အကြားအာရုံချို့တဲ့ခြင်း
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
အကြားအာရုံသည် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်သော အခါတွင် လွန်စွာအရေးပါသည်။ အကြားအာရုံချို့တဲ့ခြင်းသည် နေ့စဉ်ဘဝတွင် များစွာသက်ရောက်နိုင်သဖြင့် အထူးဂရုစိုက်ရန်လိုအပ်သည်။ အကြားအာရုံချို့တဲ့သည်ဟုဆိုရာဝယ်
- အပြင်နားသို့မဟုတ်အလယ်နားပြသနာကြောင့် အကြားအာရုံချို့တဲ့ခြင်း (conductive hearing defect )
- အတွင်းနားပြသနာကြောင့် အကြားအာရုံချို့တဲ့ခြင်း
( sensorineuronal hearing defect) နှင့် - နှစ်ခုပေါင်းအရော ( mixed type)
ဟူ၍ အကြမ်းဖျင်းသုံးမျိုးခွဲခြားထားနိုင်သည်။
အသက်ကြီးလာသောကြောင့် အကြားအာရုံချို့တဲ့ခြင်း၊အလွန်ကျယ်လောင်သော ဆူညံသံများကို အချိန်ကြာမြင့်စွာ နားထောင်ရခြင်းကြောင့် အကြားအာရုံချို့တဲ့ခြင်း တို့သည် အဖြစ်အများဆုံးတွေ့ရအများဆုံးဖြစ်သည်။
သို့သော် ရံဖန်ရံခါတွင် နားအတွင်း၌ နားဖာချေး အလွန်အမင်းပိတ်ဆို့မှုကြောင် ခေတ္တခဏ အကြားအာရုံချို့ယွင်းခြင်းသည်လည်း လူအတော်များများတွင်တွေ့ရတတ်သည်။
ထို့ပြင် နားပိုးဝင်ခြင်း အရိုးတည်ဆောက်မှု မူမမှန်ခြင်းနှင့် အကြိတ်ရောဂါများကြောင့် အပြင်နှင့်အလယ်နားပိုင်းတွင် ပြသနာဖြစ်ကာ အကြားအာရုံဆုံးရှူံးခြင်းများဖြစ်ပေါ်ခြင်း၊ ရုတ်တရက် အသံကျယ်လောင်ဆူညံခြင်း နားအတွင်းသိ့ုပိုးဝင်ခြင်း နားထဲကို အချွန်ပစ္စည်းတခုခုဖြင့် ထိုးမိကလိမိခြင်း မျိုးရိုးဗီဇအရ အကြားအာရုံချို့တဲ့မှုမြန်ဆန်ခြင်း၊ လုပ်ငန်းခွင်တွင်ဆူညံသံများကို ကာလကြာရှည်စွာနားထောင်ရခြင်းကြောင့် နားလေးလာခြင်း၊ တချို့သောဆေးဝါးများ ဥပမာ gentamicin နှင့် ကင်ဆာဆေးဝါးများသွင်းရခြင်းကြောင့် အကြားအာရုံချို့ယွင်းခြင်း ၊ ရုတ်တရက် လေဖိအားအပြောင်းအလဲများဖြင့် နားစည်ပေါက်ခြင်းတို့ကြောင့်လည်း အကြားအာရုံဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သည်။
များသောအားဖြင့် အကြားအာရုံချို့ယွင်းမှုအမျိုးအစားအတော်များများကို လုံးဝပကတိ ပြန်ကောင်းအောင် မလုပ်နိုင်ပါ။ သို့သော် ဆရာဝန်နှင့်တိုင်ပင်ကုသပြီး နဂိုမူလထက် ပိုတိုးတက်သော အကြားအာရုံကို ရရှိနိုင်အောင် စွမ်းဆောင်နိုင်ပါသည်။
အကြားအာရုံချို့တဲ့ခြင်း၏ရောဂါလက္ခဏာများမှာ
- လူအများစကားပြောသံများကို ပီပီသသမကြားရခြင်း
- တခြားသူနှင့်စကားပြောသည့်အခါ တဖက်သူအား ဖြေးဖြေးနှင့်ကျယ်ကျယ်ပြောရန် အမြဲတမ်းလိုလို တောင်းဆိုမိတတ်ခြင်း
- အိမ်တွင် TV နှင့် သီချင်းများနားထောင်ပါက လိုအပ်သည်ထက်ပို၍အသံများကို ကျယ်ထားမှသာ သေသေချာချာကြားရခြင်း
- ဆူညံနေသည့်ပတ်ဝန်းကျင်တွင် တစုံတယောက်က မိမိအား တစုံတခုလှမ်းအော်ပြောသည့်အခါတိုင်း သည်းသည်းကွဲကွဲမကြားရခြင်း
အစရှိသောလက္ခဏာများပါဝင်တတ်သည်။
အကြားအာရုံချို့ယွင်းခြင်းသည် ရေရှည်တွင် ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင်အခက်အခဲရှိလာနိုင်သဖြင့် အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် စိတ်ကျဝေဒနာများခံစားရခြင်း ၊ အထီးကျန်ခြင်း ၊ အပေါင်းအသင်းများ မဝင်ဆန့်ပဲ လူတောမတိုးခြင်း အစရှိသော လူမှုရေးပြသနာများဖြစ်ပေါ်လာနိုင်ပါသည်။
အကြားအာရုံချို့တဲ့ခြင်းကိုလျော့ပါးစေရန်ဆူညံသောလုပ်ငန်းခွင်တွင် earplugs ဟုခေါ်သော နားအကာပစ္စည်းများအသုံးပြုခြင်း၊ တတ်နိုင်သမျှ ဆူညံမှုများနှင့်ထိတွေ့မှုနည်းအောင်လျော့ချပေးခြင်း၊ အကြားအာရုံချို့ယွင်းသည်ဟုယူဆပါက အမြန် စမ်းသပ်စစ်ဆေးခြင်း ၊ သီချင်းများကို တတ်နိုင်သမျှကြားလောက်ရုံအနေအထားသာနားထောင်ခြင်း အသံကိုတိုးထားခြင်း ၊ ရေကူးရေငုပ်လျှင် အထူးသဖြင့် လေထုဖိအားပြောင်းလဲမှု ရုတ်တရက်မြန်မြန်မဖြစ်စေရန်သတိထားပေးခြင်း အစရှိသော အရာများကို ပြုလုပ်ပေးခြင်းဖြင့် နားနှင့်အကြားအာရုံထိန်းသိမ်းမှုကို ပိုမိုဂရုစိုက်ပေးနိုင်ပါသည်။
နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်နှင့် အကြားအာရုံချို့ယွင်းချက်ရှိမရှိစမ်းသပ်စစ်ဆေးသည့်အခါ အတွင်းတွင် နားဖာချေးများပိတ်ဆို့နေခြင်းရှိမရှိကို သေချာကြည့်ရှုပေးခြင်း၊ တီးတိုးပြော၍စမ်းသပ်နည်း ( whisper test ) ကို စမ်းသပ်ပေးခြင်း ၊ tuning fork test ဟုခေါ်သော အကြးအာရုံသည် မည်သည့်အပိုင်းတွင်ချို့တဲ့နေသည်ကို စမ်းသပ်ခြင်း အစရှိသည်များကို ပြုလုပ်လေ့ရှိကြသည်။
ကုသရန်နည်းလမ်းအများစုသည် နားဖာချေးပိတ်ဆို့မှုကြောင့် ခေတ္တအကြားအာရုံချို့ယွင်းသည်ဟု ဆိုပါက ထိုနားဖာချေးကို စုပ်ထုတ်ခြင်း ( suction ) သို့မဟုတ် ပစ္စည်းကိရိယာသုံး၍ဖယ်ရှားခြင်းတို့ပြုလုပ်ကြသည်။ ထို့ပြင် နားကြားကိရိယာ၏အကူအညီဖြင့် အကြားအာရုံများပြန်၍ကောင်းမွန်အောင် အထောက်အပံ့ဖြစ်နိုင်စေရန် ပြုလုပ်နိုင်ကြသည်။
ထိုမျှသာမက နားအတွင်းအစားထိုးခြင်း ( cochlear implant ) ဟုခေါ်သော နည်းလမ်းများကိုပါ နားနှာခေါင်းလည်ချောင်းဆရာဝန်များမှ အသုံးပြုလာကြသည်။ အကြားအာရုံသည်လည်း လူတယောက်၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သောကြောင့် သေချာတန်ဖိုးထားကာ စောင့်ရှောက်ပေးသင့်ပါသည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |