လွသွားပုံစံ ကလေးသွားလေးများအကြောင်း
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်
ဒီနေ့တော့ ဖေဖေ မေမေတွေ မေးတာများတဲ့ လွွသွားပုံစံသွားလေးတွေအကြောင်းပြောကြရအောင် ။
ကလေးတွေ သွားတွေ စပေါက်တဲ့အခါ သတိထားကြည့်မိရင် သွားလေးတွေဟာ လွွသွားပုံလေးလို ဖြစ်နေကြတယ် ။ လသားအရွယ် ကလေးသွားတွေမှာထက် ကလေး အသက် (၇) နှစ်မှာ လဲတဲ့ သွားတွေမှာ ဒီလွွသွားပုံသဏ္ဏာန်က ပုံသိသာပါတယ် ။ လူကြီးသွားလဲခါမှ ဒီလိုပုံလေးထွက်လာတော့ မိဘတွေက ကလေးမလှမှာစိုးရိမ်ပြီပေါ့ ။
မိဘတွေကို ပထမဆုံးပြောချင်တာက မစိုးရိမ်ပါနဲ့ ။ ကလေးတွေ ရေှ့သွားအသစ်လေးတွေထွက်ထွက်လာခြင်းမှာ လွွသွားပုံစံလေးတွေရှိနေတာဟာ Normal ပါပဲ ။
သွားမှာ လွွသွားပုံစံလေးဖြစ်နေတာကို အင်္ဂလိပ်လို ” Mamelon ” လို့ ခေါ်ပါတယ် ။
Mamelon လေးတွေကို ကလေးတိုင်းရဲ့ ရေှ့သွား အပေါ် (၄) ချောင်း၊ အောက် (၄) ချောင်းမှာ တွေ့ရတတ်ပါတယ် ။
ကျွန်တော်တို့ ကလေးဘဝတုန်းကလည်း ကျွန်တော်တို့ရဲ့သွားတွေမှာ Mamelon တွေရှိခဲ့မှာဖြစ်ပါတယ် ။
Mamelon တွေဟာ ဘာမှလုပ်စရာမလိုပဲ အချိန်ကြာတဲ့အခါ စားရင်း ဝါးရင်း သဘာဝအတိုင်း ပြန်ပျောက်သွားမှာဖြစ်ပါတယ် ။
ကုသစရာမလိုပါဘူး ။ ရောဂါလည်း မဟုတ်ဘူး ။ သွားပုံသဏ္ဏာန်တွေ မမှန်တာလည်း မဟုတ်ဘူး ။
ပုံမှန် သဘာဝပါပဲ ။ ဒါပေမယ် ့တချို့ကလေးတွေဟာ မျိုးရိုးအရသော်လည်းကောင်း လက်မစုပ်တဲ့ အလေ့အထရှိ၍သော်လည်းကောင် သွားခေါတာ ၊ မေးရိုးငေါထွက်တာတွေရှိနေရင်တော့ အပေါ်သွားနဲ့ အောက်သွား မထိနိုင်တဲ့အခြေအနေမျိုးတွေကြောင့် အသက်ကြီးတဲ့အထိ သွားလေးတွေမှာ Mamelon လေးတွေတွေ့ရတတ်ပါတယ် ။
သွားခေါ ၊ သွားထပ် ၊ သွားမညီတာတွေအတွက်ကတော့ ငယ်ကတည်းက သွားညှိအထူးကုဆရာဝန်များနဲ့ သေချာပြသပြီး ဆွေးနွေးဖို့ အကြံပြုပါရစေ ။
အသက်ကြီးတဲ့အထိ သွားမှာ Mamelon လေးရှိနေတယ် ၊ Mamelon လေးကို မကြိုက်ရင်လည်း ဆေးခန်းပြပြီး ဆရာဝန်နဲ့ဆွေးနွေးလို့ရပါတယ် ။
ကလေးရေှ့သွားတွေမှာ လွွသွားလေးလို Mamelon လေးတွေရှိနေတာဟာ ပုံမှန်ပါပဲခင်ဗျာ ။
အားလုံး ဗဟုသုတတွေရမယ်လို့ ထင်ပါတယ် ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

Name | ဒေါက်တာမျိုးမြင့်အောင် |
---|---|
Degrees | B.D.S (MDY) |
Biography |
၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။ မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။ လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။ |
Topic |
|
Address |
|