Hepatitis A viral infection ခေါ် အသည်းရောင်အသားဝါ Aပိုးအကြောင်း သိကောင်းစရာများ

ရေးသားသူ – Dr. Mie Mie Kyaw

အသည်းရောင်အသားဝါဖြစ်စေတဲ့ virusပိုးတွေ အများကြီးရှိတဲ့အထဲကမှ အဖြစ်အများဆုံး virusအုပ်စုအမျိုးအစားဖြစ်တဲ့ Viral Hepatitis A,B,C,D နှင့် E တို့အကြောင်းလေး ပြောပြသွားပါမယ်။

သည်နေ့တော့ Hepatitis A virusလို့ခေါ်တဲ့ အသည်းရောင်အသားဝါ Aပိုးအကြောင်း ဆွေးနွေးသွားပါမယ်။

Hepatitis A virus ခေါ် အသည်းရောင်အသားဝါ Aပိုး ဘယ်လိုကူးစက်သလဲ ?

Hapatitis A virus ခေါ် အသည်းရောင်အသားဝါAပိုးသည် အူလမ်းကြောင်းကတဆင့်ကူးဆက်တဲ့ virus အမျိုးအစားဖြစ်တယ် ။

ရောဂါပိုးရှိသူ၏ခန္ဓာကိုယ်မှထွက်သော တံတွေး အန်ဖတ် စသည့်အညစ်အကြေးများနှင့် မစင်ကပ်ညှိပါရှိသော မသန့်ရှင်းသည့်အစားအသောက်များကို စားသောက်မိခြင်းမှတဆင့် ကူးဆက်တတ်ပါတယ်။

အခြားလူတွေကို ဘယ်အချိန်မှာ ကူးစက်နိုင်ခြေရှိလဲ ?
ဘာရောဂါလက္ခဏာမှမပြမှီ ၂ပတ် ၃ပတ်အလိုမှ ာကတည်းက အခြားသူများကို ကူးစက်နိုင်ခြေရှိတာကို အထူးသတိပြုရပါမယ်။

ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
Non-specific prodromal illnessလို့ခေါ်တဲ့ ဘယ်ရောဂါဖြစ်နေလဲတိတိကျကျမပြောနိုင်သော လက္ခဏာတွေဖြစ်တဲ့ – ခေါင်းကိုက်ခြင်း , မစားချင်မသောက်ချင်ဖြစ်ခြင်း , ပျို့အန်ခြင်း , ဝမ်းလျှောခြင်း , ဗိုက်အောင့်ခြင်း , ကိုယ်လက်မအီမသာဖြစ်ခြင်း , အရိုးအဆစ် ကြွက်သားတွေ နာခြင်း , ဆီးအရောင်ရင့်ခြင်း , ဝမ်းအရောင်ဖျော့ခြင်း အစရှိတဲ့ လက္ခာတွေကို အသားမဝါခင် ရက်အနည်းငယ်ကနေ ၂ပတ်အတွင်း ရှေ့ပြေးလက္ခဏာတွေအနေနဲ့တွေ့ရလေ့ရှိပါတယ် ။

Asymptomatic လို့ခေါ်တဲ့ ဘာရောဂါလက္ခဏာမှမပြတာလဲ ဖြစ်နိုင်ပါတယ်။ Fulminant hepatitis ခေါ် အသက်အန္တရာယ်ထိခိုက်စေနိုင်သော ရုတ်တရက်ပြင်းထန်အသည်းရောင်ခြင်းလဲ ဖြစ်နိုင်ချေနည်းပေမဲ့ ဖြစ်တတ်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်တတ်လဲ ?
အသက်အရွယ်မရွေး ဖြစ်လေ့ဖြစ်ထရှိပြီး အထူးသဖြင့် ကလေးတွေ ပိုမိုဖြစ်ပွားတတ်ပါတယ် ။ ကလေးတွေမှာဖြစ်ရင်လဲ များသောအားဖြင့် ဘာလက္ခဏာမှ မပြတာများပါတယ် ။

လတ်တလောအသည်းရောင်အသားဝါAပိုးရှိကြောင်း ဘယ်လိုသိနိုင်မလဲ ?
လတ်တလောအသည်းရောင်အသားဝါAပိုး ရှိမရှိကို သွေးထဲမှာရှိတဲ့ အသည်းအရောင်အသားဝါAပိုးကိုတိုက်ထုတ်တဲ့ကိုယ်ခံအား ခေါ် Anti-HepatitisA virus Antibody ( Ig M)ကို စစ်ခြင်းအားဖြင့် သိနိုင်ပါတယ် … သည် IgMလေးက ရောဂါစဖြစ်ကတည်ကသွေးထဲမှာရှိနေခဲ့ပြီး ရောဂါပျောက်ပြီး၃လလောက်မှ နည်းသွားပါတယ်။

ဘယ်လိုကုသမလဲ ?
အနားယူခြင်း , ရေများများသောက်ခြင်း , အရက်ရှောင်ခြင်း , အစားအသောက်ရှောင်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် ပျောက်ကင်းသွားလေ့ရှိပါတယ်။

နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲ ?
အသည်းရောင်အသားဝါAပိုးဟာ နာတာရှည်အသည်းရောင်ခြင်း အသည်းရောဂါဖြစ်ပွားနိုင်ခြင်းမရှိပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ ရုတ်တရက်အသည်းပျက်စီးခြင်းကို လူအယောက်၁၀၀၀မှာတစ်ယောက်ဖြစ်နိုင်ချေရှိပါတယ် ။

Cholestasis ခေါ် အသည်းအင်ဇိုင်းဓာတ်တွေတက်ပြီး သည်းခြေရည်စီးဆင်းမှုနည်းသွားခြင်းတို့လဲ ဖြစ်နိုင်ပါတယ် ။

အသည်းရောင်အသားဝါ Aပိုးဟာ ဘယ်လိုလူတွေမှာ ပိုဆိုးတတ်လဲ ?
နာတာရှည်အသည်းရောဂါရှိတဲ့သူ , အသည်းရောင်အသားဝါ Bပိုး , Cပိုး ရှိတဲ့သူနဲ့ HIVရောဂါသည်တွေမှာဆို ပိုမိုပြင်းထန်စွာခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ?
အစားအစာများကို မစားသုံးမှီ မကိုင်တွယ်မှီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပါ ။

အစားအစာများကို သေချာစွာ ကျက်အောင်ချက်ပြုတ်ပါ ။

ချက်ပြုတ်ပြီးသားအစားအစာများကိုလဲ ယင်မနားအောင် ဖုံးအုပ်ထားပါ အသား , ငါး , ပင်လယ်စာများအား အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။

ယင်လုံအိမ်သာ အသုံးပြုပါ အိမ်သာတက်ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ ။

ရောကိုကျိုချက်၍ သောက်ပါ။ အသည်းရောင်အသားဝါAပိုးဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာ အသည်းရောင်အသားဝါAပိုးကာကွယ်ဆေးထိုးပါ ။

အသည်းရောင်အသားဝါ Bပိုး သို့မဟုတ် Cပိုးရှိတဲ့သူတွေကို အသည်းရောင်အသားဝါAပိုးမဖြစ်အောင် အသည်းရောင်အသားဝါAပိုးကာကွယ်ဆေး ကြိုထိုးထားပါ။

Name Dr. Mie Mie Kyaw
Degrees M.B.B.S (YGN)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address Parami General Hospital, Yangon
en_US