြလေ့ရှိသည်။
ဥပမာ “သားကလေ မေ့မေ့ဗိုက်ထဲ အလိုလိုရောက်လာပီး မေမေ့ချက်ပေါက်ထဲက ထွက်လာတာလေ။”ဟူသော စကားလိုမျိုးဖြစ်သည်။ ဒီတော့ တလွဲတွေးရင်တွေး ၊ မတွေးပါက အင်တာနက်ခေတ်ကြီးထဲတွင် တလွဲပညာပေးသော နေရာများမှ ဖတ်မှတ်ကာ လူမသိသူမသိ တလွဲအယူအဆများနှင့် ရှင်သန်သွားကြနိုင်သည်မဟုတ်ပါလား။
ဒီတော့ ပြင်သင့်တာကို ပြင်ရန် ခေါင်းမာတတ်သော လူ့သဘာဝကို အပြစ်မဆိုလိုသော်လည်း သက်ရှိဆိုင်ရာ လုပ်ငန်းတာဝန်တစ်ခုဖြစ်သော မျိုးဆက်ပွားခြင်းကို နားမရှက်စရာ အသုံးအနှုန်းများဖြင့် မျှဝေလေ့လာကြရင်း လူ့ဘောင်လောကကြီးကို သာယာအောင် ဖန်တီးနိုင်ကြဖို့ မျှော်လင့်မိပါတော့တယ်။
ဒီလို မျိုးဆက်ပွားဆိုင်ရာကျန်းမာရေးပြဿနာများကို MyanCare app ပေါ်ကဆရာဝန်တွေနဲ့ လုံလုံခြုံခြုံ ရင်းနှီးပွင့်လင်းစွာတိုင်ပင်နိုင်ပါပြီ။
ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။