အံဆုံးတွေကို နူတ်လိုက်ပါ

ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်

ဂွတီးဂွကျပြောရရင် အံဆုံးတွေဟာ အံဆုံးတွေမို့လို့ကို နူတ်သင့်ပါတယ် ။ အံဆုံးတွေကလည်း ဂွတီးဂွကျကောင်တွေကိုး…။ အံဆုံးတွေက ဒီလိုအခြေအနေတွေဖြစ်လာပြီဆိုရင် နူတ်လိုက်ပါ ။

(၁) နာလာပြီဆိုရင် နူတ်ပါ ။
အံဆုံးတွေက ကျွန်တော်တို့ကို ဘယ်လိုတွေ ဒုက္ခပေးသလဲဆိုတာကို မနေ့ကပဲ ဖော်ပြခဲ့ပြီးပါပြီ ။
အရင်အပိုင်းမှာ ဖော်ပြခဲ့တဲ့ ပြဿနာတွေဖြစ်တဲ့ ကန့်လန့်ကြီးပေါက်နေခြင်း ၊ ကပ်လျက်ရှေ့သွားကို ပျက်စီးစေခြင်း ၊ သွားဖုံးတွေကိုရောင်စေခြင်း၊ တစ်ဝက်တပျက်ပေါက်နေခြင်း စတာတွေကြောင့် အံဆုံးဟာ နာတတ်သလို ဘာအကြောင်းပြချက်မှမရှိပဲလဲ နာတတ်တာကို တွေ့ဖူးပါတယ် ။

ဒီတော့ နာလာရင်နူတ်ပါ ။
ဆန္ဒရှိရင် အံဆုံးကို မနာခင်လည်း ကြိုနူတ်ပါ ။ နိုင်ငံတချို့က ရှေ့တန်းထွက်မယ့် စစ်သားတွေ၊ ပင်လယ်သမုဒ္ဒရာထဲမှာ နေကြရတဲ့ သင်္ဘောသားတွေဟာ ဒီအံဆုံးကို ကြိုနူတ်ထားကြပါတယ် ။ ဒီတော့ နာလာရင်နူတ်ပါ ။

(၂) ဘက်တီးရီးယားတွေဟာ မကြာမကြာ ပေါက်ဖွားနေပီဆိုရင် နူတ်ပါ ။
ဘက်တီးရီးယားတွေပေါက်ဖွားနေတာ ဘယ်လိုသိနိုင်မလဲ ဆိုတာ လွယ်ပါတယ် ။ အထင်အရှားဆုံးလက္ခဏာကတော့ အံဆုံးသွားဖုံးမှာ ပြည်တည်လာတာပေါ့ ။ ဘေးပတ်ပတ်လည်သွားဖုံးတွေရောင်လာမယ် သွေးတွေ၊ ပြည်တွေထွက်နေမယ် ။ ပါးစပ်ဟရတာခက်လာပြီး ပါးစပ်သိပ်မဟနိုင်တော့ဘူး ။ အဲ့နေရာကို အထိမခံနိုင်တော့ဘူး ။ လည်ပင်းတွေမှာ မာမာခဲခဲလေးတွေဖြစ်လာပြီးနာလာတယ် ။

အစားအသောက်တွေလည်းပျက်ပြီး နေမကောင်းချင်သလိုလည်းဖြစ်လာတယ် ။ အံဆုံးဟာ ဒီလိုအခြေအနေရောက်လာရင်လည်း နူတ်ကိုနူတ်သင့်ပါပြီ ။

(၃) အရိုးထဲမှာ အရည်အိတ်လေးဖြစ်နေပြီဆိုရင် နူတ်ပါ ။
ဒါကတော့ ဓာတ်မှန်ရိုက်ကြည့်မှမြင်ရတာမျိုးခင်ဗျ ။ ဒါကြောင့် Dental Check up လုပ်တဲ့အခါ ဓာတ်မှန်ရိုက်ကြည့်သင့်ပါတယ် ။ ဒီအရည်အိတ်လေးဟာ သတိမထားမိပဲ တဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါ အရိုးတွေကို စားပစ်သလိုဖြစ်ပြီး နောက်ဆုံးမေးရိုးကြီး ကျိုးသွားတာမျိုးဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ဓာတ်မှန်မှာ အရည်အိတ်လေးတွေ့တယ်လို့ ဆရာဝန်ကပြောတာနဲ့ ချက်ချင်း အံဆုံး နူတ်ဖို့စဉ်းစားပါ ။

(၄) အနီးအနားတဝိုက်က သွားတွေကို ထိခိုက်စေတယ်ဆိုရင် နူတ်ပါ ။
အံဆုံးတွေဟာ များသောအားဖြင့် စောင်းပြီးထွက်လာတာရယ်၊ အပြည့်အဝထွက်မလာတာရယ်ကြောင့် အံဆုံးနဲ့ သူ့ရှေ့က သွားကြားမှာ အစာတွေအမြဲကျန်နေတတ်တယ်ဗျ ။

အဲ့ဒီအခါ အံသွားရော ရှေ့ကသွားရော သွားနှစ်ချောင်းလုံးကို ပိုးစားစေတော့တာပါပဲ ။ သွားပိုးစားစေတာတွေတင်မကဘူး တချို့အံဆုံးတွေဟာ အနီးအနားတဝိုက်က သွားတွေကို ယိုင်စေတာ နဲ့စေတာ စောင်းစေတာ အထိပါဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် ဒီလိုအခြေအနေဆိုရင်လည်း နူတ်ဖို့စဉ်းစားပါ ။

(၅) အံဆုံးမှာ ပိုးစားနေပြီဆိုရင် နူတ်ပါ ။
အံဆုံးက အကောင်းကြီးဆိုရင်တောင် ဒုက္ခပေးတတ်တဲ့သဘောရှိလို့ အံဆုံးမှာပိုးစားနေရင်လည်း စိတ်ရှင်းရှင်းနဲ့သာ နူတ်လိုက်ပါ ။

(၆) အံဆုံးကိုနူတ်ပြီးရင် သွားပြန်စိုက်ဖို့မလိုပါ ။
ကဲ အနူတ်လည်းခံရဦးမယ် သွားလည်းပြန်စိုက်ရဦးမယ်ဆိုရင် စိတ်ညစ်စရာကြီး ။ အံဆုံးကတော့ နူတ်ပြီးရင် ပြန်အစားထိုးဖို့မလိုလို့ စိတ်ရှင်းရှင်းနဲ့ နူတ်လိုက်ပါ ။

ဒီအချက် (၆) ချက်ဟာ အံဆုံးကို နူတ်သင့်တဲ့ ယေဘုယျ အကြောင်းအရင်းတွေဖြစ်ပါတယ် ။

ဒါပေမယ့် ကိုယ့်ရဲ့သွားအခြေအနေကို ဆရာဝန်ကသေချာကြည့်ပြီး နူတ်သင့် မနူတ်သင့်ဆုံးဖြတ်ပေးမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ဆရာဝန်က နူတ်ဖို့ အကြံပေးခဲ့တယ်ဆိုရင် နူတ်ဖို့ လုံးဝစဉ်းစားပါ ။ မဟုတ်ရင် ဒီခံစားရတဲ့ဝေဒနာက သံသရာတွေလည်နေရော့မယ် ။ ဒီသွားက လူနာတွေကိုလည်း ဒုက္ခတော်တော်ပေးသလို ဆရာဝန်တွေလည်း တော်တော်နူတ်ရခက်တဲ့သွားထဲပါတယ် ။

ဒါကြောင့် အံဆုံးနူတ်တဲ့အခါ မေးရိုးနဲ့ခံတွင်းခွဲစိတ်အထူးကုဆရာဝန်နဲ့ နူတ်တာကတော့ အကောင်းဆုံးပါပဲ ။

ကျွန်တော်ကိုယ်တိုင်လည်း အံဆုံးလူနာတွေကြောင့် အဲကွန်းခန်းထဲမှာ ချွေးတွေ ပေါက်ပေါက်ကျဖူးတယ် ။ ဇောချွေးတွေပျံဖူးတယ် ။ တစ်ခါတလေ သွားနူတ်ချိန်က တစ်နာရီလောက်ကိုကြာသွားရော ။ ဆရာဝန် ဖလက်ပြ ….လူနာဖလက်ပြ ။ သက်ပြင်းတွေချ …ချွေးတွေကျ ။

ပိုက်ဆံတွေ ပိုက်ဆံအိတ်ထဲက အထပ်လိုက်ထွက်သွား…။
သြော် အံဆုံး …အံဆုံး ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

Name ဒေါက်တာမျိုးမြင့်အောင်
Degrees B.D.S (MDY)
Biography

၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။

မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။

လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။

Topic
  • ကလေးသွားနှင့်ခံတွင်းကျန်းမာရေး
  • လူကြီးသွားနှင့်ခံတွင်းကျန်းမာရေး
  • အထွေထွေသွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတများ
  • သွားအလှပနှင့်ဆိုင်သော ကုသမှုများအကြောင်း
  • ကျန်းမာသော သွားကျန်းမာရေး နေထိုင်မှုပုံစံများ
စသည်တို့ကို ရင်းနှီးခင်မင်စွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address
en_US