အူမကြီးကင်ဆာဆိုတာ
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
ကမ္ဘာပေါ်မှာ တတိယအဖြစ်များဆုံးကင်ဆာ ဖြစ်ပါတယ်။ အူမကြီးလမ်းကြောင်းတွင် ပုံမှန်မဟုတ်သော မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ပုံမှန်မဟုတ်သောဆဲလ်များ စုပြုံလာပြီး အလုံးလေးများ ဖြစ်ပေါ်လာခြင်းပါ။
သုံးနှစ်မှ ငါးနှစ်အတွင်း ကင်ဆာအဖြစ်သို့ ပြောင်းလဲတတ်ပါသည်။ ယခုအချိန်ထိတော့ ကင်ဆာဖြစ်စေသော အကြောင်းအရင်းတိတိကျကျကို မသိသေးပါဘူး။
ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ
- မိသားစုအရင်းအခြာထဲမှာ အူမကြီးကင်ဆာ ( သို့) အခြားကင်ဆာဖြစ်ဖူးသူရှိခြင်း
- မိမိကိုယ်တိုင် ကင်ဆာတစ်မျိုးမျိုး ဖြစ်ဖူးခြင်း
- နာတာရှည်အူအောင်ခြင်း
- အမျှင်ပါသော အသီးအနှံစားသုံးမှု နည်းပါးခြင်း ( သို့) နီသောအသားနှင့် အသင့်စားအသား စားသုံးမှုများခြင်း
- ဆေးလိပ်၊အရက် သုံးစွဲမှုများခြင်းတို့ကြောင့် ဖြစ်ပွားမှုနှုန်း မြင့်တက်နိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ
- ဝမ်းသွားလျှင်သွေးပါခြင်း (သို့) စအိုလမ်းကြောင်းမှ သွေးထွက်ခြင်း
- ဝမ်းသွားမှုပုံစံပြောင်းလဲသွားခြင်း
- ဝမ်းကျန်သည်ဟု ခံစားရခြင်း (ဝမ်းသွားမဝခြင်း)
- ဗိုက်ရစ်ခြင်း၊ ဗိုက်အောင့်ခြင်း
- ကာလရှည်ကြာ ဝမ်းချုပ်ခြင်း
- အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် ကျခြင်း စသည့်လက္ခဏာများ ခံစားရတတ်ပါသည်။
သို့သော် အချို့သောလူများတွင် လက္ခဏာ မပြခြင်း၊ ပြသော်လည်း ဂရုမစိုက်မိ၍ သတိမထားမိခြင်းတို့ ဖြစ်တတ်ပါသည်။
ထို့အပြင် အူမကြီးကင်ဆာတွင် ဖြစ်လေ့ရှိသောလက္ခဏာများမှာ အခြားသောရောဂါများတွင် ဖြစ်တတ်သောလက္ခဏာများနှင့် မကွဲပြားတာမျိုး ဖြစ်လေ့ရှိပါသည်။
ဘယ်လိုစစ်ဆေးကြမလဲ
ထို့ကြောင့် ဖော်ပြပါလက္ခဏာများ မိမိတွင် ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်သော စမ်းသပ်မှုများ၊ စစ်ဆေးချက်များ လုပ်ဆောင်ရန် လိုအပ်ပါသည်။ သို့မှသာ ကနဦးအဆင့်တွင် သိရှိ၍ ထိရောက်စွာ ကုသနိုင်မည် ဖြစ်မည်။
ပထမဦးစွာ ဆရာဝန်မှ လိုအပ်သောအချက်များသိရှိနိုင်ရန် မေးခွန်းများမေးမြန်းခြင်း၊ ကုတင်ဘေးစမ်းသပ်ခြင်းများ လုပ်ဆောင်ရန်လိုအပ်ပါသည်။
ထို့အပြင် ရောဂါအခြေအနေကို ပိုမို သိရှိနိုင်ရန် ကင်မရာပါသော မှန်ပြောင်းဖြင့် အူနံရံအတွင်းပိုင်းကို စစ်ဆေးခြင်း၊ ဘယ်ရီယမ်အရည် စအိုမှတဆင့် ထိုးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း၊ အသားစယူ၍ ကင်ဆာအား အတည်ပြုခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ပါမည်။
ဘယ်လိုကုသမလဲ
ကုသမှုဟုဆိုရာတွင် ကင်ဆာအဆင့်နှင့် မည်သည့်ကိုယ်တွင်းကလီစာများသို့ ပျံ့နှံ့နေပေါ် မူတည်၍ ကုသမှု ပြုလုပ်ရမည်ဖြစ်သည်။ ကုသရာတွင်လည်း အမြစ်ပြတ်ကုသခြင်းနှင့် ကင်ဆာဆဲလ်များ ထပ်မပွားအောင်နှင့် လျော့နည်းအောင် ကုသခြင်းတို့ ရှိပါသည်။
ဤကဲ့သို့ ရောဂါအခြေအနေပေါ်မူတည်၍ အူမကြီးအစိတ်အပိုင်း(သို့) တစ်ခုလုံးအား ဖြတ်တောက်ခွဲစိတ်ခြင်း၊ ကင်ဆာဆဲလ်များ သေစေရန် ကင်ဆာဆေးသွင်းကုသခြင်း နှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ဖြင့် ကုသနိုင်ပါသည်။
ထို့ကြောင့် အူမကြီးကင်ဆာအား ကာကွယ်နိုင်ရန် ဖြစ်ပွားမှုနှုန်း မြင့်မားစေနိုင်သော ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်း နှင့် ဖော်ပြပါရောဂါလက္ခဏာများ မိမိတွင်ဖြစ်ပွားပါက အမြန်ဆုံး ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။

ဒေါက်တာ စိုးမြင့်ဝင်း
M.B.B.S (YGN)
Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
- အထွေထွေကျန်းမာရေးဆိုင်ရာ
- ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
- မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
- ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
- ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
- အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
- အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Parami General Hospital, Yangon