COVID 19 အတွက် စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုပြင်ဆင်ထားသင့်သလဲ

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ

COVID 19 က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုလိုမျိုး ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါတစ်ခု ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပြဿနာ လာပေးနေပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်စပ်နေကြတဲ့ ခုလို Globalization ခေတ်မှာ တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေက ကိုယ့်နိုင်ငံအပေါ်မှာလည်း လာပြီး သက်ရောက်တာပဲ။

ပြောရရင် ဆက်စပ်တာတောင် မဟုတ်ဘူး။ ကျွန်တော်တို့က မှီခိုနေရတာ။ ကိုယ့်နိုင်ငံထဲ ထုတ်နိုင်တာဆိုလို့ အတော်ရှားတာလေ။ ဒီတော့ ခုချိန်ထိ ကိုယ့်နိုင်ငံထဲမှာ ကူးစက်သူ တစ်ယောက်မှ မတွေ့သေးဘူး ဆိုရင်တောင် ကိုယ့်အနာဂတ်၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ အနာဂတ်အတွက် စိတ်ပူလာမိတယ်။

ကူးစက်ခံရရင်၊ အလုပ်ပြုတ်သွားရင်၊ ပိုက်ဆံမရှိတော့ရင် စသဖြင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်။ အခြေအနေတွေ တအားဆိုးလာလို့ ဒုစရိုက်မှုတွေ ဖြစ်လာမှာကိုလည်း ကြောက်နေကြတယ်။ လုံး၀ မသိရင်လည်း မကောင်းသလို သိတာတွေ များလာတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေ ဖြစ်လာရပါတယ်။

ဒါကြောင့် အဲ့လို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဆိုးဆိုးရွားရွား မဖြစ်စေဖို့ ဒါလေးတွေ သတိထားပေးပါ။

စိတ်မပူဖို့တော့ မဖြစ်နိုင်ပါဘူး။ ပူတာတော့ ပူပါ။ ကျွန်တော်လည်း ပူတာပဲ။ သို့သော် သတိလေး ကပ်ပြီး ထိန်းပါ။

အဆိုးဆုံးအတွက်လည်း ပြင်ဆင်ပါ၊ အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါ။ ကာကွယ်ဖို့အတွက် လိုအပ်တာတွေကိုလည်း အတိအကျ လိုက်နာပါ။ မပေါ့ပါနဲ့။

ဒီဗိုင်းရပ်စ် မကူးစက် မပျံ့ပွားဖို့မှာ ကိုယ် မတတ်နိုင်တာတွေကို စိတ်ပူနေမဲ့အစား ကိုယ်တတ်နိုင်တာ လုပ်ပေးပါ။ ကိုယ် သိထားသလောက်လေး ပတ်ဝန်းကျင်ကို အသိပညာ မျှဝေပေးပါ။ ငွေတတ်နိုင်တယ်ဆိုလည်း ငွေကူညီပေးပါ။ ဆေးရုံတွေကို လှူနေတဲ့ အဖွဲ့တွေ ရှိပါတယ်။

သတင်းတွေကို စောင့်နားထောင်ပါ။ တစ်နေ့တစ်နေ့ ဒီသတင်းတွေပဲ ကြည့်မိနေတဲ့အထိ အလွန်အကျွံတော့လည်း မဖြစ်ပါစေနဲ့။ ဆိုရှယ်မီဒီယာကိုလည်း အချိန်နဲ့ သုံးပါ။

ပန်းခြံ၊ ဘောလုံးကွင်း စတဲ့ နေရာတွေမှာ အားကစား လုပ်ပါ။ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာတို့လို ကိုယ် ဝါသနာပါတာလေးတွေ လုပ်ပါ။ ရသစာပေ ဖတ်ပါ။ လုပ်နိုင်တယ်ဆို တရားလည်း ထိုင်ပါ။ ဒါတွေက စိတ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

တတ်နိုင်သမျှ အိမ်မှာ နေရပြီဆိုတော့ အိမ်က လူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ပါ။ အဲ့လို ပြောလိုက်တော့ အိမ်က လူတွေနဲ့ ရင်းနှီးပြီးသားလေ လို့ ထင်မယ်။ မဟုတ်ပါဘူး။ တချို့မိသားစုတွေဆို အလုပ်ကိုယ်စီနဲ့မို့ တစ်အိမ်တည်းသာ အတူနေတာ စကားတောင် ဟုတ်တိပတ်တိ မပြောဖြစ်ကြပါဘူး။

ခုက အဲ့လိုမိသားစုနဲ့ နွေးနွေးထွေးထွေး နေလို့ရတဲ့အချိန်ပါ။ ရုပ်ရှင် အတူကြည့်၊ ထမင်းအတူစား၊ မုန့်လေးတွေ လုပ်စား၊ အိမ်နီးနားချင်းတွေကို လိုက်ဝေ။ အဲ့လိုလေးတွေ လုပ်ပါ။ (Social distancing ကိုတော့ သတိရပါ)

ကိုယ်တစ်ယောက်တည်း ထိခိုက်ခံစားနေရတာ မဟုတ်ဘဲ ကိုယ့်ထက် ဆိုးတဲ့သူတွေ အများကြီးဆိုတာ သတိရပါ။ ကိုယ်ကမှ သွားမယ့် ခရီးလေးတစ်ခု ရွှေ့လိုက်ရတာပါ။ ဒီပြဿနာကြောင့် လူ့လောကထဲက အပြီးထွက်ခွာသွားရသူတွေ အများကြီး ဖြစ်နေပါတယ်။

အလုပ်ပြုတ်သွားပြီး မိသားစုလိုက် ဒုက္ခရောက်သွားသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မညည်းညူဘဲ အကောင်းဆုံး ရင်ဆိုင်ပါ။

အနာဂတ်က ဒီပြဿနာကြောင့်မှ မဟုတ်ပါဘူး။ နဂိုကတည်းကိုကလည်း မရေရာပါဘူး။ ဒါကနေ တပ်လှန့်လိုက်တာက Comfort zone ထဲ နေမနေကြဖို့ပါ။ စုထားဆောင်းထားတာ မရှိရင်၊ ပညာမတတ်ရင် အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကို ပြလိုက်တာပါပဲ။

သဘာဝဘေး ဖြစ်ရင်တောင် (အထူးသဖြင့် ရန်ကုန်က လူတွေဆို) ကိုယ်တွေက လွတ်တယ် ဆိုပြီး ပေါ့နေကြဦးမယ်။ အခုက အကုန်ထိတာပါ။ ဒါကြောင့် ခုကစလို့ မပေါ့ကြပါနဲ့။ ဆင်းရဲခြင်း၊ ပညာမတတ်ခြင်းက ကိုယ့်ကို အထိခိုက်မခံသူ၊ ထိလွယ်ရှလွယ်သူ (Vulnerable) ဖြစ်စေပါတယ်။

ဒါက ကိုယ့်အမှား ကိုယ့်အပြစ်ကြောင့် ဖြစ်လာတာ မဟုတ်ဘဲ နေရင်းထိုင်ရင်း ကြုံရတဲ့ ပြဿနာမျိုးပါ။ ကိုယ့်အမှားကြောင့် ဆိုရင်တောင် ခံသာသေးတယ်။ ခုက အသားလွတ်ကြီး ကြုံရတာ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါသည်ပင်လျှင် ဘဝပါပဲ။ စာမေးပွဲမှာ ပေးလာတဲ့ ပုစ္ဆာကို ခက်တယ်၊ လွယ်တယ်၊ သင်ထားတဲ့အထဲ ပါတယ်၊ မပါဘူး ငြင်းလို့ရလို့လား။ မေးလာပြီဆို ဖြေရတာပဲ။ ခုလည်း အဲ့လိုသဘောထားပါ။

ဆုံးရှုံးမှုကတော့ ကြုံရတာချည်းပါပဲ။ အနည်းနဲ့ အများပဲ ကွာကြပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူက အသက်ရှင်နေသရွေ့၊ ကျန်းမာနေသရွေ့ ဘယ်လိုအရာကိုမဆို ပြန်လည်ရယူလို့ ရတယ်ဆိုပြီး တွေးထားပါ။ ဒါဆိုရင်တော့ ဒီပြဿနာကို ကျွန်တော်တို့တွေ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

ရေးရတာတော့ လွယ်ပါတယ်။ လက်တွေ့ကျ ခက်မယ်။ အခြေခံလူတန်းစားတွေဆို ပိုတောင် ဆိုးပါလိမ့်ဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက်တော့ တခုခု အထောက်အကူ ဖြစ်လိမ့်မယ် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။

Name ဒေါက်တာ ဖြိုးသီဟ
Degrees M.B.B.S (YGN)
Biography
  • ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်၊ ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရရှိခဲ့ပြီး၊ ယခုအခါ လိင်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် Head of Training & Program အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
  • မိသားစုစီမံကိန်းနှင့် သားဆက်ခြားခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူအဖြစ် ၄ နှစ်နီးပါး လုပ်ကိုင်ခဲ့သည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို၊ မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် လက်သင့်ခံနိုင်မှု နည်းပါးနေသေးသော လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆောင်းပါးများကို အစဉ်တစိုက် ရေးသားနေခဲ့သူ ဖြစ်ပါသည်။
  • လူမှုကွန်ရက်စာမျက်နှာ၊ နေ့စဉ်ထုတ်သတင်းစာ၊ ကျန်းမာရေးဂျာနယ်များ၌ လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှုနှင့်ပတ်သက်သော ဆောင်းပါးများ ပုံမှန်ရေးသားလျက် ရှိပြီး Win-Win Organization ၊ Youth Doctors Healthcare Group နှင့် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်၊ စံပယ်ဖြူကဏ္ဍတို့၏ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် သင်တန်းများတွင်လည်း သင်တန်းပို့ချသူအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
  • ကျွန်တော်၏ ဆောင်းပါးများကို ပုံနှိပ်မီဒီယာများတွင်သာမက၊ လူမှုကွန်ရက် Facebook ရှိ “ဒေါက်တာ ဖြိုးသီဟ” Page နှင့် ကိုယ်ပိုင် Website ဖြစ်သော https://drphiothiha.com တွင်လည်း ဖတ်ရှုနိုင်သလို၊ ဝေဖန်အကြံပြုစာများလည်း ပေးပို့နိုင်ပါသည်။
Topic
  • သားဆက်ခြားနည်းများနှင့် မိသားစုစီမံကိန်း၊
  • သားအိမ်ခေါင်းကင်ဆာ၊
  • HIV / AIDS ဆိုင်ရာ ပြဿနာများ၊
  • အခြားလိင်နှင့် မျိုးဆက်ပွားကျန်းမာရေး ပြဿနာများကို
  • ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Address https://drphiothiha.com
en_US