သွားတိုက်တံလေးတွေ အမြဲသန့်ရှင်းနေအောင် ထိန်းသိမ်းနည်းများ
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်
ဒီနေ့တော့ ကျွန်တော်တို့ ခံတွင်းကို နေ့စဉ်သန့်ရှင်းပေးနေတဲ့ သွားတိုက်တံလေးတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ် ။
ကျွန်တော်တို့ အသုံးပြုနေတဲ့ သွားတိုက်တံလေးတွေကို (၃)လတစ်ကြိမ် သို့မဟုတ် (၄) လတစ်ကြိမ် လဲပေးသင့်ပါတယ် ။ ကလေးတွေဆို ဒီထက် မကြာမကြာလဲပေးသင့်ပါတယ် ။
အသုံးပြုတာမကြာသေးပေမယ့် သွားတိုက်တံအမွေးတွေ ဖွာလာရင်တော့ သွားတိုက်တံကိုလဲပေးရမယ်ဗျ ။
သတိပြုရမယ့်အချက်တစ်ခုက မိမိနေမကောင်းဖြစ်ပြီး အသုံးပြုထားတဲ့သွားတိုက်တံကိုလည်း ထပ်မသုံးသင့်တော့ပဲ အသစ်လဲသုံးသင့်ပါတယ် ။
သွားတိုက်တံတွေကို သန့်သန့်ရှင်းရှင်းဘယ်လိုထိန်းသိမ်းကြမလဲ ဆက်ဖတ်ရအောင် ။
(၁) အလုံပိတ်ပုံးများ ၊ ဘူးများထဲ ထည့်မသိမ်းရပါ ။
သွားတိုက်တံတွေကို တော်တော်များများက အလုံပိတ်ထားလေ့ရှိပါတယ် ။ ကျွန်တော်တို့တွေက သွားတိုက်တံကို အလုံပိတ်ထားရင် ပိုသန့်ရှင်းတယ်လို့ ယူဆကြပေမယ့် ဒါဟာ မှားယွင်းပါသတဲ့ ။ ရေစိုနေတဲ့သွားတိုက်တံကို အလုံပိတ်ထားတာက ဘက်တီးရီးယားတွေ ၊ မွိုတွေ ပေါက်ဖွားဖို့ ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုက်သလိုပါပဲ ။
ဒါကြောင့် သွားတိုက်တံကို ဘူး သို့မဟုတ် အလုံပိတ်ပုံးထဲမှာ သိမ်းမယ်ဆိုရင် သွားတိုက်တံ ခြောက်သွေ့မှသာ သိမ်းသင့်ပါတယ် ။ သွားတိုက်တံထည့်တဲ့ ဘူးတွေကိုလည်း အမြဲဆေးကြောသန့်ရှင်းနေရပါမယ်တဲ့ ။
ဒါကြောင့် သွားတိုက်တံကို မိမိခရီးသွားတဲ့အခါ ၊ အိမ်မှာ အကြာကြီးမရှိတော့မယ့် အခိုက်တန့်မျိုးမှာပဲ ဘူးတွေထဲမှာ ထည့်သိမ်းသင့်ပါတယ် ။
(၂) သွားတိုက်တံကို ခွက်တစ်ခုထဲ ထောင်၍ထားပါ ။
သွားတိုက်တံကို အမွွေးအမျှင်ဘက်ခြမ်းကို အပေါ်ဘက်ထားပြီး ခွက်တစ်ခုထဲ မတ်မတ်ထောင်ပြီးတော့ ထားပါ ။ သွားတိုက်တံခြောက်သွေ့မွုမြန်ဆန်သလို ပိုပြီးလည်း သန့်ရှင်းပါတယ် ။
(၃) သွားတိုက်တံထည့်ထားတဲ့ခွက်ကို တစ်ပတ်တစ်ကြိမ်ဆေးကြောပါ ။
ပုံမှန်ခွက်တွေဆေးသလိုပဲ ဆပ်ပြာနဲ့ သေချာဆေးပါ ။ သတိပြုစရာတစ်ခုက သွားတိုက်တံအခံခွက်ကို စားသောက်နေတဲ့ အိုးခွက်ပန်းကန်တွေနဲ့ ရောမဆေးရပါဘူး ။
(၄) သွားတိုက်တံတစ်ခုနဲ့တစ်ခု ထိကပ်မနေရ ။
ခွက်တစ်ခုထဲမှာ သွားတိုက်တံအများကြီးထည့်တဲ့ မိသားစုတွေအနေနဲ့ သွားတိုက်တံကိုထည့်တဲ့အခါ သွားတိုက်တံတွေ ထိကပ်မနေဖို့ သတိထားပေးရပါမယ် ။
သွားတိုက်တံတွေ တစ်ခုနဲ့တစ်ခု ထိစပ်နေပါက ဘက်တီးရီးယားတွေ တံတွေးတွေ တစ်ခုကနေတခု ကူးစက်နိုင်ပါတယ် ။
(၅) အိမ်သာနှင့်အနည်ဆုံး (၃) ပေခန့်ဝေးပါစေ ။
တချို့အိမ်တွေမှာ အိမ်သာနဲ့ရေချိုးခန်းက တွဲရက်ပါ ။ အရမ်းနီးလွန်းပါက အိမ်သာတက်ရင်းဖြစ်စေ ၊ အိမ်သာဆေးရင်းဖြစ်စေ ရေမွွားလေးတွေကနေ စင်ပြီး သွားတိုက်တံတွေဟာ ညစ်ပတ်သွားတတ်ပါတယ် ။ အိမ်သာရေပေနေတဲ့ သွားတိုက်တံတော့ ဘယ်သူမှပါးစပ်ထဲမထည့်ချင်ဘူးထင်ပါတယ် ။
ဒါကြောင့် သွားတိုက်တံတွေကို အိမ်သာနဲ့ အနည်းဆုံး (၂) ပေ (၃) ပေခန့် အမြင့်မှာထားပါ ။ ခွာထားပါ ။
(၆) ဒီအချက်လေးတွေကိုလည်း လိုက်နာပါ ။
- သွားတိုက်တံ အတူတူပေါင်မသုံးရ ။ မျှဝေပြီး မသုံးရ ။
- သွားမတိုက်ခင် လက်ကိုစယ်ကြယ်စွာဆေးပါ ။
- သွားတိုက်ပြီးပါက သွားတိုက်တံကို ရေဖြင့် သေသေချာချာ ဆေးကြောပါ ။
- ရေဆေးပြီးပါက ရေစင်အောင် နှစ်ခါသုံးခါခန့် ရေခါလိုက်ပါ ။
- သွားတိုက်တံကို သန့်ချင်ဇောနဲ့ ရေနွေးဖြင့်မပြုတ်ရပါ ။
- သွားတိုက်တံကို ခံတွင်းသန့်ဆေးရည်များဖြင့် မစိမ်ရပါဘူး ။
ဒါဆိုရင် နေ့တိုင်းသုံးနေတဲ့ သွားတိုက်တံလေးတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဗဟုသုတဖြစ်မယ်ထင်ပါတယ် ။ နောက်နေ့ မိမိနဲ့ သင့်တော်မယ့် သွားတိုက်တံတွေကို ဘယ်လိုရွေးချယ်ပြီး ဝယ်ရမလဲ ဆိုတာ မျှဝေပါမယ်ခင်ဗျ ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

Name | ဒေါက်တာမျိုးမြင့်အောင် |
---|---|
Degrees | B.D.S (MDY) |
Biography |
၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။ မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။ လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။ |
Topic |
|
Address |
|