အမျိုးသားနှင့် စွမ်းဆောင်မှု

ရေးသားသူ – Dr. Paing Thet Aung

အမျိူးသားရယ်လို့ ဖြစ်လာပြီဆို တည်ကြည်ရဲရင့်မှု၊ ဦးဆောင်နိုင်ခြင်း၊ ယောကျ်ားပီသမှု စသဖြင့် တွဲပါလာတတ်တာကိုး။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းဟာလဲ အမျိုးသား အများစု စိတ်ဝင်တစားရှိ၊ စွမ်းဆောင်မှုလျော့ရင်လဲ ခေါင်းခဲရ၊ မိမိအတူနေ ချစ်သူ ညိုငြင်မလား တွေးပူရတဲ့ ကိစ္စမျိုးပေပဲ။

ရုတ်တရက် ကြည့်ရင် သာမာန်ကျန်းမာရေး ကိစ္စလို့ ထင်ရပေမယ့် တကယ့်လက်တွေ့မှာ အမျိုးသား တစ်ယောက်ရဲ့ ယုံကြည်မှု၊ ဘဝပျော်ရွင်မှုတွေနဲ့ တိုက်ရိုက်ထိစပ်နေမှုကိုပါ စစ်တမ်းတွေအရ သိရှိနေရပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ မိမိစွမ်းဆောင်နိုင်စွမ်းနဲ့ ပက်သက်ပြီး သံသယ ဝင်နေတဲ့ ကိုကို၊ ညီညီ တို့အတွက် စွမ်းဆောင်မှုတိုးတက်လာစေနိုင်တဲ့ အမူအကျင့်တွေကို Dr. Buddy က မျှဝေပေးလိုက်ပါတယ်။ ကိုကို၊ ညီညီတို့ အားလုံး ချစ်ချင်း မေတ္တာအခြေခံတဲ့ အိမ်ထောင်သည်ဘဝ၊ အတူနေ ချစ်သူရည်းစား ဘဝကို လျောက်လှမ်းနိုင်ကြပါစေ။

လုပ်ဆောင် ပြောင်းလဲ သင့်သည့်အမူအကျင့်များ

၁) နေ့စဥ် သင့်တော်သော၊ ပေါ့ပါးသည့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုက လူကို ဖျတ်လက်သွက်လက်စေတယ်။ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု စနစ်ကို အားကောင်းစေတယ်။ သွေးဖိအားကို ထိန်းညှိပေးပြီးတော့ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ သွေးလည်ပတ်မှုကောင်းစေခြင်းနဲ့ လိင်တံထောင်မတ်မှုကို အထောက်အပံ့ပေးပါတယ်။

၂) ကျန်းမာသော စားသောက်မှု ပုံစံကို စတင်ပါ။
လေ့ကျင့်ခန်းနဲ့ တူတူပါပဲ။ ရိုးရှင်းကျန်းမာတဲ့ စားသောက်မှု ပုံစံက သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ သွေးတွင်း cholesterol level ကို လျော့ကျစေသလို အဆီ၊ သွေးခဲ ပိတ်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုမှာ အထောက်အကူပေးပါတယ်။ အဆီအဆိမ့်၊ ဆီကြော်လျော့စားပြီး အသီးအရွက် ပင်လယ်စာ၊ ပင်လယ်ငါး တိုးစားပေးပါ။

၃) ဆေးလိပ်ဖြတ်ပါ၊ အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ။
ဆေးလိပ်ကတော့ ဘယ်လိုမှကို အဆင်မပြေပါဘူး။ နှလုံး၊ အဆုတ်တို့ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ သက်လုံကျလာရင် စွမ်းဆောင်နိုင်စွမ်းကို ထိခိုက်မှာ အမှန်ပါ။ အရက်အလွန်အကျွံ သောက်ခြင်းဟာလဲ ပန်းသေပန်းညှိးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေရှောင်ကျဥ်လိုက်ပါ။ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

၄) စိတ်ဖိစီးမှုကို လျော့ချပါ။
စိတ်ပျော်ရွင်မှု မရှိ၊ ဖိစီးနေရင် ပျော်ရွင်ဖွယ် အိမ်ထောင်သည်ဘဝ မှာ ဒုက္ခ ပေးပါတယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေ၊ Relationship အဆင်မပြေမှုတွေက လိင်စိတ်ဝင်စားမှုကို သိသိသာသာ လျော့ကျစေပါတယ်။ အဲဒီမှာ အဆင်မပြေ၊ အဆင်မပြေလို့ စိတ်ပိုဖိစီး နဲ့ သံသရာလည်နေပါလိမ့်မယ်။ ဝါသနာ ပါရာ တခုခု၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းများနဲ့ စိတ်ဖိစီးမှုကို လျော့ချပါ။

၅) သာမန်လိင်ဆက်ဆံမှု ပြုရန်ကြိုးစားခြင်းကလဲ ကောင်းမွန်ပါတယ်။
ဟုတ်ပါတယ်။ ကိုယ်စွမ်းဆောင်နိုင်စွမ်းကျနေလို့ ဆိုပြီး စိတ်ဓာတ်ကျပြီး မိမိ partner ကို ရှောင်ဖယ်နေတာမျိူး မလုပ်ပါနဲ့။ Relationship အေးစက်သွားပါလိမ့်မယ်။

ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး လိုအပ်ချက်ကို ပြောပါ။ နှစ်ယောက်တူတူ ကြိုးစားကြည့်ပါ။ အဖြေကို ရှာတွေ့ပါလိမ့်မယ်။ ဆေးပညာ အရလဲ ကြိုးစားခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးတော့ စွမ်းဆောင်နိုင်စွမ်းကို တိုးတက်စေပါတယ်။

ကိုကို ညီညီ တို့ အားလုံး မဟာပုရိသများ ဖြစ်ကြပါစေဗျား။

Name Dr. Paing Thet Aung
Degrees M.B.B.S (YGN)
Biography

ဒေါက်တာ ပိုင်သက်အောင် (Dr. Buddy) သည် ၂၀၁၄ တွင် ဆေးတက္ကသိုလ် (၁) မှ အထွေထွေရောဂါကု ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။

ဘားလမ်း ကုသိုလ်ဖြစ်ဆေးရုံ၊ National Health Network (NHN) နှင့် သာသန အနုအဂ္ဂ တောင်တန်းသာသနာပြု အဖွဲ့အစည်းတို့တွင်လည်း ကုသိုလ်ဖြစ်ဆရာဝန် အဖြစ် ၁ နှစ်ကျော်ကြာ လုပ်အာဒါနပြုခဲ့သည်။

ပါရမီ ဆေးရုံကြီးတွင်လည်း Medical Officer အဖြစ်လုပ်ဆောင်ခဲ့ပြီး အရေးပေါ်ဌာန၊ အထူးပြုစုစောင့်ရှောက်ဌာန တို့တွင်လည်း ပညာဆည်းပူးခဲ့သည်။

ရန်ကုန်ဆေးရုံကြီးတွင် အစိုးရ ဝန်ထမ်းဆရာဝန် (လက်ထောက်ဆရာဝန်/Assistant Surgeon) အဖြစ် ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး နှလုံးနှင့်သွေးကြောခွဲစိတ်ဌာန၊ အထွေထွေခွဲစိတ်ဌာန၊ အထွေထွေ သမားတော်ဌာနတို့တွင် ပညာရပ်ဆိုင်ရာ များအထူးတလည် ဆည်းပူးခဲ့သည်။

လက်ရှိတွင်လည်း Experienced General Practitoner တစ်ဦးအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

Topic
Address Yangon
en_US