အူအတက်လေးရောင်နေပြီလား
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
Dr ဆုတို့ အတွေ့ရအများဆုံး emergency case မှာဆိုရင် အူအတက်ရောင်ခြင်းက တခုအပါအဝင်ပါပဲ။ ဝမ်းဗိုက်ရဲ့ ညာဖက် ချက်ဘေးအစွန်နားက နာမယ် အန်နေမယ် အဖျားငွေ့ငွေ့လေးရှိမယ်ဆိုရင် အူအတက်လေးရောင်နေတာနဲ့ သိပ်ကိုတူနေပါပြီ။
အူအတက်လေးအကြောင်းကို Dr ဆု နည်းနည်းပြောပြချင်တယ်။ အူအတက်က ဘာလေးနဲ့အလားတူလဲဆိုရင် ကိုယ့်ရဲ့လက်သန်းပုံစံနဲ့တူတယ် ၊ တဖက်ပိတ် အနေအထားမှာရှိတယ်။
အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ သူလုပ်ရတဲ့အလုပ်လေးတွေက သိပ်မများရှာ ၊ အလုပ်သိပ်မလုပ်ရတဲ့သူတွေရဲ့ ထုံးစံအတိုင်း အစာလေးနည်းနည်းလမ်းမှားပြီး သူ့ထဲဝင်လာတာနဲ့ ဒေါသအိုးပေါက်ကွဲပြီး ပြသနာတွေ တန်းစီရှာတော့တာပဲ။
မခံမရပ်နိုင်အောင် နာလာမယ် ၊ အန်လာမယ် ၊ ဖျားလာမယ်ဆိုရင်တော့ သူလေး ဒေါသအိုးပေါက်ကွဲနေပြီဆိုတဲ့ အမှတ်အသားလေးတွေပေါ့ အဲ့မှာ Dr ဆု အကြံပြုချင်တာက Dr ဆုပြောထားတဲ့နေရာက နာနေတယ် ကိုယ်လည်း စိတ်သံသယရှိတယ်ဆိုရင် ချက်ချင်းနီးစပ်ရာဆေးရုံသို့သွားပြီး စမ်းသပ်မှုခံယူပါ။
အကြာကြီးစောင့်နေမျိုး နာရဲ့သားနဲ့ သည်းခံပြီးပုံမှန်လှုပ်ရှားနေတာမျိုးကနေ အခန့်မသင့်ရင် ယောင်ရမ်းနေတဲ့ အူအတက်ကနေ ပေါက်သွားတဲ့ အူအတက်ဖြစ်တဲ့ အခါ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။
အဲ့မှာ Dr ဆု တခု knowledge sharing လုပ်ပေးချင်တာ အူအတက်ကလေးကတော့ရောင်သွားပြီ ဆေးရုံကို ဖြစ်ပြီး တပတ်နေမှရောက်လာတဲ့အခါ ချက်ချင်းတန်းခွဲလို့မရပါ။ ဝမ်းဗိုက်ထဲက omentum လို့ခေါ်တဲ့ အမြှေးပါးတွေက သဘာဝဖြစ်စဉ်အရ ဝမ်းဗိုက်ထဲမှာ ယောင်ရမ်းနေတဲ့ ပစ္စည်းရှိနေရင် ပြေးပြီး လုံးထွေးပစ်လိုက်တတ်ပါတယ်။
ထိုအခါ appendicular mass လို့ခေါ်တဲ့ အူအတက်အလုံး ဖြစ်လာတဲ့အခါ Dr ဆုတို့ ခွဲစိတ်ဆရာဝန်တွေ အနေနဲ့ ချက်ချင်းခွဲပစ်ဖို့မလုပ်ပဲ စောင့်ကြည့်ရပါတယ်။ အနည်းဆုံးလ နဲ့ချီပြီး ခဏစောင့်ကြည့်ပြီးမှ ဝမ်းဗိုက် ဓာတ်မှန် USG ပြန်ရိုက်ပြီး ခွဲမခွဲပြန်ဆုံးဖြတ်ပါတယ်နော်။
ဆောင်းပါးဖတ်ရှုသူအားလုံးလည်း ကိုယ်စိတ်နှစ်ပါး ရွှင်လန်းစွာဖြင့် အနာရောဂါကင်းရှင်းကြပါစေနော်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |