ရာသီလာခြင်းနှင့် ယုံတမ်းစကား ၅ခု
ရေးသားသူ – Dr. Hein Thu Wai
ရာသီလာတယ်ဆိုတာ မိန်းကလေးတွေ အပျိုဖော်ဝင်တဲ့အရွယ်ကနေ စပြီး သွေးဆုံးတဲ့ အချိန်ထိ တောက်လျှောက်ကြုံရတဲ့ သဘာဝဓမ္မတာ။
မိန်းကလေးတိုင်းရာသီလာတာနဲ့ ပက်သက်ပြီး ကိုယ့်ရဲ့ အထက် စီနီယာ မမကြီးတွေ ဒေါ်ဒေါ်ကြီးတွေရဲ့ ယုံတမ်းပုံပြင်လေးတွေ ကြားဖူးကြမှာပါ။ တချို့ကလည်း တကယ်ယုံပြီး နောက်တက်လာတဲ့ ဂျုနီယာလေးတွေကို လက်ဆင့်ကမ်းပြန်ရော။ ဒီလို အဆင့်ဆင့် လက်ဆင့် ကမ်းကြတဲ့ ယုံတမ်းပုံပြင်လေးတွေထဲက ၅ ခုလောက်ကို ကြည့်ကြည့်ရအောင်။
ရာသီလာရင် ရေမချိုးရဘူး
ဒါကတော့ ထိပ်ဆုံးက ထည့်ထားတာ အမြဲ ကြားနေကျ စကားမို့။ ရေမချိုးရဘူး ရာသီထိမ်သွားမယ်။ နေမကောင်းဖြစ်မယ်။ ရေပူနဲ့ဆို သွေးပိုဆင်းမယ်။ ဒါတွေ ဒါတွေ ယုံတမ်းစကားတွေ။
တကယ်က “ရေချိုးခြင်းဟာ သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် ရာသီသွေးလည်ပတ်တာကို ပိုကောင်းစေပါတယ်။ ဒါ့အပြင် ရာသီကိုက်ခဲတာတွေ ကိုပါသက်သာစေတယ်၊ ကြွက်သားတွေကို ဖြေလျော့စေတယ်။”
ဒါ့ကြောင့် ရာသီလာနေချိန် ရေမချိုးဖို့ အကြောင်းမရှိပါဘူး။ ချိုးပါ။ ပြီးတော့ ရာသီလာရင် နွမ်းနယ်ပါတယ်။ ရေချိုးခြင်းဟာ နွမ်းနယ်တာတွေကိုပါ ပြေပျောက်စေပါတယ်။
ရာသီလာခြင်းနဲ့ လိင်ဆက်ဆံခြင်း
တချို့က မီးနီဖြတ်ရင် ကိုယ်ဝန်မရဘူးလို့ပြောကြတယ်။ ဆိုလိုတာက ရာသီလာနေချိန် လီင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးလို့ ပြောတာ။ တချို့က ရက်ရှောင်တဲ့ နည်းလမ်းကို သုံးကြတယ်။ ဒါဟာလည်း ရာသီက မှန်ဦးမှ။ မှန်သည့်တိုင်အောင် ရက်တွက်တာ မှန်ဦးမှာ။
အကုန်မှန်ရင်အောင် ကိုယ်ဝန်မရနိုင်ခြေက ၆၅% ပဲရှိတယ်။ ကိုယ်ဝန်ရဖို့ဆိုတာ မမျိုးဥကြွေတာနဲ့ သုတ်ပိုး တွေ့တဲ့အခါ မျိုးအောင်ပြီး ကိုယ်ဝန်ရတာပါ။ အမျိုးသမီးတွေမှာ ရာသီစက်ဝန်းက ၂၈ ရက် ဆိုပေမယ့် တချို့မှာ ၂၁ ရက်၊ တချို့ကျတော့ ဒီထက်နည်းနိုင်ပါတယ်။ အဲ့အချိန်ကျတော့ မီးနီဖြတ်လည်း ကိုယ်ဝန်ကရနိုင်ပါတယ်။
ဒါ့အပြင် ရာသီလာနေချိန် အကာအကွယ် ကွန်ဒုံးမပါဘဲ ဆက်ဆံတဲ့အခါ လိင်ကတဆင့်ကူးစက်တဲ့ရောဂါ ဖြစ်နိုင်ခြေ ပိုများသွားပါတယ်။ လိင်အင်္ဂါမှာ မှိုရောဂါဖြစ်တာတွေပါ ပိုဖြစ်နိုင်ပါတယ် (ဟော်မုန်းအပြောင်းအလဲ ရှိနေတော့ ပိုဖြစ်နိုင်ခြေများသွားပါတယ်။)
Tempo သုံးခြင်း
Tempo ဆိုတာ ရာသီလာရင် ရာသီသွေးတွေကိုစုပ်ဖို့ မိန်းမကိုယ်ထဲ ထည့်ရတဲ့ လစဉ်သုံးပစ္စည်းကို ပြောတာပါ။ Tempo သုံးတာနဲ့ ပက်သက်ပြီး အဓိက စိုးရိမ်တာ မိန်းမကိုယ်ထဲ ထည့်တဲ့အခါ မိန်းမကိုယ်အမြှေးပါး ပြဲမှာကို စိုးရိမ်တာပဲ။ မိန်းမကိုယ် အမြှေးပါးကို အပျိုစင်အမှတ်အသားလို့ မှတ်ထားကြတာကိုး။
မိန်းမကိုယ်အမြှေးပါးဆိုတာ အပိတ်ကြီးမဟုတ်ပါဘူး။ ကျုံနိုင်ဆန့်နိုင်တဲ့ အလွှာလေးတစ်ခုပါပဲ။ မိန်းမကိုယ်ကို လုံးဝပိတ်ထားတာမျိုးမဟုတ်ပါဘူး။ Tempo လို ပစ္စည်းသေးသေးလေး ထည့်ရုံနဲ့ အမြှေးပါး ပြဲတာမျိုးမရှိပါဘူး။ ပြီးတော့ ရာသီလာတဲ့အချိန် မိန်းမကိုယ်က အရည်ထွက်တဲ့အခါ ချောဆီသဘောမျိုးဖြစ်ပြီး ပွန်းတာမျိုးတွေ လည်းမရှိပါဘူး။
နောက်ထပ် Tempo နဲ့ပက်သက်တဲ့ ယုံတမ်းကတော့ အဲ့ပစ္စည်းလေးက မိန်းမကိုယ်အထဲဆုံးထိ ဝင်ပြီး ပျောက်သွားလိမ့်မယ်ဆိုတာပါပဲ။ တကယ်က ဝင်စရာအကြောင်းလည်းမရှိပါဘူး။ ဟိုးထိပ် သားအိမ်ခေါင်းအဝကလည်း Tempo ဝင်ဖို့ဆိုတာ မဆန့်ပါဘူး။ ဒါ့ကြောင့် မိန်းမကိုယ်ထဲမှာ ပျောက်စရာအကြောင်းလည်းမရှိပါဘူး။
ဆေးနဲ့ ရာသီရွေ့တာမကောင်းဘူး
အကြောင်းကြောင်းကြောင့် ကိစ္စကြီးကြီးမားမားရှိတဲ့အချိန်နဲ့ ရာသီလာမယ့်ရက် တိုက်ဆိုင်နေရင် ရာသီလာတာကို ရက်ရွေ့ချင်ကြတယ်။ ဒါပေမဲ့ ဆေးသောက်ပြီး ရွေ့ရင် ဘေးထွက်ဆိုးကျိုးတွေ ရှိမယ်ဆိုပြီး နားထောင်ဘူးကြပါဦးမယ်။
တချို့ကရာသီလာရင် မခံနိုင်လောက်အောင်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်။ အဲ့လို ရာသီလာမယ့်အချိန်နဲ့ကိစ္စ ကြီးကြီးမားမား (ဥပမာ- မင်္ဂလာဆောင်တာတို့၊ ခရီးထွက်ရမှာတို့) ဆိုရင် ကိုယ်ဝန်တားဆေးတွေနဲ့ ရက်ရွေ့ဖို့ မကြောက်ပါနဲ့။ အန္တရာယ်ကင်းပါတယ်။
အတူတူ ရာသီလာကြတယ်
ဒါကတော့ ထူးဆန်းတယ်။ ဘယ်လိုတွေ ပြောကြလဲတော့မသိဘူး။ ဥပမာ တစ်ဆောင်တည်း တစ်ခန်းတည်းတူတူ နေတဲ့ သူငယ်ချင်းတွေ ကြာရင် ရာသီလာချိန် တူသွားရောတဲ့။ ဒီလိုပြောကြပေမယ့် တကယ်တမ်းလေ့လာကြည့်တဲ့အခါ ယုံတမ်းစကားလေး တစ်ခုပါပဲ။

Name | Dr. Hein Thu Wai |
---|---|
Degrees | M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO) |
Biography | |
Topic |
|
Address | 126, Sint Oh Dan Street, Latha, Yangon |