Autism Spectrum Disorders (ASD)

ရေးသားသူ – Dr. Htein Linn Aung

ASD ဆိုတာ ဖွံံ့ဖြိုးမှုနှေးကွေးခြင်းနဲ့ ဖွံံ့ဖြိုးမှုကနေသွေဖည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာအစုအဝေးကို ခေါ်တာပါ။

အဓိက လက္ခဏာတွေကတော့ အောက်မှာဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားနှုန်း
ကလေး အယောက် ၁၀,၀၀၀ မှာ ၂၀ – ၄၀ ယောက် အထိဖြစ်နိုင်ပါတယ်။

ASD ဟာ သာမာန် ဉာဏ်ရည်ရှိတဲ့ အခြေအနေကနေ တခြားရောဂါတွဲဖက်ဖြစ်နေတဲ့ အနေအထားထိ ဖြစ်တတ်ပါတယ်။

ယောကျာၤးလေးတွေမှာ မိန်းခလေးတွေထက် ၄ ဆ ပိုဖြစ်တတ်ပါတယ်။

Autism ကလေးမွေးပြီးနောက် ကိုယ်ဝန်မှာ ASD ရောဂါထပ်ဖြစ်နိုင်ချေကတော့ ခန့်မှန်းခြေ ၅-၁၀ % ရှိပါတယ်။

ASD ဝေဒနာရှင်လေးတွေမှာ အတက်ရောဂါတွေလဲ အဖြစ်များတတ်ပါတယ်။ တချို့ ASD ကလေးတွေမှာ မွေးကင်းစအရွယ်ထဲက အတက်ရောဂါ စတင်ဖြစ်တတ်ပေမဲ့ ၃ ပုံ ၁ပုံ ကတော့ အရွယ်ရောက်လာတဲ့အခါ ဖြစ်တတ်ပါတယ်။

ခန့်မှန်းခြေ ၅၀% သော ASD ကလေးတွေမှာ IQက <၇၀ ရှိတတ်ပါတယ်။ ဉာဏ်ရည်နိမ့်ကျတဲ့ အခြေနေမျိုးဖြစ်ပါတယ်။

သိပ်ရခက်တာ ကျွေးမွေးရခက်တဲ့ ပြဿနာတွေလဲ ကြုံရလေ့ရှိပါတယ်။

၁၅-၃၀% သော ကလေးတွေမှာ ဖွွံ့ဖြိုးမှုရပ်တန့်သွားတာတွေရှိပြီး တချို့ကလေးတွေမှာ တတ်ပီးသားအရာတွေတောင် ဆုတ်ယုတ်သွားတာမျိုးရှိတတ်ပါတယ်။ အထူးသဖြင့် စကားပြောဆိုမှု မှာ အဖြစ်များပါတယ်။ များသောအားဖြင့် မွေးပြီး ၁၄လကနေ လ၂၀အတွင်း ဖြစ်တတ်ပါတယ်။

အဲနောက်မှာတော့ ကလေးက အပေါင်းအသင်းမလုပ်တော့ပဲ သူ့ကမ္ဘာထဲမှာ နေတတ်သွားပါတယ်။

တမျိုးထဲကိုပဲ ထပ်တလဲလဲ ကစားတဲ့အပြုအမူတွေလဲ တွေ့ရှိရတတ်ပါတယ်။ တချို့ကလေးတွေမှာတော့ အသက် ၃နှစ်အရွယ်ထိ ဖွံ့ဖြိုးလာပြီးမှ ပြန်လည်ဆုတ်ယုတ်သွားတတ်ကြ ပါတယ်။

မိဘတွေက မိမိကလေးမှာ ASD ရောဂါဖြစ်နေတာကို ဘယ်လိုသိရှိနိုင်မလဲ?
အောက်ဖော်ပြပါအချက်အလက်တွေ မိမိကလေးမှာ ဖြစ်နေပီဆိုရင် နောက်ထပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ပြောဆိုဆက်ဆံတာနဲ့ ပတ်သတ်တဲ့အချက်များ

  • ကလေးဟာ သူ့နာမည်ခေါ်ရင် မတုန့်ပြန်တတ်ပါဘူး၊ လှည့်ကြည့်တာ ပြန်ထူးတာမျိုးမလုပ်ဘူး။
  • သူ ဘာလိုချင်တယ်ဆိုတာကို မပြောပြတတ်ဘူး။
  • စကားပြော နောက်ကျတယ်။
  • ခိုင်းတာတွေကို လိုက်မလုပ်တတ်ဘူး။
  • တခါတရံ နားလေးနေတယ်လို့ ထင်ရမယ်။
  • ဘေးတခြားသူတွေမကြားတာကို သူကကြားလိုက်သလိုမျိုး ကြုံရတတ်တယ်။
  • တာ့တာ ပြတာ၊ လက်ညှိုးညွှန်တာမျိုး မလုပ်တတ်ဘူး။
  • အရင်က စကားနည်းနည်းပြောလေ့ရှိခဲ့ပေမဲ့ အခုတော့ မပြောတော့ဘူး။

အခြားသူများနဲ့ ဆက်ဆံရာမှာ

  • အမေက ပြုံးပြလိုက်လျှင် ပြန်လည်ပြုံးပြတာမျိုးမရှိဘူး။
  • တစ်ယောက်ထဲ ကစားရတာကို ကြိုက်နှစ်သက်လေ့ရှိတယ်။
  • သူ့အတွက် ပစ္စည်းတွေ သူ့ဘာသာ ယူတတ်တယ်။
  • အလွန် တသီးတခြားနေတတ်တယ်။
  • မျက်လုံးချင်းဆိုင် ကြည့်လေ့မရှိဘူး။
  • သူ့စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ သူနေလေ့ရှိတယ်။
  • ဘေးလူတွေကို ဂရုမစိုက်ဘူး။
  • တခြားကလေးတွေကို စိတ်ဝင်စားမှုမရှိဘူး။

အပြုအမူနဲ့ ပတ်သတ်တဲ့ အချက်များကတော့

  • ဝုန်းဒိုင်းကြဲ ဒေါသထွက်တတ်တယ်။
  • အငြိမ်မနေတတ်ဘူး၊ အတိုက်အခံလုပ်မယ်၊ ခွတီးခွတ နိုင်မယ်။
  • ကစားစရာတွေနဲ့ ဘယ်လိုကစားရမလဲ မသိဘူး။
  • သူကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေမှာ တွယ်ကပ်နေလေ့ရှိတယ်။
  • ခြေဖြားထောက် လမ်းလျောက်တတ်တယ်။
  • ကစားစရာတွေကို ပုံမှန်မဟုတ်တဲ့ စွဲလမ်းခြင်းမျိုးတွေ ရှိတတ်တယ်။ (ဥပမာ အမြဲတမ်း သူကြိုက်တဲ့ ပစ္စည်းတစ်ခုကိုင်ထားတာမျိုး)
  • ပစ္စည်းတွေကို စီတာမျိုးလုပ်နေတတ်တယ်။
  • တချို့အသံနဲ့ အထိအတွေ့တွေကို လွန်ကဲစွာ ခံစားတတ်တယ်။
  • တမူထူးတဲ့/ ကြောင်တောင်တောင်နိုင်တဲ့ လှုပ်ရှားမှုပုံစံတွေ လုပ်တတ်တယ်။

ကလေးမှာ သတိထားမိတာနဲ့ ကျွမ်းကျင်သူတွေနဲ့ ချက်ချင်းပြသစစ်ဆေးဖို့လိုအပ်မဲ့အချက်များ ကတော့

  • ၁နှစ်ပြည့်တဲ့အထိ ဗလုံးဗထွေးမပြောသေးတဲ့အခါ
  • ၁နှစ်ပြည့်တဲ့အထိ လက်ဟန်ခြေဟန် မလုပ်တတ်သေးတဲ့အခါ (ဥပမာ- တာ့တာ၊ လက်ညှိုးထိုး တာမျိုး)
  • ၁၆လ ပြည့်တဲ့အထိ စကားတစ်လုံးမှ မပြောသေးတဲ့အခါ
  • ၂ နှစ်ပြည့်တဲ့အထိ ၂လုံးတွဲ စကားရပ်ကို မပြောနိုင်တဲ့အခါ
  • တတ်ကျွမ်းပြီးသားအရာတွေ (ဘာသာစကား၊ တခြားကလေးတွေနဲ့ ကစားတာမျိုး) မလုပ်နိုင်တော့တဲ့အခါ တို့ဖြစ်ပါတယ်။

Autism ဟာ လုံးဝပျောက်ကင်းအောင် ကုသဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ ASD ကလေးတွေမှာ အပြုအမှုတိုးတက်အောင်၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တိုးတက်အောင်လို့တော့ အထူးပြုလုပ်ထားတဲ့ သင်ကြားမှုစနစ်နဲ့ သင်ကြားနိုင်ပါတယ်။

အတက်ရောဂါနဲ့ တခြားတွဲဖြစ်တတ်တဲ့ ရောဂါတွေကိုလဲ သက်သာအောင် ဆေးပေးကုသနိုင်ပါတယ်။

အခုပြောသွားခဲ့တဲ့အချက်တွေကတော့ Autism ကလေးငယ်တွေမှာ တွေ့ရလေ့ရှိတဲ့ အချက်တွေရယ်၊ ဘယ်လောက်အဖြစ်များတယ်ဆိုတာကို ဖော်ပြသွားတာပါ။

မိမိကလေးမှာ Autism ရောဂါရှိနေတာ စောသတိထားမိလေ ရေရှည်မှာကလေးအတွက်ကောင်းလေပါပဲ။

ဒါကြောင့် ခုဖော်ပြသွားတဲ့ သတိထားရမဲ့အချက်အလက်လေးတွေက မိခင်တွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

အဆိုးထဲက အကောင်းဆိုသလို Autism ကလေးငယ်တွေမှာ ရောဂါဝေဒနာ ခံစားနေရပေမဲ့ သာမာန်ထက်ထူးခြားတဲ့ အရည်အချင်းတွေ တွဲရှိနေတာလဲ ရှိပါတယ်။ အဲတာကို Savant Syndrome လို့ခေါ်ပါတယ်။

နောက်ပိုစ့်မှာတော့ အဲ Syndrome အကြောင်းရယ် မိခင်ရဲ့ စောင့်ရှောက်သင်ကြားမှုနဲ့အတူ Autism ဝေဒနာရှင်တစ်ဦးဖြစ်ပေမဲ့ ဘဝကို ပျော်ရွှင် ချောမွေ့စွာ ဖြတ်သန်းနေတဲ့ Kodi Lee ခေါ်တဲ့ကလေး တယောက် အကြောင်းကို ဖော်ပြသွားပါမယ်။

Reference: Child Psychology and Psychiatry 2nd Edition

Name Dr.Htein Linn Aung
Degrees M.B.B.S | M.Med.Sc (Mental Health)
Biography ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။
Topic
  • အရက်နှင့် မူးယစ်ဆေးဝါးစွဲလန်းသည့် ပြဿနာများ
  • စိတ်ကျဝေဒနာများ၊ စိတ်ကြွစိတ်ကျ ဝေဒနာများ
  • စိုးရိမ်စိတ်လွန်ကဲသည့် ဝေဒနာများ
  • စိတ်ဖောက်ပြန်ခြင်းများ အစရှိသည့်စိတ်ရောဂါများအပြင်
  • အိမ်ထောင်ရေးဆိုင်ရာပြဿနာများ
  • ခံစားမှုပိုင်းဆိုင်ရာပြဿနာများနှင့်သောက်သုံးနေရသည့် စိတ်ပိုင်းဆိုင်ရာဆေးဝါးများအကြောင်း
  • သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Hepta Mental Health Clinic, Yangon
en_US