Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 538

သွေးတိုးနဲ့ အယူအဆ အလွဲများ

ရေးသားသူ – Dr. Hein Thu Wai

မြန်မာနိုင်ငံရဲ့ အရွယ်ရောက်ပြီးလူဦးရေ တစ်ဝက်လောက်က သွေးတိုးရောဂါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ရောဂါ ရှိလို့ ရှိနေမှန်းမသိဘဲ သွေးတိုးရောဂါကို မထိန်းချုပ်တဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာ ပါတယ်။ တချို့ကျတော့လည်း သွေးတိုးရောဂါရှိတာ သိသိကြီးနဲ့ မဆင်ခြင်တဲ့သူတွေလည်း ရှိပါသေးတယ်။

နေ့စဉ်စားသောက်နေတဲ့ Lifestyle ကို ဂရုစိုက်ဖို့ရယ် သွေးပေါင်ပုံမှန် ချိန်နေဖို့ နဲ့ သွေးတိုးရောဂါ ရှိကြောင်း အသိပညာပေးဖို့တွေ လုပ်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ဒါ့အပြင် သွေးတိုးနဲ့ ပက်သက်ပြီး အယူအဆ အလွဲ၊ အသိပညာ အလွဲတွေကလည်း လူထုထဲ ပြန့်နှံ့နေပါသေးတယ်။

၁) သွေးတိုးဆိုတာ လူငယ်တွေမှာ မဖြစ်တတ်ဘူး။ တကယ်လို့ လူငယ်တွေမှာပါ သွေးတိုးဖြစ်တယ်ဆို ဘာကြောင့်တွေလဲ။ သွေးတိုးမဖြစ်အောင် ကာကွယ်နိုင်မှာလား။

လူအများစုတွေးတဲ့ အကြောင်းထဲမှာ သွေးတိုးတယ်ဆိုတာ အသက် ၄၀ ကျော်တွေပဲ ဖြစ်တာ၊ လူငယ်တွေအနေနဲ့ သွေးတိုးမဖြစ်နိုင်ဘူးလို့ ယူဆနေကြတယ်။

တကယ်တော့ သွေးတိုးဟာ အသက်အရွယ် ကြီးလာတာနဲ့ အတူ သွေးတိုးဖြစ်ဖို့ ပိုများတယ်ဆိုပေမယ့် အသက်အရွယ် မရွေး သွေးတိုးရောဂါဟာ ဖြစ်နိုင်ပါတယ်။ လူငယ် ၅ ယောက်မှာ ၁ ယောက်ဟာ သွေးတိုးရှိနေတတ်ပါတယ်။

အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ Lifestyle တွေဟာ သွေးတိုးဖြစ်နိုင်ခြေ ကို ပြောင်းလဲနိုင်ပါတယ်။ နေ့စဉ်စားသောက်နေထိုင်မှု ပုံစံ Healthy Lifestyle ကျင့်သုံးပေမယ့် တခါတလေ သွေးတိုး ဖြစ်တယ်ဆိုတာ ပြောင်းလဲလို့ မရတဲ့ အသက်အရွယ် နဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်တတ်ပါတယ်။

ဒါပေမယ့် သွေးတိုးဖြစ်နိုင်ခြေ များတဲ့ သူတချို့ ခန္ဓာကိုယ် အလေးချိန်လျော့မယ်၊ အစားအသောက် ပုံစံပြောင်းမယ်၊ ဆေးလိပ် အရက်မသောက်ဘူး၊ နေ့စဉ် လေ့ကျင့်ခန်းလိုက်စားမယ်၊ ဒါတွေ လုပ်ရင်းနဲ့ မျိုးရိုးမှာ သွေးတိုးဖြစ်နိုင်ခြေ များပေမယ့် သွေးတိုးမဖြစ်တဲ့ သူတွေလည်းရှိပါတယ်။ ဒါကြောင့် Lifestyle ပြောင်းလဲတာက သွေးတိုးမဖြစ်ဖို့ ဟန့်တားပေးပါတယ်။

၂) သွေးတိုးက ယောက်ျားတွေမှာ ဖြစ်ဖို့ပိုများတယ်။
သွေးတိုးက ယောက်ျားတွေမှာ ဖြစ်ဖို့က မိန်းမတွေထက် ပိုများတယ်လို့ အထင်မှားနေကြတယ်။ တကယ်က ယောက်ျား မျိုးရိုးဗီဇနဲ့ မိန်မး မျိုးရိုးဗီဇ တို့အရဆိုရင် သွေးတိုးဖြစ်ဖို့ အန္တရာယ်တွေအတူတူပါပဲ။

ဒါ့အပြင် မိန်းမတွေမှာ သွေးဆုံးပြီးရင် သွေးတိုးဖြစ်နိုင်ခြေ ပိုတိုးပါတယ်။ မြန်မာနိုင်ငံ အမြင်မှာ ယောက်ျားတွေက သွေးတိုး ပိုဖြစ်တယ်ဆိုပြီး မြင်နေတာ စားသောက်နေထိုင်ပုံကြောင့် ဖြစ်ဖို့ ပိုများပါတယ်။ အရက်သောက်သုံးတာ၊ ဆေးလိပ်သောက်တာ ဒါတွေက သွေးတိုးဖြစ်ဖို့ အားပေးတဲ့ အကျင့်တွေပါပဲ။

၃) မိတ်ဆွေတစ်ယောက်က သွေးတိုးကျဆေးဆိုပြီးပြတယ်။ အရမ်းကောင်းတယ်တဲ့။ ဘယ်နိုင်ငံက ထုတ်တာ။ သူလည်းသွေးတိုးပဲ သောက်ကြည့်ဖို့ကောင်းတယ်။

သွေးတိုးရောဂါအတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ ဆေးတွေမျိုးစုံရှိပါတယ်။

တချို့ကျတော့လည်း မိတ်ဆွေကလည်း သွေးတိုး၊ သူကလည်း သွေးတိုး ရောဂါတူတာပဲ ဆေးနည်းလည်း တူမှာ။ အဲ့တော့ သောက်ကြည့်မယ် ဆိုတာမျိုးက မမှန်ပါဘူး။

ရောဂါခြင်းတူပေမယ့် လူမတူပါဘူး။ ဆေးပညာမှာ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ လူကို ကုသပါ၊ ရောဂါကိုပဲ မကုသရပါ။ ဆေးဝါးတစ်မျိုးနဲ့ တစ်မျိုး ဘေးထွက်ဆိုးကျိုး မတူပါဘူး။

ဆရာဝန်အနေနဲ့ လူနာနဲ့ သင့်တော်မယ့်ဆေးကို အဘက်ဘက်က စဉ်းစားပြီး ပေးလေ့ရှိပါတယ်။  ဒါကို မိမိသဘောနဲ့ မိမိ ဆေးပြောင်းသောက်တာ အန္တရာယ်ရှိပါတယ်။

၄) ဆေးခန်းမှာ ဆရာဝန်နဲ့ပုံမှန်ပြနေတာပဲ။ အိမ်မှာ သွေးပေါင်ချိန်ဖို့ မလိုပါဘူး။
ဆေးခန်းမှာ ဆရာဝန်နဲ့ ပြတယ်ဆိုတာ ရက်အတော်ခြားတတ်ပါတယ်။ သွေးတိုးရောဂါအတွက် သွေးပေါင်ချိန်ဆိုတာ အမြဲစမ်းစစ်နေဖို့လိုပါတယ်။ သွေးပေါင်ချိန်က အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲ နေတတ်ပါတယ်။

တကယ်လို့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပြီး ရေးမှတ်ထားရင် ဆေးခန်းမှာ ပြတဲ့အခါ ဆရာဝန်အနေနဲ့ ကုသမှုက ထိရောက်လား၊ ဆေးပြောင်းပေးရမလားဆိုတာ ပိုပြီး ဆုံးဖြတ်နိုင်ပါတယ်။

၅) သွေးတိုးရှိတယ်

ဒါပေမဲ့ သွေးပေါင်ချိန်ကို မတက်အောင် ထိန်းနိုင်တာ ကြာလှပြီ။ ဆေးတွေ ဆက်သောက်စရာ မလိုလောက်တော့ဘူး။ သွေးတိုးကပျောက်နေပြီ။

ဒါတော်တော်များများ အထင်မှားတဲ့အယူအဆပါပဲ။ သွေးပေါင်ချိန်ကို ထိန်းနိုင်တာ နှစ်နဲ့ချီကြာနေပြီ။ သွေးတိုးပျောက်ပြီပေါ့။ ဒီလို တွေးထင်ပြီး သောက်နေကျဆေးကို မသောက်တော့ဘဲ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တတ်ကြပါတယ်။

တကယ်တော့ သွေးတိုးက မပျောက်ပါဘူး။ သောက်နေကျဆေးတွေကြောင့် သွေးပေါင်ချိန်ကို ထိန်းနိုင်တာပဲဖြစ်တယ်။ ဒါကြောင့် သောက်နေကျ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မဖြတ်သင့်ပါဘူး။

၆) သွေးတိုးရှိရင် ခေါင်းမူးတာတို့ ပျို့အန်တာတို့ အသက်ရှုကြပ်တာတို့ ပင်ပန်းတာတို့ ဖြစ်တယ်။

ကျွန်တော်/ကျွန်မ မှာ ဒါမျိုးလက္ခဏာ တွေမရှိဘူး။ ဒါကြောင့် သွေးတို့မရှိလောက်ပါဘူး။

ဒါမျိုးက များသောအားဖြင့်အနည်းငယ် ပညာတတ်တဲ့ လူနာတွေ။ သူတို့ဘာသာ ရောဂါလက္ခဏာတွေကို လေ့လာပြီး ကိုယ်ဘာသာ ရောဂါရှိမရှိ သတ်မှတ်တာပါပဲ။ တကယ်တော့ သွေးတိုးမှာ ရောဂါလက္ခဏာ မပြတာလည်း ရှိပါတယ်။

ဒီလို ရောဂါလက္ခဏာမပြတဲ့အခါ ကိုယ့်ဘာသာ နေကောင်းတယ်ထင်ပြီး ဆင်ခြင်ဖို့လိုတာတွေ မလုပ်မိတတ်ကြဘူး။ အဲ့ဒီအခါ ရုတ်တရတ် နှလုံးရပ်တာတို့ လေဖြတ်တာတို့ ဖြစ်တတ်ကြပါတယ်။

ဒါကြောင့်လည်း သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ ခေါ်ကြတာပါပဲ။

နာမည် Dr. Hein Thu Wai
Degrees M.B.,B.S (UM1), DBS (YUEco), DMA I (YUEco), DIp. English (SEAMEAO)
Biography
Topic
  • အဖြစ်များသော ကျန်းမာရေးပြသာနာများအကြောင်း
Address 126, Sint Oh Dan Street, Latha, Yangon
my_MM