လည်ပင်းကြီးရောဂါသိထားစရာ
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
လည်ပင်းကြီးရောဂါလို့ ဆိုလိုက်တာနဲ့ Dr ဆုတို့ ပတ်ဝန်းကျင်မှာ လည်ပင်းနေရာမှာ အလုံးအကြီးကြီး တလုံးထဲဖြစ်စေ အလုံးပေါင်းများစွာနဲ့ပြွတ်သိပ်နေသော လည်ပင်းကြီးရောဂါ တနည်းအားဖြင့် သိုင်းရှိုက်ဟော်မုန်းမူမမှန်နေသော ရောဂါကြောင့် လည်ပင်းမှာ အလုံးကြီးတွေထွက်လာခြင်းက သိပ်မရှားလှ ၊ လည်ပင်းကြီးရောဂါဟာ အသက်လတ်ပိုင်းတွေမှာဖြစ်တတ်တယ် မြစ်ဝကျွန်းပေါ်နဲ့ တောင်တန်းဒေသတွေမှာ ပေါပေါများများတွေ့တယ် အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်တယ် သို့သော် အမျိုးသားတွေမှာဆိုရင်တော့ အဖြစ်နည်းပေမယ့် ပြင်းထန်အမျိုးအစား ဖြစ်တတ်တာကြောင့် ဖြစ်ခဲ့ရင် သေချာစစ်ဖို့ ညွှန်းလိုပါတယ်။
လည်ပင်းကြီးရောဂါ သိုင်းရှိုက်မူမမှန်ရောဂါဝေဒနာရှင်တွေဟာဆိုရင်ဖြင့် လည်ပင်းမှသိုင်းရှိုက်ကလင်း ( thyroid gland ) ကြီးလာမှုကြောင့် အစာမြိုချရင် နာမယ်နင်မယ် အသံတွေပြောင်းတတ်တယ် ပက်လက်အိပ်ရင် အသက်ရှုလို့မရတတ်ဖူး လည်ပင်းကသွေးကြောကြီးတွေ ထောင်တက်နေတာကိုမြင်ရတတ်တယ်။
လေပြွန်ကိုဖိထားတဲ့အတွက် အသက်ရှုတိုင်းရှုတိုင်းမှာ ဆေးပညာအခေါ် stridor လို့ခေါ်တဲ့ အသံလေးတသံ ထွက်နေတာကိုကြားရလိမ့်မယ်။ ဒါ့အပြင် အဓိက ရောဂါလက္ခဏာတွေဖြစ်တဲ့ မျက်လုံးကသာမာန်နဂိုရှိရင်းစွဲထက်သိသိသာသာပိုပြူးလာတယ် စိတ်တိုစိတ်ဆတ်လွယ်တယ် အစားအရမ်းစားပေမယ့် ကိုယ်အလေးချိန်ကတော့ ကျမြဲကျဆဲဖြစ်နေမယ် ရင်တွေတလှပ်လှပ်တုန်မယ် နည်းနည်းလေးရာသီဥတု ပူတူတူလေးဖြစ်လာတာနဲ့ မနေနိုင် အအေးဓာတ်ကို အရင်ကထက်ပိုကြိုက်လာမယ် အိပ်သောအခါ မျက်လုံးပိတ်လို့မရဖြစ်နေမယ် အစရှိတဲ့ အဲ့လိုလက္ခဏာတွေလည်းကြုံရပါမယ်။
ကဲ ကုသနည်းလေးတွေအကြောင်းတော့ ထပ်ပြောပါရစေ
- ဆေးဖြင့်ကုသမှု
- ခွဲစိတ်ကုသမှု
- radio iodine နဲ့ကုသမှုဆိုပြီးတော့ သုံးမျိုးခွဲထားတယ်
များသောအားဖြင့် အသက် ၄၅နှစ်အောက်ဆိုရင် ဆေးဖြင့် သို့မဟုတ် ခွဲစိတ်ကုသကြတယ်။အသက် ၄၅နှစ်အထက်ဆိုရင်တော့ radio iodine တိုက်ပြီးကုသမှုပေးကြတယ်။
ဆေးဖြင့်ကုသခြင်းဟုဆိုရာဝယ် အသက်ငယ်ငယ် အလုံးခပ်သေးသေး အပေါ်က ရောဂါလက္ခဏာများ မဆိုးနေ သို့မဟုတ် ရောဂါအခံတခုခုကြောင့် ခွဲစိတ်ရာတွင်ခက်ခဲနိုင်သော လူနာများကို ဆေးဖြင့်ကုကြတယ် ခွဲစိတ်ကုသမယ်ဆိုရင်တော့ အသက်ကြီး အလုံးကြီး ရောဂါ လက္ခဏာကြီးရင်တော့ ခွဲဖို့ဖက်ပိုအားပေးကြတယ်။
ဒါပေမယ့် Dr ဆု တခု knowledge sharing လုပ်ပေးချင်တာက ခွဲစိတ်ရမယ်လို့ သက်ဆိုင်ရာ သမားတော် ကျွမ်းကျင်ဆရာဝန်ကြီးက အကြံဉာဏ်ပေးတာနဲ့ တခါတည်း တန်းပြီးဓားတင်လို့မရပါဖူး။ သိုင်းရှိုက်ကလင်းရဲ့ သိုင်းရှိုက်ဟော်မုန်းထုတ်နှုန်းကို တတ်နိုင်သလောက်ငြိမ်သွားအောင်ဆေးနဲ့ထိန်းပြီးမှ ခွဲစိတ်ဖို့ပြင်ဆင်ကြပါတယ်။
နောက်ဆုံးအနေနဲ့ Dr ဆု မှာချင်တာက လည်ပင်းကြီးရောဂါဖြစ်လာပြီဟု မိမိကိုယ်ကိုကိုယ် သံသယရှိရင် မပေါ့ဆပါနဲ့ ၊ စစ်ဆေးသင့်တာတွေကို သက်ဆိုင်က ကျွမ်းကျင်သမားတော်နဲ့ တိုင်ပင်စစ်ဆေးပါ ကုသလျှင်ပျောက်ကင်းနိုင်မယ့် ရောဂါမို့လို့ အမြန်ဆုံးကုသပျောက်ကင်းကြပါစေ။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |