Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517
မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး
ရေးသားသူ : ဒေါ်သဲလ်မာထွန်းသိန်း (အာဟာရဗေဒပညာရှင်)
မိခင်နို့ထဲတွင် ကလေးငယ်အတွက် သင့်တော်တဲ့ အစာ အာဟာရ များအဖြစ် ဗီတာမင်များ၊ သတ္တုဓါတ်များ၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မည့် အစာအာဟာရများကို လုံလောက်စွာ ရရှိနိုင်မည့်အပြင် ကလေးငယ် တစ်ယောက် မှန်ကန်စွာ ကြီးထွားဖို့ အတွက် လိုအပ်သော ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု၊ မိခင်နှင့်ကလေး ကြားနွေးထွေးထိတွေ့မှုတို့ကိုပါ အလုံအလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။
WHO/UNICEF ရဲ့ စစ်တမ်းကောက်ယူမှုအရ မိခင်နို့တိုက်ကျွေးခြင်းဖြင့် နှစ်စဉ် ၈ သိန်းကျော်သော ကလေးငယ်များရဲ့ အသက် ကို ကယ်တင်နိုင်ပြီးတော့ ၂ သောင်းကျော်သော မိခင် များရဲ့အသက်ကိုလည်း ကယ်တင်နိုင်ကြောင်း ဆိုထားပါတယ်။ မိခင်များ အနေနဲ့လည်း မိခင်နို့တိုက်ကျွေးခြင်းဖြင့် ရင်သား ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးချို နှင့် နှလုံးရောဂါ ဖြစ်ပွားမှုများကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပထမ ၆လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် အရေးကြီးပါတယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ၏ ညွှန်ကြားထားချက်များမှာ ~
– ကလေးငယ်များ မွေးပြီးပြီးချင်း တစ်နာရီ အတွင်း မိခင်နို့ကို စတင်တိုက်ကျွေးရန် လိုအပ်ပါသည်။
– ကလေးငယ်များ မွေးကင်းစမှ ၆လ အထိမိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ညွှန်ကြားထားပါသည်။
– ကလေး အသက် ၆လ မှ စ၍ သန့်ရှင်းလတ်ဆတ်သော ဖြည့်စွက်စာများ စကျွေးရပါမည်။ မိခင်နို့ကိုလဲ အသက် ၂နှစ်နှင့်အထက်အထိ ဆက်လက်တိုင်ကျွေးရပါမည်။
ပထမ တစ်နာရီ အတွင်း မိခင်နို့တိုက်ကျွေးခြင်းက အက္ခရာ ကျလှပါတယ်
WHO အဖွဲ့အစည်းရဲ့ ကောက်နုတ်ချက် အရ၊ မွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပေးခြင်းက ကလေးငယ်လေးအတွက် အသက်အန္တရာယ်ပေးနိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
မိခင်နို့ကို တစ်နာရီထက်နောက်ကျပြီးမှ တိုက်သော ကလေးငယ်လေးများသည် တစ်နာရီ အတွင်း တိုက်နိုင်သော ကလေးငယ်များနှင့်ယှဉ်လျှင် အသက်ဆုံးရှုံးနိုင်မှုပမာဏပိုများကြောင်း လေ့လာတွေ့ရှိရပါသည်။
မွေးမွေးပြီးချင်း တစ်နာရီအတွင်း နို့ချိုုတိုက်ကျွေးချိန် မိခင်နှင့်ကလေး အသားချင်းထိစပ်နေခြင်းက ရင်သွေးလေးအတွက်ရော မေမေအတွက်ပါ လွန်စွာအရေးပါလှပါတယ်။ ဒီအကြောင်းကို သင့်အသိမိတ်ဆွေ၊ ကိုယ်ဝန်ဆောင်မေမေများကို ဖြန့်ဝေပေးပါက သူတို့အတွက် များစွာအကျိုးရှိစေမှာပါ။
အလုပ်တစ်ဖက်နဲ့ ခေတ်သစ်မေမေများ
ယနေ့ခေတ်ရဲ့ လိုအပ်ချက်တွေအရ အလုပ်ထွက်လုပ်နေကြတဲ့ ခေတ်သစ်မေမေများဟာ
· ကလေးကို နို့တိုက်ချိန်မရတာတစ်ကြောင်း
· ဝန်ထမ်းများအတွက်ထောက်ပံ့မှုနည်းပါတာတစ်ကြောင်း
· နို့ရည်ညှစ်ပြီးထိမ်းသိမ်းရန်နည်းမျာစနစ်တကျမသိရှိခြင်း
· သန့်သန့်ရှင်းရှင်းထားရန်နေရာမရှိခြင်း
စသည့်အကြောင်းရင်းများကြောင့်လည်းကောင်း၊ မိမိရင်သွေးလေးကို မိခင်နို့တိုက်ကျွေးဖို့ ပျက်ကွက်နေ ကြရပါတယ်။ လုပ်ငန်းခွင်က အလုပ်ရှင်များ၊ ဝန်ထမ်းများမှ နို့တိုက်မိခင်ဝန်ထမ်းအတွက် ကူညီဖေးမမှု များပြုလုပ်ပေးခြင်းကလဲ မိခင်နို့အောင်မြင်စွာ တိုက်ကျွေးနိုင်ရေးအတွက် များစွာအထောက်အကူရစေမှာ ဖြစ်ပါတယ်။
ဆရာဝန်၊သူနာပြုစသောကျန်းမာရေးဝန်ထမ်းများ၏အရေးပါမှု
လေ့လာချက်တွေ့ရှိချက်တွေအရ ကလေးမေမေတွေရဲ့ အနီးလက်လှမ်းအမှီမှာ ခင်ပွန်းဖြစ်စေ၊ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်စေရှိနေခြင်းဟာ မိခင်နို့တိုက်ကျွေးရေးအတွက် များစွာလွှမ်းမိုးထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်၊ သူနာပြုတွေဟာမိခင်နှင့်ကလေးများအတွက် ကျန်းမာပျော်ရွှင်တဲ့အနာဂတ်ဖြစ်စေဖို့အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ မိခင်နို့အောင်မြင်စွာတိုက်ကျွေးနိုင်ပြီးသာယာကျန်းမာတဲ့ မိသားစုဘဝတွေရရှိစေဖို့ ဆရာဝန်၊ သူနာပြုတွေရဲ့ တိုက်တွန်းအကြံပေးချက်များ၊ ကူညီဆောင်ရွက်ပေးမှုများဟာ များစွာထိရောက်မှုရှိနေမှာပါ။