လည်ချောင်းနာခြင်း
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
လည်ချောင်းနာခြင်းဆိုသည်မှာ မြိုချလိုက်သောအခါတိုင်းတွင် လည်ချောင်းအတွင်းမှ နာကျင်ခြင်း ယားကျိကျိဖြစ်ခြင်း ခံစားရခြင်းဖြစ်သည်။ ရာသီတုပ်ကွေး များကြောင့် လည်ချောင်းနာခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။
အဖြစ်အများဆုံးမှာ ဘတ်တီးရီးယားပိုးကြောင့်လည်ချောင်းနာခြင်းဖြစ်သည်။ ထို့ပြင် ဓာတ်မတည့်မှုများကြောင့် လည်ချောင်းယားယံနာကျင်ခြင်း ဥပမာ ဝတ်မှုန် ဓာတ်မတည့်ခြင်း အိမ်မွေးတိရစ္ဆာန် အမွှေးများနှင့် ဓာတ်မတည့်ခြင်း ၊ ခြောက်သွေ့သော လေကို ရှုရှိုက်ရပါများသောကြောင့် လည်ချောင်းခြောက်သွေ့နာကျင်ခြင်း ၊ ဆေးလိပ်ငွေ့ မီးခိုးငွေ့များရှုရှိုက်မိသဖြင့် လည်ချောင်းနာခြင်း ၊ အချိန်အတော်ကြာ မရပ်မနာ အသံကျယ်ကျယ်အော်ပြောမိခြင်းကြောင့် လည်ချောင်းနာကျင်ခြင်း တို့ကြောင့်လည်း လည်ချောင်းနာခြင်းတို့ဖြစ်နိုင်သည်။
လည်ချောင်းနာခြင်း၏ ရောဂါလက္ခဏာများမှာ
- လည်ချောင်းအတွင်းယားခြင်း
- စကားပြောခြင်း သို့မဟုတ် အစာမြိုချလျှင် ပိုဆိုးခြင်း
- အစာမြိုရခက်ခဲခြင်း
- လည်ပင်းသို့မဟုတ် မေးရိုးအောက်ရှိ အကျိတ်စိများယောင်ယမ်းလာခြင်း
- အာသီးယောင်ခြင်း
- အာသီးတွင် အဖြူအဖတ်များပေါ်လာခြင်း
- အသံပြောင်းလာခြင်း
အစရှိသည်တို့ဖြစ်ကြသည်။
လည်ချောင်းနာခြင်းရောဂါကို ခံစားနေရသောလူများတွင် အဖျားကြီးခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာစေးခြင်း ၊ နှာချေခြင်း တကိုယ်လုံးညောင်းညာကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း အစရှိသော လက္ခဏာများကို တွဲ၍တွေ့နိုင်သည်။
ကလေးများတွင်လည်ချောင်းနာခြင်းဖြစ်ပွားပါက အသက်ရှုရခက်ခဲခြင်း ၊ အစာရေစာမမြိုနိုင်ခြင်း ၊ သွားရည်အလွန်အမင်းကျခြင်း ၊ အစားအသောက်ပျက်ခြင်း အစရှိသည်တို့ဖြစ်တတ်သည်။ ထိုသို့သော ရောဂါလက္ခဏာများပေါ်ပေါက်လာပါက ချက်ချင်းနီးစပ်ရာစေခန်းသို့ပြသင့်ပါသည်။
လူကြီးများတွင်မူ လည်ချောင်းနာခြင်းသည် ရက်သတ္တပတ်တပတ်ကျာ်အထိဖြစ်ပွားခြင်း အစာမြိုရခက်ခဲခြင်း ၊ အသက်ရှုရခက်ခဲခြင်း ၊ လည်ချောင်းနာခြင်းကြောင့် ပါးစပ်မဟနိုင်ခြင်း အရိုးအဆစ်များကိုက်ခဲနာကျင်ခြင်း နားကိုက်ခြင်း အနီပြင်အပိန့်များထွက်လာခြင်း အဖျားသွေးသည် ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက်ပိုများခြင်း တံတွေးသို့မဟုတ် သလိပ်တွင် သွေးအရောင်ပါခြင်း လည်ပင်းတွင် အကျိတ်များကြီးလာခြင်း လည်ချောင်းနာခြင်းကြောင့် အသံပြောင်းခြင်းသည် ရက်သတ္တပတ် နှစ်ပတ်ကျော်ထက် ကြာခြင်းအစရှိသော လက္ခဏာများခံစားရပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ပြသင့်သည်။
လည်ချောင်းနာခြင်းကိုကာကွယ်ရန်
လက်ကိုအထူးသဖြင့် အစားမစာမှီ ၊ အိမ်သာတက်အပြီး ၊ လက်အုပ်၍ ချောင်းဆိုးနှာချေပြီးတိုင်းတွင် သေချာစွာဆေးကြောပါ။
အစားအသောက်အိုးခွက်ပန်းကန်ခွက်ယောက် များကို မျှဝေသုံးစွဲခြင်းမပြုပါနှင့် ၊ ချောင်းဆိုးနှာချေသောအခါ tissue ကို အသုံးပြုပါ လိုအပ်ပါက တံကောက်ကွေးကို အသုံးပြု၍ချောင်းဆိုးနှာချေပေးပါ။
ဖျားနာနေသော သူများနှင့် ထိတွေ့ချင်းမှရှောင်ရှားပါရန်။
လည်ချောင်းနာခြင်းကို စစ်ဆေးရန်အတွက်မူ ကလေးများတွင် tongue depressor ဟုခေါ်သော လျှာကို ဖိ၍အာသီးယောင်မယောင် ကြည့်ခြင်းကို ပြုလုပ်တတ်သည်။ ထို့အပြင် အဆုတ်သံနားထောင်ခြင်း လည်ပင်းအကြိတ်များအား စမ်းကြည့်ခြင်း အစရှိသည့် စမ်းသပ်မှုများကို သက်ဆိုင်ရာ ဆရာဝန်က ပြုလုပ်ပေးလေ့ရှိပါသည်။
လည်ချောင်းနာခြင်းတွင် အာသီးရောင်ခြင်း လည်ချောင်းရောင်ရမ်းခြင်းများ လျှော့ပါသက်သာစေရန် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုကြသည်။ သို့သော်အကိုက်အခဲပျောက်ဆေးအပြင်းစားများကို ကလေးငယ်များတွင် အသုံးပြုခြင်းမပြုရ။ သက်ဆိုင်ရာ ဆရာဝန်မှ စမ်းသပ်၍ လိုအပ်သော ပိုးသတ်ဆေးများကို ညွှန်ကြားထားပါက တတ်နိုင်သမျှ ညွှန်ကြားသောအချိန်ကာလ အကြိမ်အရေအတွက် အပြည့်သောက်ရန်လိုအပ်ပါသည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |