သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (MBBS)
သန္ဓေတည်ဖို့အတွက် သားဥအိမ်ကနေ မမျိုးဥထွက်လာပြီး ၂၄နာရီအတွင်း ဖခင်ရဲ့သုတ်ပိုးနဲ့တွေ့ဖို့လိုအပ်ပါတယ်။ သန္ဓေအောင်တဲ့ သားဥလေးက သားဥပြွန်လမ်းကြောင်းမှာ ၃။၄ရက် နေပြီးတာနဲ့ သားအိမ်မှာ သန္ဓေတွယ်ဖို့ ဆင်းလာပြီး တစ်လနဲ့တစ်လ ကြီးထွားလာပါတယ်။
အဲ့လို သားအိမ်သို့ မရောက်သွားပဲ သားဥပြွန်နဲ့ ဗိုက်ထဲမှာ သန္ဓေတည်ခြင်းကို သားအိမ်ပြင်ပသန္ဓေတည်ခြင်းလို့ခေါ်ပြီး ပုံမှန်အတိုင်းကလေးက မကြီးထွားနိုင်လို့ အရေးပေါ်ကုသမှုလိုအပ်ပါတယ်။
လက္ခဏာတွေကတော့
- မိန်းမကိုယ်မှသွေးဆင်းခြင်း
- ဆီးစပ်တစ်လျှောက်နာကျင်ကိုက်ခဲခြင်း
- မူးဝေ။ အော့အန်ခြင်း။
- မေ့လဲခြင်း
- ကြွက်သားရောင်ရမ်းကိုက်ခဲခြင်း
- ပင်ပန်းနုန်းချိခြင်း
သားဥပြွန်မှာ သန္ဓေတည်ရင် ကလေးကြီးလာတဲ့အခါ မဆန်ု့တော့လို့ လမ်းကြောင်းပေါက်ကွဲထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးဆို သွေးအရမ်းဆင်းပြီး မခံမရပ်နိုင်အောင် နာတာမျိုးဖြစ်တတ်ပါတယ်။
ဖြစ်နိုင်ခြေများတဲ့အကြောင်းအရင်းကတော့
- သားဥပြွန်မကောင်းတဲ့အခါ သန္ဓေအောင်တဲ့မျိုးဥကို သားအိမ်ကို မပို့ဆောင်ပေးနိုင်လို့ သားဥပြွန် (သို့)ဗိုက်ထဲမှာ သန္ဓေတည်တာမျိုးဖြစ်တတ်ပါတယ်။
- သားဥပြွန်မှာအနာရှိရင်
- သားအိမ်ထဲပစ္စည်းထည့်ထားတဲ့အခါ
- မွေးလမ်းကြောင်းပိုးဝင်ယောင်ယမ်းနေတဲ့အခါ
- လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါရှိရင်
- အရင်ကိုယ်ဝန်ကသားအိမ်ပြင်ပသန္ဓေတည်ဖူးရင်
- ကိုယ်ဝန်ရအောင်ဖန်ပြွန်သန္ဓေသား လုပ်ဖူးရင်
- ဆေးလိပ်သောက်ရင်
ပိုဖြစ်နိုင်ခြေများပါတယ်
ဆရာဝန်ကသေချာစစ်ဆေးပြီး ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်ပါလိမ့်မယ်။ သန္ဓေသားလေးဟာ သားအိမ်ကလွဲလို့ အခြားနေရာမှာ မကြီးထွားနိုင်လို့ အဲ့လိုမျိုးဖြစ်ခဲ့ရင် ဆေးသောက်ခြင်း (သို့) ခွဲစိတ်ခြင်း နှင့်ကုသရပါလိမ့်မယ်။
အရင်ကိုယ်ဝန်က သားအိမ်ပြင်ပသန္ဓေတည်ဖူးပေမယ့် နောက်တစ်ခါ ကိုယ်ဝန်ပုံမှန်အတိုင်း ဆောင်နိုင်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါ သားအိမ်ပြင်ပ သန္ဓေတည်ဖို့အခွင့်အလမ်းလည်းရှိပါတယ်။ သေချာဂရုစိုက်ပြီး ရက်ချိန်းမှန်မှန်ပြပြီး ကလေးရဲ့ပုံမှန်ကြီးထွားမှုကို စောင့်ကြည့် ရပါမယ်။
ဆရာဝန်နဲ့လည်း ကိုယ်ဝန်ထပ်မယူခင်တိုင်ပင်ဆွေးနွေးရပါမယ်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |