သိသင့်သိထိုက်သော ကလေးငယ်များ အကြောင်း

ပါမောက္ခ ဒေါက်တာအောင်ကြည်ဝင်း

ကလေးတွေကို အသက်အရွယ်ရပိုင်းခြားခေါ်ထားပါတယ်။ မမွေးခင်ကိုသန္ဓေသား၊ တစ်နှစ်အောက်အရွယ်ဆိုရင်နို့စို့အရွယ်၊ ၁နှစ်က ၃နှစ်အထိကို တောက်တောက်ပြေးအရွယ်၊ ၃နှစ်က၅နှစ်အထိကိုမူကြိုအရွယ်လို့ခေါ်ပါတယ်။

ခန္ဓာကိုယ် ကြီးထွားမှုအမြန်ဆုံး အချိန်ကမိခင်ဝမ်းတွင်းသန္ဓေသားအရွယ် ဖြစ်ပါတယ်။ ဒါကြောင့်မိခင်ရော၊ကလေးအတွက်ရော အာဟာရ ပိုလိုပါတယ်။ ဒါမှမွေးလာရင် ပေါင်ပြည့်မယ်။

အသက်၆လမှာ မွေးစပေါင်ချိန်ရဲ့ ၂ဆ ရှိလာတယ်။ မွေးစပေါင်ချိန်၃ကီလိုဂရမ်ရှိလျှင် ၆ကီလိုဂရမ်ဖြစ်လာမယ်။

အသက် ၁နှစ်မှာ ၃ဆ-၉ကီလိုဂရမ်၊

အသက် ၂ နှစ်မှာ၄ဆ-၁၂ကီလိုဂရမ် ရှိရမယ်။

အသက်၁နှစ်အောက်မှာ ၃ ကီလိုဂရမ်တက်ဖို့ ၆လသာလိုပေမယ့် အသက်၁ နှစ်ကျော်သွားရင် ၁နှစ်ကြာမှတက်ပါမယ်။ အသက်၂နှစ်ကျော်ရင် အလေးချိန်တက်နှုန်းပိုနှေးသွားပါတယ်။

အသက်၂နှစ်အရွယ်ကလေး အရပ်ရဲ့ ၂ဆဟာနောက်လူကြီးဖြစ်လာရင်ရှိမယ့်အရပ်အမြင့်လို့ရေဘုယျအားဖြင့်သတ်မှတ်ပါတယ်။

ဒါ့ကြောင့်အသက်၂ နှစ်မှာပုနေတယ်ဆိုရင် လူကြီးဖြစ်လာရင်ပုဖို့ပိုများသွားပြီ။

အရပ်အမြင့်ဟာမျိုးရိုးနဲ့ ပိုဆိုင်ပေမယ့် အာဟာရကလည်းထိုက်သင့်သလောက် အရေးကြီးပါတယ်။

ဒါကြောင့် အသက်၂နှစ်ဟာကိုယ်အလေးချိန်အရရော၊ အရပ်အမြင့်အရရော၊ အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဦနှောက်ကြီးထွားမှုက ဆက်မြန်နေပါသေးတယ်။ အသက်၃နှစ်ကျမှ လူကြီးခေါင်းအရွယ်အစား ရဲ့ ၉၀% ကိုရောက်ပါတယ်။

မွေးကင်းစမှာဦးခေါင်းလုံးပတ် ၃၅စင်တီမီတာရှိပါတယ်။ အဲဒီကနေ ၅စင်တီမီတာထိတက်သွားတာကို ကြည့်မယ်ဆိုရင် ၃လမှာ၄၀ စင်တီမီတာနဲ့ အသက်၉လမှာ၄၅စင်တီမီတာ၊ အသက်၃နှစ်မှာ၅၀စင်တီမီတာနဲ့ အသက်၅နှစ်မှာ၅၅စင်တီမီတာဖြစ်ပါတယ်။

ငယ်လေဦးနှောက်ကြီးထွားမှုနှုန်းမြန်လေပေါ့။ သိသိသာသာနှေးသွားတာကအသက်၃ နှစ်ကျော်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဦးနှောက်ကြီးထွားမှု မြန်နေသေးတဲ့ အသက် ၂ နှစ်နဲ့ ၃နှစ်ကြားတောက်တောက်ပြေးအရွယ်ကိုလည်း ဆက်လက်ဂရုစိုက်ပါမှ ဉာဏ်ကောင်းတဲ့ကလေးဖြစ်မှာပါ။

ရက် (၁၀၀၀) ကမွေးရက်ကစပြီး အသက်၃ နှစ်အထိဖြစ်ပါတယ်။ အတိအကျဆိုရင်တော့ (၁၀၉၅) ရက်ပဲဖြစ်ပါတယ် ။

en_US