Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524
မြင်သူတိုင်း ပြုံးပျော်ရွှင်ပြီး ဝိုင်းအုံချစ်ရလောက်တဲ့ ကလေးပုံလေးမျိုး မိမိကလေးလေးကို ဖြစ်စေချင်လား?
ကလေး က စိတ်ရော၊ကိုယ်ရော ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတယ်ဆိုရင် ကျန်းကျန်းမာမာ ရှိလို့ပဲပေါ့။
ကလေးဆိုတာ မွေးကင်းစကနေ အရွယ်ရောက်တဲ့အထိ တယုတယနဲ့ ပျိုးထောင်ရတဲ့ ကိုယ့်ရဲ့ ရင်သွေးမျိုးစေ့လေးပဲ မဟုတ်ပါလား။ကလေးက နဂို ရှိရမယ့် အရွယ်မှာ နဂို အရွယ်မရှိဘဲ ကြီးထွားမှု နှေးနေတာတို့ လူက မထွားလာတာတို့ဆို ဖေဖေမေမေတို့ စိတ်မချမ်းသာရပါဘူး။
ကလေးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ ဘာတွေလိုမလဲ၊ ဘာတွေလုပ်ရမလဲ သိထားရင် ကိုယ့်ရဲ့ ရင်သွေးမျိုးစေ့လေးကို သေချာပြုစုပျိုးထောင်နိုင်ပြီပေါ့။
ကလေးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပါ။
ချစ်ခြင်းတရားနဲ့ ကြီးပြင်းလာတဲ့ ကလေးဟာ ခန္ဓာကိုယ်ရော ဉာဏ်ရည်ပါ ဖွံ့ဖြိုးတိုးတက်တာ အားကောင်းပါတယ်လို့ လေ့လာတွေ့ရှိချက်တွေက သက်သေပြနေပါတယ်။
ဆော့ကစားပါ။
ကလေးအရွယ်ဆိုတာ လှုပ်ရှားဆော့ကစားတာကနေ ဖွံ့ဖြိုးကြရပါတယ်။ လက်ကို ဘယ်လိုလှုပ်တာ လမ်းဘယ်လိုလျှောက်တာ သေးသေးလေးက အစ ဆော့ကစားရင်းနဲ့ ကြွက်သားတွေ အရိုးတွေ ကြီးထွားသန်မာလာတာပါ။
အာဟာရ
ခန္ဓာကိုယ်ကြီးထွားဖို့ဆိုတာ အာဟာရ ကောင်းကောင်းရရှိဖို့လိုပါတယ်။ မွေးကာစကနေ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
အသက်ခြောက်လ နောက်ပိုင်း ဖြည့်စွက်စာကို အသက်အရွယ် အပိုင်းအခြားအလိုက် အာဟာရမျှမျှတတ ဖြစ်အောင် အချိန်မှန်မှန်နဲ့ စနစ်တကျဖြစ်အောင် ကျွေးသင့်ပါတယ်။
အာဟာရမျှမျှတ ဖြစ်ဖို့ (၁)ကောက်ပဲသီးနှံအုပ်စု (၂)အသားငါးအုပ်စု (၃)အသီးအရွက်အုပ်စု (၄)သစ်သီးအုပ်စု (၅)နို့နှင့် နို့ထွက်ပစ္စည်းအုပ်စု စတဲ့ အစာအုပ်စု ငါးခုကို မျှမျှတတကျွေးသင့်ပါတယ်။
ကာကွယ်ဆေး
ကလေး မွေးကင်းစကနေ အသက်အရွယ်အလိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ချမှတ်ထားတဲ့ ကာကွယ်ဆေး အစီအစဉ်ကို သေချာလိုက်နာပါ။ မတော်တဆ ရောဂါပိုးတွေ ကလေးကို ကူးစက်သွားရင် ကလေးခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို နောက်ကျစေပါတယ်။
ကျန်းမာရေး
ကလေးတိုင်း နေမကောင်းတဲ့ အချိန်တော့ ရှိကြပါတယ်။ ဥပမာ- သာမန် ချောင်းဆိုး၊ ကိုယ်ပူတာမျိုးတွေ။ ဒါမျိုး အသေးအဖွဲ နေမကောင်းတာမျိုးတွေ ရှိသလို နာတာရှည် ကျန်းမာရေးထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ cerebral palsy, cystic fibrosis စတဲ့ အခြေအနေတွေမှာ ကလေးတွေရဲ့အမြင်အကြားအာရံ ထိခိုက်မှုတွေ ဖွံဖြိုးမှုကို ထိခိုက်တာတွေ
ရှိတတ်ပါတယ်။
ပတ်ဝန်းကျင်
ကလေး ကြီးပြင်းတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း ကလေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဥပမာ – ကလေး ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုတဲ့ ကစားကွင်းတွေ၊ ပန်းခြံတွေ၊ ကလေးစောင့်ရှောက်ရေး စင်တာတွေ၊ ဂေဟာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ ဒါတွေ ရှိနေခြင်းဟာ ကလေး ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တွန်းအားတွေပါ။
ကလေး တွေ ကြီးထွားဖွံ့ဖြိုးတာ သူ့အသက်အရွယ်နဲ့ သူရှိပါတယ်။ ဖေဖေမေမေတို့ အနေနဲ့ကတော့ ကိုယ့်ကလေးဘယ်တော့ စထိုင်မလဲ၊ဘယ်တော့ စကားပြောမလဲ၊ ဘယ်တော့ လမ်းလျှောက်မလဲ အမြဲ ရင်ခုန်ပြီး စောင့်ကြည့်နေရတာမျိုးပါ။ ကလေးတွေ ကြီးထွားဖွံ့ဖြိုးတာ တစ်ခါတစ်လေ ကွာခြားတတ်ပါတယ်။
ကိုယ့်ကလေး “ပုံမှန်အတိုင်း” ကြီးထွားဖွံ့ဖြိုးရဲ့လား သိချင်ရင်တော့ တက်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။”
ကလေးကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ဆေးရုံဆေးခန်းကို သွားဖို့ အခက်အခဲ ရှိနေရင် ရင်သွေး call center ကို သတိရလိုက်ပါနော်။