အံဆုံးပေါက်လို့ နာတဲ့အခါ သက်သာစေမယ့် နည်းလမ်းများ
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်
အခုတလော အံဆုံးပေါက်သူတွေများတယ် COVID- 19 ကြောင့် ဆေးခန်းလည်း မသွားရဲကြဘူး ။ ဒါကြောင့် အံဆုံးပေါက်တဲ့သူတွေ နာကျင်ကိုက်ခဲနေရင် သက်သာအောင် အိမ်မှာ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ လိုရင်းတိုရှင်းပဲ မျှဝေပေးချင်ပါတယ် ။
အံဆုံးပေါက်လာရင်ဖြစ်နိုင်ချေများတာက ….
အံဆုံးက အပြည့်အဝ မပေါက်တဲ့အခါ သွားဖုံးက အံဆုံးကိုတဝက်တပျက်ဖုံးနေတတ်တာကြောင့် သွားဖုံးအောက်မှာ အစာအကြွင်းအကျန်တွေ ပိုကျန်တတ်ပါတယ် ။ သွားကဆက်မပေါက်တော့ သွားဖုံးတစ်ဝက်က သွားအပေါ် ဘတ်လတ်ကြီးဖြစ်နေတာပေါ့ ။
အဲ့ဒီအောက်ထဲအစာတွေဝင်ရင် တော်ရုံပြန်မထွက်တော့ဘူး။ ဒါကြောင့် သွားဖုံးဟာ ရောင်ပြီး နာလာတော့တာပါပဲ ။ နောက်အခြေအနေတစ်ခုဖြစ်နိုင်တာ ပေါက်လာတဲ့ အံဆုံးက တည့်တည့်မပေါက်ပဲ ကန့်လန့်ကြီးစောင်းပြီးပေါက်နေရင် သန့်ရှင်းမွုအားနည်းနိုင်တာကြောင့် အဲ့ဒီ အနီးတဝိုက်က သွားဖုံးတွေရောင်ပြီး နာလာပါတော့တယ် ။
ကျွန်တော်တို့်က နာလာပြီဆိုတာနဲ့ ဘာလို့လဲတော့မသိဘူး လူတိုင်းနာတဲ့ဘက်ကို သွားမတိုက်ကြတော့ဘူး ။ ဖြစ်တဲ့အကြောင်းအရင်းသည် ပြန်စဉ်းစားကြည့်ရင် သန့်ရှင်းရတာ ခက်ခဲသွားလို့ အစာတွေပိုကျန်တာပေါ့နော် ။ ကျွန်တော်တို့က ပိုကြိုးစားပြီး သန့်ရှင်းရေးလုပ်ရမယ်ဗျ ။
ဒါကြောင့် အံဆုံးပေါက်တာကြောင့် နာနေပြီဆိုရင် နာတဲ့ဘက်ကို သန့်ရှင်းရေးအထူးဂရုစိုက်ပေးပါ ။ နာနေတဲ့နေရာကို အချိန်ကြာကြာဖွဖွလေး သွားတိုက်တံဖြင့် မွွေပြီးတိုက်ပေးပါ ။ သွားတိုက်တဲ့အခါ နည်းနည်းနာနိုင် သွေးထွက်နိုင်ပေမယ့် သွားဆက်တိုက်ပါ ။
ပလုတ်ကျင်းဆေးရည် သို့မဟုတ် ဆားရည်နွေးဖြင့် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ ။
နာနေတဲ့နေရာလေးဟာ သန့်ရှင်းသွားတာနဲ့ သက်သာပါမယ် ။ ရေှာင်ကျဉ်ရမှာတွေက နာတဲ့နေရာကို လက်ဖြင့်ခဏခဏနိုက်ကြည့်ခြင်း ၊ သွားကြားထိုးတံဖြင့် ဆွခြင်း ၊ အပြင်ဘက်မှ မသက်ဆိုင်သော အပူလိမ်းဆေး အနာလိမ်းဆေးများလိမ်းခြင်း ၊ ညော်ရူခြင်း၊ စပ်ဆေးများသောက်ခြင်း စသည်တို့ဖြစ်ပါတယ် ။
နာနေတဲ့ရက်တွေအတွင်းမှာ နေထိုင်ရတာ သက်သာဖို့ မိမိသောက်နေကျ မိမိနဲ့သင့်တော်မယ့် အကိုက်အခဲပျောက်ဆေးတွေ မနက် နေ့ ည တစ်နေ့ (၃) ကြိ်မ်ခန့်သောက်နိုင်ပါတယ် ။
မနာပါက မလိုအပ်ပါက မသောက်ပါနှင့် ။
မသက်သာပါက အရေးပေါ်အနေအနေနဲ့ ဆေးခန်းပြပေးပါ ။ ပိုးဝင်ခြင်း (Infection) ဆိုးဝါးပါက မျက်နှာနှင့် လည်ပင်းများရောင်လာနိုင်ပါတယ် ။
ကိုယ်ပူပြီး ဖျားနိုင်ပါတယ် ။
ဒီကာလမှာ ဖျားလို့မဖြစ်တာကြောင့် အထူးဂရုစိုက်ပေးပါ ။

Name | ဒေါက်တာမျိုးမြင့်အောင် |
---|---|
Degrees | B.D.S (MDY) |
Biography |
၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။ မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။ လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။ |
Topic |
|
Address |
|