သန္ဓေတားခြင်းဆိုတာ ဘာလဲ❔
သန္ဓေတားတယ်ဆိုတာကို လွယ်လွယ် အရပ်စကားနဲ့ပြောရင်တော့ ကိုယ်ဝန်မရအောင် တားဆီးတဲ့ သဘောပါပဲ။ ဒီလို ကလေးမရအောင် ကာကွယ်ကြရာမှာ အရေးအကြီးဆုံးတစ်ချက်ရှိပါတယ်။ ဒါကတော့ စုံတွဲ၂ယောက်လုံး ပါဝင်ပတ်သက် ဆုံးဖြတ်ဖို့ပါပဲ။
အများအားဖြင့် သန္ဓေတားတဲ့ကိစ္စကို အမျိုးသားတွေက သူတို့နဲ့မဆိုင်သလို နေတတ်ကြပါတယ်။ တားဖို့အတွက် ခွင့်ပြုပေးရုံလောက်နဲ့တော့ လင်ယောကျာ်းတာဝန် မကျေသေးပါဘူး။ ဒီတော့ အသေးစိတ်ပါဝင်ဆွေးနွေးဖို့ အားပေးချင်ပါတယ်။
သန္ဓေတားရာမှာ နည်းနှစ်နည်းရှိပါတယ်။ ယာယီတားဆီးခြင်းနဲ့၊ အမြဲထာဝရ ကလေးမရအောင် တားဆီးခြင်းပါ။ ထာဝရတားတဲ့နည်းကတော့ ရှင်းပါတယ်။ သားကြောဖြတ်ခြင်းပါ။ သားကြောဖြတ်တယ်ဆိုတာကတော့ အမျိုးသမီးတွေရဲ့ သားအိမ်နဲ့ သားဥအိမ်ကြား သားဥလေးကို ပို့ဆောင်ပေးသူ သားဥပြွန်လေးကို ချည်နှောင် ဖြတ်တောက်ပစ်တာပါပဲ။
ယာယီတားတဲ့နည်းတွေကတော့ ကွန်ဒုံးသုံးခြင်း၊ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအတွင်း ပစ္စည်းထည့်ခြင်း၊ သားအိမ်အတွင်း ပစ္စည်းထည့်ခြင်းတို့ဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ နည်းလမ်းတွေထဲမှာတော့ ကွန်ဒုံးသုံးခြင်းနဲ့ သားအိမ်အတွင်း ပစ္စည်းထည့်ချင်းတွေဟာ သုံးစွဲသူကို ဟော်မုန်းအပြောင်းအလဲဒဏ် မခံရစေပါဘူး။ ဘာလို့ဆို ဘာဟော်မုန်းမှ မပါဝင်လို့ပါပဲ။
ဒီတော့ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းထဲ ပစ္စည်းထည့်ခြင်းတွေက ဟော်မုန်းပါတာမို့ ဟော်မုန်းဒဏ် ခံရနိုင်ပါတယ်။ ဒီတော့ အနည်းငယ် ကိုယ်အလေးချိန်တတ်တာ၊ အသားညစ်တာ၊ ရာသီထိန်တာ၊ ရာသီသွေး မမှန်တာတွေဟာ ပရိုဂျက်တီရုန်းဟော်မုန်းပါတဲ့ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတွေမှာ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အီစတိုဂျင်ဟော်မုန်းပါတဲ့ သောက်ဆေးမှာတော့ ခံစားရမှာ မဟုတ်ပါဘူး။
သို့သော် သောက်ဆေးတွေက နေ့တိုင်း မှတ်မှတ်ရရ အချိန်မှန်သောက်ရမှာပါ။ မဟုတ်ရင် အပြည့်အဝ သန္ဓေတားပေးမှာ မဟုတ်တာကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရတတ်ပါတယ်။ ထိုးဆေးကတော့ သုံးလတစ်ခါရက်ချိနိးမှန်မှန်ထိုးရမှာပါ။ အခုခေတ်က လက်ကိုင်ဖုန်းတွေလည်း လူတိုင်းရှိနေကြတော့ ဖုန်းထဲမှာ reninderလေးနဲ့ မှတ်ထားရင် မမေ့တော့ပါဘူး။
သောက်ဆေး၊ ထိုးဆေးဟာ အချိန်မှန်မှန် သုံးစွဲနေသမျှ သန္ဓေတားပေးမှာဖြစ်သော်လည်း လက်မောင်းထဲထည့်သောပစ္စည်းနဲ့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတွေကတော့ ၃နှစ်မှ ၅နှစ်အထိ သန္ဓေတားစီးပေးမှာဖြစ်ပါတယ်။ ဒီတော့ သေချာစဉ်းစားဖို့လိုပါတယ်။
သန္ဓေတားခြင်းဟာ မိသားစုတည်ဆောက်ရာမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်တာမို့ အချိန်ပေးပြီး နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုးတွေကို သေချာကြည့်ပြီးမှ ကိုယ်နဲ့အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်ရမှာ ဖြစ်တာမို့ သေချာအာရုံစိုက်ဖို့ လိုအပ်ပါတယ်။
မိသားစုဘဝ လှပဖို့ သန္ဓေတားခြင်း ဆွေးနွေးစို့။
ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။