သားအိမ်ခေါင်းကင်ဆာ(cervical cancer )အကြောင်းသိကောင်းစရာများ
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)
အားလုံးပဲ မင်္ဂလာပါ။ယနေ့ပြောပြသွားမဲ့ အကြောင်းအရာကတော့ သားအိမ်ခေါင်းကင်ဆာ အကြောင်းပဲဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်၍ ရသောရောဂါဖြစ်သလိုစောစီးစွာသိပါက ကုသနိုင်သော ရောဂါလဲ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ။
သားအိမ်ခေါင်းကင်ဆာဟာ အဓိကအားဖြင့် human papilloma virus (HPV)လို့ခေါ်တဲ့ အကောင်ကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ထို virus ဟာ လိင်မှတဆင့်ကူးစက်နိုင်သော ပိုးတမျိုးဖြစ်ပါတယ်။ ။ အသက် ၃၅နှစ်မှ ၄၅ နှစ် အတွင်း အမျိုးသမီးများတွင် အဖြစ်များဆုံးဖြစ်ပြီး အသက် ၆၅ နှစ် အထက် ၏၁၅% တွင်လည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
အထူးသတိပြုရမှာက HPV virus ရှိသူတိုင်း သားအိမ်ခေါင်းကင်ဆာဖြစ်သည်မဟုတ်ပါ။HPV virus ရှိသူ အချို့ကသာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။
သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာက ဘာတွေလဲ။
သားအိမ်ခေါင်းကင်ဆာကို အဆင့် ၄ဆင့် ခွဲထားပြီး အစောဆုံး အဆင့်တွေမှာ လက္ခဏာ မပေါ်တတ်ပါဘူး။ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့
- လိင်ဆက်ဆံပြီးတိုင်းသွေးဆင်းခြင်း
- ရာသီစက်ဝန်းတခုနှင့် တခုကြားသွေးဆင်းခြင်း
- သွေးဆုံးပြီးမှသွေးပြန်ဆင်းခြင်း
- လိင်ဆက်ဆံချိန်နာကျင်ခြင်း
- အစားအသောက်ပျက်ခြင်း
- ရုတ်တရက် သိသိသာသာပိန်ကျခြင်း
အစရှိသည်တို့ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဟာ ဘယ်လိုလူတွေမှာ အဖြစ်များလဲ ။
သားအိမ်ခေါင်းကင်ဆာဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါဖြစ်ပါတယ်။ ဒါ့ကြောင့်များသောအားဖြင့် လိင်ဆက်ဆံမှုများသောသူ (multiple sexual partners)မှာ အတွေ့များပါတယ်။ သို့သော် တခြားဖြစ်နိုင်ခြေများသောသူတွေလဲ ရှိပါတယ်။ ၄င်းတို့ကတော့-
- လိင်ဆက်ဆံတဲ့ အသက်အရွယ်စောခြင်း
- အခြား လိင်မှတဆင့်ကူးစက်ရောဂါများရှိနေခြင်း (ဥပမာ-HIV/AIDS)
- ကိုယ်ခံအားလျော့နည်းနေခြင်း
- ဆေးလိပ်သောက်ခြင်း
- တားဆေးများကို နှစ်ပေါင်းကြာရှည်စွာစွဲသောက်ခြင်း
တို့ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ။
သားအိမ်ခေါင်းကင်ဆာဟာ အဖြစ်များသလို ကာကွယ်လို့လဲရ စောစီးစွာ သိရှိပါက ကုသလို့လဲ ရတဲ့ ကင်ဆာ တစ်မျိုးဖြစ်ပါတယ်။
1) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (Gadasil ) အမည်ရှိ vaccine ကို အသက် ၉နှစ် အရွယ်မှစ၍ အမျိုးသားရော အမျိုးသမီးရော စတင်ထိုးနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာ အပြင်HPV virus ကြောင့်ဖြစ်သော ကြွက်နို့ ရောဂါ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
2) သားအိမ်ခေါင်း အချွဲအမြေ့ယူခြင်း (PAP smear)
အထက်မှာပြောခဲ့သလို သားအိမ်ခေါင်းကင်တာဟာ စောစီးစွာသိပါက ကုသ၍လွယ်သည့်အတွက် သားအိမ်ခေါင်း အချွဲအမြှေ့ယူပြီး သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိကို စစ်ဆေးနိုင်ပါတယ်။ ထို့ကြောင့် အသက် ၃၀ အရွယ်မှ၅၀ အရွယ်ထိ သားအိမ်ခေါင်း အချွဲအမြှေ့ယူခြင်း (PAP smear )နှင့် HPV virus စစ်ခြင်းတို့ကို ၅နှစ်တကြိမ် ပြုလုပ်ပေးသင့်ပါတယ်။
3) လိင်ဆက်ဆံတဲ့အခါတိုင်း condom သုံးပါ။
Condom ဟာ သားအိမ်ခေါင်းကင်ဆာအပြင် အခြားလိင်မှတဆင့်ကူးစက်တတ်သော ရောဂါများမှလဲ ကာကွယ်နိုင်ပါတယ်။
4) ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။
5) နှစ်ရှည် ခလေး မယူသေးပါက hormone ပါသော တားဆေးများသောက်ခြင်းထက် ဆရာဝန် နှင့်တိုင်ပင်ပြီး တခြား နည်းလမ်းပြောင်းသုံးပါ။
Reference: www.mayoclinic.com / Webmd.com

ဒေါက်တာ သဇင်ထက်(ဆေး – ၂)
M.B.B.S (YGN)
အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။
ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။
- အထွေထွေကျန်းမာရေးပြဿနာများ
- ကလေးကျန်းမာရေးဆိုင်ရာ၊
- မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း၊
- သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများစသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်
Parami General Hospital, Yangon