သွားဖုံးအခြေများ နိမ့်ကျခြင်း

ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်

သွားဖုံးတွေဟာ သွားအမြစ်တွေကို လုံခြုံစွာဖုံးအုပ်ထားပေးတဲ့ ဝတ်ထားပေးတဲ့ အင်္ကျီတွေလိုပါပဲ။ သွားဖုံးတွေ အောက်ကို လျောကျသွားတာနဲ့ သွားအမြစ်တွေ စပေါ်လာပါတော့တယ် ။

သွားဖုံးတွေ နိမ့်ကျသွားပြီး သွားအမြစ်တွေ ပေါ်လာရင် သွားနှစ်ချောင်းကြားမှာ နေရာလွတ်တွေပေါ်လာရောဗျ ။ ဒီနေရာလွတ်တွေက အမြင်အရကြည့်ရင် သွားကျဲသွားတယ်လို့ ထင်ရစေပါတယ် ။

ကျန်းမာရေး ရူ့ထောင့်ဘက်ကကြည့်ရင်တော့ သွားဖုံးမရှိတော့တဲ့ နေရာလွတ်တွေမှာ အစာအကြွင်းအကျန်တွေပိုကျန်နိုင်တာကြောင့် ဘက်တီးရီးယားတွေပေါက်ဖွားမွုပိုများပြီး သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါတော့တယ် ။

သွားဖုံးရောဂါလို့ပြောလိုက်ရင် အဆိုးဆုံးမြင်မိကြမှာက သွားတွေအားလုံးကို အချောင်းလိုက်ကျွတ်ထွက်သွားစေမယ့် ရေစီးကမ်းပြိုရောဂါဖြစ်ပါတယ် ။ သွားဖုံးရောဂါတွေဟာ ဖြစ်ရင် ဖွဲမီးလောင်သလို ဖြည်းဖြည်းခြင်းဖြစ်နေတာဆိုတော့ သတိမထားမိကြပဲ လူတိုင်း ဖြစ်စမှာ မကုသမိတာများပါတယ် ။

လူနာတွေ သွားဖုံးရောဂါနဲ့ ကျွန်တော်တို့ သွားနှင့်ခံတွင်းဆေးခန်းကိုရောက်လာပြီဆိုရင် အဆိုးဆုံးအခြေအနေကိုချည်း တွေ့ကြရတာများပါတယ် ။ သွားဖုံးနိမ့်ကျလာတာဟာ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းပိုများလာတယ် ။ သွားဖုံးရောဂါတွေရဲ့ လက္ခဏာတစ်ခု သို့မဟုတ် သွားဖုံးရောဂါတွေရဲ့ အစလို့ မှတ်ယူလည်းရပါတယ် ။

လူတွေ သတိမထားမိကြပေမယ့် သွားဖုံးရောဂါဟာ သွားနှင့်ခံတွင်းရောဂါတွေထဲ အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါတယ် ။ ဒီနေ့တော့ သွားဖုံးတွေအောက်ကို နိမ့်ကျသွားရတဲ့ အကြောင်းအရင်းတွေကို မျှဝေပေးပါ့မယ် ။

(၁) သွားဖုံးရောဂါ ။
သွားဖုံးရောဂါကြောင့် သွားဖုံးတွေ အောက်ကိုနိမ့်ကျသွားတတ်သလို သွားဖုံးတွေအောက်ကိုနိမ့်ကျသွားတာကြောင့်လည်း သွားဖုံးရောဂါဖြစ်နိုင်ပါတယ် ။ မိတ်ဆွေတွေဆိုတော့ အပြန်အလှန်ပေါ့ ။

ခံတွင်းသန့်ရှင်းမွု ညံ့ဖျင်းခြင်း ၊ စနစ်မကျခြင်းတို့ကြောင့် ခံတွင်းထဲက အစာအကြွင်းအကျန်တွေကနေ ဘက်တီးရီးယားတွေ များစွာပေါက်ဖွားလာတတ်ပါတယ် ။ ဒီဘက်တီးရီးယားတွေဟာ သွားဖုံးတွေသာမက သွားဖုံးအောက်က အရိုးတွေကိုပါ ဖျက်ဆီးပစ်နိုင်ပါတယ် ။

ဒါဆို သွားဖုံးတွေ အရိုးတွေဟာ အောက်ကို တဖြည်းဖြည်း နိမ့်ကျလာပြီး သွားရဲ့ခိုင်ခန့်မွုဟာလည်း တဖြည်းဖြည်းလျော့ကျလာပါတော့တယ် ။

(၂) သွားတိုက်နည်းစနစ်မှားယွင်းခြင်း ။
တချို့လူတွေက သွားတိုက်ရင် ရှေ့တိုးနောက်ဆုတ် သွားကို ကန့်လန့်ဖြတ်ကြီးတွေ တိုက်ကြတယ် ။ ပြီးတော့ သွားတိုက်နေသလား လူသတ်နေသလား မသဲကွဲအောင်ကို အားစိုက်ပြီး သွားတိုက်မှ အားရကြတယ် ။

အားထည့်ပြီးတိုက်မှ သန့်ရှင်းတယ်လို့ ထင်ကြတာ ။ ဒီလို သွားတိုက်တာဟာ ငယ်တုန်းက သိပ်မသိသာလှပေမယ့် နှစ်တွေကြာလာတဲ့အခါ သွားအခြေမှာ အချိုင့်ကြီးတွေဖြစ်လာပါတယ် ။ ဒါဟာ သွားတိုက်တံရဲ့ ပွတ်တိုက်မွုကြောင့် ကြွေလွာတွေပြုန်းတီးကုန်တာပါ ။

ဒီလိုလူတွေမှာလည်း သွားအခြေပြတ်တာအပြင် သွားဖုံးနိမ့်ကျတာကို ဆိုးဆိုးရွားရွား တွေ့ရတတ်ပါတယ် ။

(၃) ခံတွင်းကျန်းမာရေး ဂရုစိုက်မွုအားနည်းခြင်း ။
သွားဂျီး သွားကျောက်တွေကို ခံတွင်းကျန်းမာရေး အားနည်းတဲ့သူတွေရဲ့ အမှတ်အသားအဖြစ်မြင်တွေ့ရတတ်ပါတယ် ။ သွားသန့်ရှင်းရေးကောင်းသူတွေမှာတောင် သွားတစ်ချောင်းစ နှစ်ချောင်းစမှာ သွားကျောက်တွေကိုတွေ့ရတတ်ပါတယ် ။

သွားဂျီးသွားကျောက်တွေကို သွားနှင့်ခံတွင်းဆေးခန်းတွေမှာ (၆) လ တစ်ကြိမ် သို့မဟုတ် (၁) နှစ်တစ်ကြိမ် ဖယ်ရှားပေးရပါမယ် ။ သွားကျောက်တွေ တဖြည်းဖြည်းထူလာတာနဲ့အမျှ သွားကျောက်တွေဟာ သွားဖုံးတွေရဲ့နေရာကို အစားထိုးယူသွားတတ်ပါတယ် ။ သွားဆေးခန်းမှာ သွားကျောက်ခြစ်ပြီး သွားတွေကျဲသွားတယ်လို့ပြောတဲ့သူတွေဟာ တော်တော်လေးကို သွားကျောက်ထူသူတွေပါ ။

(၄) ဆေးရွက်ကြီး ။
ဆေးလိပ်၊ ကွမ်း စတဲ့ ဆေးရွက်ကြီးအသုံးပြုတဲ့သူတွေမှာလည်း သွားဖုံးနိမ့်ကျတာကို ဆိုးဆိုးရွားရွားတေတွေ့ရတတ်ပါတယ် ။ ဘာလို့လဲဆိုတော့ ဆေးရွက်ကြီးအသုံးပြုရင် သွားချေးတွေဟာ သွားတွေ သွားဖုံးတွေမှာ မြဲမြဲကပ်နေတတ်ပြီး ဖယ်ရှားရတာလဲ ခက်ခဲလို့ပါ ။ သွားဆေးခန်းမှာ ဖယ်ရင်လည်း တအားကို ပင်ပင်ပန်းပန်းဖယ်ကြရပါတယ် ။

(၅) အမျိုးသမီးတွေရဲ့ ဟော်မုန်း
အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲအများဆုံးအချိန်တွေဖြစ်တဲ့ ပျိုဖော်ဝင်ချိန် ၊ ကိုယ်ဝန်ဆောင်ချိန် နှင့် သွေးဆုံးချိန်တွေမှာလည်း သွားဖုံးတွေနိမ့်ကျသွားတတ်ပါတယ် ။

(၆) သွားကြိတ် ၊ အံကြိတ်အကျင့်ရှိသူများ ။
တချို့လူတွေမှာ အကြောင်းမရှိပဲ ကိုယ်မသိလိုက်ပဲ အံကြိတ် သွားကြိတ်နေတတ်သူတွေရှိပါတယ် ။ တချို့လည်း အိပ်နေရင်း တစ်ညလုံး သွားကြိတ်ကြပါတယ် ။ သွားကြိတ်အံကြိတ်တာကြောင့် သွားတွေအပေါ်ကို အားအများကြီးသက်ရောက်စေပြီး သွားဖုံးတွေကို နိမ့်ကျစေပါတယ် ။

(၇) မညီညာသောသွားများ ။
ပုံမှန် သွားညီတဲ့သူတွေမှာ သွားတွေကို စိလိုက်ရင် အပေါ်သွား အောက်သွား အားလုံးနီးပါး ထိသွားတယ် ။

သွားမညီမညာပေါက်နေသူတွေကျ အဲ့လိုမဟုတ်တော့ဘူး ။ တချို့သွားတွေက သွားစွယ်တွေ ၊ တချို့တွေကလည်း မြုတ်နေ ၊ တချို့တွေကလည်း လန်နေ ၊ တချို့တွေကလည်း နေရာမမှန်ဘူးပေါ့နော် ။ ဒါကြောင့် ပါးစပ်စိလိုက်တဲ့အခါ အပေါ်သွား အောက်သွား တချို့တစ်ဝက်လောက်သာ ထိပါတော့တယ် ။

ဒီတော့ ထိတဲ့ သွားတွေအပေါ်မှာပဲ အားတွေပိုသက်ရောက်ပြီး သွားဖုံးတွေ နိမ့်ကျလာပါတော့တယ် ။

(၈) မျိုးရိုး ။
ဒါကတော့ ကျွန်တော် မမျှဝေချင်ဆုံး အချက်ပါပဲ ။ လူတွေက သူတို့ဂရုမစိုက်တိုင်း ဒီအချက်နဲ့ ရောချကြတတ်လို့ပါပဲ ။ ကျွန်တော်/ကျွန်မတို့ မျိုးရိုးက သွားမကောင်းဘူးပေါ့ ။
လေ့လာမွုတွေအရ လူ (၃၀)% တွေဟာ ဘယ်လောက်ပဲ ခံတွင်းသန့်ရှင်းရေးဂရုစိုက်သည်ဖြစ်စေ သွားဖုံးရောဂါတွေဖြစ်ဖို့အခွင့်အလမ်းပိုများပါတယ် တဲ့ ။

အဲ့လိုလူတွေထဲလည်း ကိုယ်ပါနိုင်တာမို့ မျိုးရိုးကြောင့်ဖြစ်တာဆိုပြီး လွဲချနေမယ့်အစား ခံတွင်းသန့်ရှင်းရေးကို ပိုပိုပြီး ဂရုစိုက်ရပါမယ်ခင်ဗျ ။

သွားဖုံးတွေနိမ့်ကျသွားတာကို အမြင်နဲ့လည်း တွေ့နိုင်သမို့ မိမိကိုယ်ကိုလည်း စစ်ဆေးသင့်ပါတယ် ။ သွားဖုံးတွေနိမ့်ကျနေမယ်ဆိုရင် ခံစားရနိုင်တာကတော့ “သွားကျဉ်ခြင်း ” ပဲဖြစ်ပါတယ် ။

သွားကျဉ်တာကို စသတိထားမိနေပြီးဆိုရင် သွားဖုံးနိမ့်ကျတာလည်းဖြစ်နိုင်တာကြောင့် အခြေအနေမဆိုးခင် ဂရုတစိုက်နဲ့ ဆေးခန်းပြဖို့လည်း အကြံပြုလိုပါတယ် ။

သွားဖုံးတွေ နိမ့်ကျလာရင် ဆေးခန်းမှာ ဘယ်လိုကုသမွုတွေပေးမလဲဆိုတာကိုတော့ နောက်ဆောင်းပါးမှာ “သွားဖုံးများနိမ့်ကျခြင်း အပိုင်း (၂) “ အဖြစ် ဖော်ပြပါ့မယ် ။
သွားဖုံးနိမ့်ကျတာနဲ့ပတ်သက်ပြီး ဗဟုသုတရမယ်လို့ ထင်ပါတယ် ။

Name ဒေါက်တာမျိုးမြင့်အောင်
Degrees B.D.S (MDY)
Biography

၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။

မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။

လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။

Topic
  • ကလေးသွားနှင့်ခံတွင်းကျန်းမာရေး
  • လူကြီးသွားနှင့်ခံတွင်းကျန်းမာရေး
  • အထွေထွေသွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတများ
  • သွားအလှပနှင့်ဆိုင်သော ကုသမှုများအကြောင်း
  • ကျန်းမာသော သွားကျန်းမာရေး နေထိုင်မှုပုံစံများ
စသည်တို့ကို ရင်းနှီးခင်မင်စွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address
en_US