ဆီးကျိတ်ကြီးခြင်း (Benign prostate hyperplasia)

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)

ဒီနေ့ကတော့ ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ဆီးကျိတ်အကြောင်း အနည်းငယ် ပြောပြပါ့မယ်။
ဆီးကျိတ် သည် ဆီးအိမ်ရဲ့ အောက်ဘက် အူမကြီးရှေ့ဘက် နှင့် ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ သုတ်ပိုးပြုလုပ်ဖို့ လိုအပ်တဲ့ အရည်ကို ထုတ်လုပ်ပေးပါတယ်။

ဆီးကျိတ်ဘာကြောင့်ကြီးရသလဲ။
ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ benign prostate hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ယနေ့ထိ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ကို သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ အချိန်မှစတင်၍ ဆီးကျိတ် တဖြည်းဖြည်း ကြီးလာပါတယ်။

အသက် ၆၀အရွယ် အမျိုးသား ၃၀% ခန့်နှင့် အသက်၈၀ဝန်းကျင် အမျိုးသား ၅၀% ခန့် သည် ဆီးကျိတ် ကြီးခြင်း ကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာ များစတင် ခံစားရလေ့ရှိပါတယ်။ဒီနေရာမှာ စာဖတ်သူတွေ အနေနဲ့ အထူးသတိပြုရမှာက ဆီးကျိတ်ကြီးခြင်းသည် ဆီးကျိတ် ကင်ဆာ မဟုတ်ပါ။

ဆီးကျိတ်သည် ကြီးလာရာမှ ကင်ဆာသို့မပြောင်းတတ်ပါ။ သို့သော် ဆီးကျိတ်ကြီးခြင်းနှင့် ဆီးကျိတ် ကင်ဆာ သည် တစ်ပြိုင်ထဲ ဖြစ်တတ်ပါတယ်။

ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်သော အခြေအနေများမှာ-

  • အသက်အရွယ်ကြီးလာခြင်း
  • မျိုးရိုးထဲတွင် ဆီးကျိတ်ကြီးသူများရှိခြင်း
  • နှလုံးရောဂါနှင့် ဆီ:ချိုရောဂါ အခံရှိခြင်း
  • ကိုယ်လက်လှုပ်ရှား မှုနည်းခြင်း
  • အဝလွန်ခြင်း တို့ဖြစ်ပါတယ်။

ဆီးကျိတ်ကြီးခြင်း၏ ရောဂါလက္ခဏာများ –

  • ဆီးမကြာခဏသွားချင် ခြင်း
  • ညဘက် ခဏခဏဆီးထသွားနေရခြင်း
  • ဆီးစပေါက်ရန် ခက်ခဲ ခြင်း
  • ဆီးလုံးသေးခြင်း
  • ဆီး အဝေးသို့မရောက်ခြင်း
  • ဆီးမဝခြင်း
  • ဆီးပိုးဝင်ခြင်း
  • ဆီးလုံးဝ မထွက်ခြင်း
  • ဆီးထဲ သွေးပါခြင်း အစရှိသည်တို့ဖြစ်ပါတယ်။

အမှတ်စဉ် ၇ ၊ ၈နှင့် ၉ သည် တွေ့ရခဲသော လက္ခဏာများ ဖြစ်သော်ငြားလဲ ထိုလက္ခဏာများခံစားရပါက အမြန်ဆုံး ဆရာဝန်နှင့်ပြသ သင့်ပါတယ်။

ဆီးကျိတ်ကြီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

  • ဆီးလုံးဝ သွားလို့ မရတော့ခြင်း
  • ဆီးပိုးဝင်ခြင်း
  • ဆီးကျောက်တည်ခြင်း
  • ကျောက်ကပ်ပျက်ခြင်း တို့ဖြစ်ပါတယ်။

ဆီးကျိတ်ကြီး ရောဂါကို ကာကွယ်ရန် တိကျသောနည်းလမ်း မရှိပါ။ သို့သော် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ဝိတ်လျော့ခြင်း၊ လတ်ဆတ်သော အသီးအနှံ၊ဟင်းသီးဟင်းရွက်များစားခြင်းစသည် တို့ကို ပြုလုပ်ပေးခြင်းဖြင့် ရောဂါ မဆိုးဝါးအောင် ကာကွယ်နိုင်ပါတယ်။

Reference: www.mayoclinic.org / www.urologyhealth.org

Name ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
en_US